Monday, July 9, 2018

ယဉ်ကျေးမှုစလေ့ထုံးတမ်းများကိုထိန်းသိမ်းတတ်သောလူမျိုးဖြစ်ပါစေ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၉)ရက်

Photo - Credit
ပအိုဝ်းတိုင်းရင်းသားများ၏ လူနေမှုဘဝသည် သမိုင်းကြောင်းခိုင်မာထင်ရှားခြင်းရှိသကဲ့သို့ မှေးမှိန်ခြင်းများဖြင့်လည်း မကင်းနိုင်ခဲ့ပေ။ “ မှန်ကင်းတစ်လှည့်ထင်းတစ်လှည့်” ဟူသောစကားသည် ပအိုဝ်းတိုင်းရင်းသားများ၏ ဘဝအတွက်လုံလောက်သောစကားဟုဆိုနိုင်ပါသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ လူနေမှုဘဝဖြစ်စဉ်သမိုင်းကြောင်းမှာ ရှည်လျားလှသည့်အလျောက် မှတ်တမ်းတင်ရန် လိုအပ်နေသော အကြောင်းအရာများမှာ မကုန်နိုင်အောင်များပြားနေပါသည်။ ပအိုဝ်းဟူသည် ပျူနှင့်ထပ်တူဖြစ်သော ဝေါဟာရပင်ဖြစ်ကြောင်း သမိုင်းသုတေသီတို့ သတိမမူမိခဲ့ကြပေ။ ပအိုဝ်းနှင့် ပျူအဓိပ္ပါယ်တူကာ လူမျိုးတစ်မျိုးတည်းပင်ဖြစ်ကြောင်း ဤနေရာတွင် အကျယ်တစ်ဝင့်ထပ်မံရှင်းပြရန် မလိုအပ်ဟုယူဆပါသည်။ ပအိုဝ်းအကြောင်းပြောလျှင် ပျူအကြောင်းပင်ပြောဆိုခြင်းဖြစ်သကဲ့သို့ ပျူအကြောင်းပြောလျှင် ပအိုဝ်းအကြောင်းကိုပင် ပြောဆိုနေသည်ဟု နားလည်ရမည်ဖြစ်ပါသည်။

ပျူခေတ်အခါက အံ့သြလောက်ဖွယ်ကောင်းသော အနုပညာလက်ရာများကို ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအဖြစ် အမွေပေးထားနိုင်ခဲ့ကြလေသည်။ ပျူတို့သည် ယဉ်ကျေးသိမ်မွေ့ပြီး တီထွင်ကြံဆတတ်သော အသိဉာဏ်ပညာများနှင့် ပြည့်စုံခဲ့ကြပြီးဖော်ရွေသောလူမျိုးများ အကြင်နာတရား ဂရုဏာတရားများနှင့်လည်း ပြည့်စုံသောလူမျိုးများဖြစ်သည်။ ပျူတို့၏ပန်းဆယ်မျိုးဝင် အနုပညာလက်ရာဟောင်းများသည် အံ့မခန့် နိုင်လောက်အောင်ပင် လက်ရာမြောက်၍ အဆင့်အတန်းမြင့်မားခဲ့သည်ကို ယနေ့တိုင် မျက်ဝါးထင်ထင် မြင်တွေ့နေရပါသေးသည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးတို့၏ ဆင်ယင်ထုံးဖွဲ့မှုသမိုင်းကြောင်းကို ပြောပါဟုဆိုလျှင် အမျိုးသား၊ အမျိုးသမီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုအကြောင်းကိုသာ စတင်ပြော ဆိုရမည် ဖြစ်ပါသည်။

မိမိတို့ပအိုဝ်းလူမျိုးများသည် အနက်(သို့မဟုတ်) နက်ပြာရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အနက်ရောင်၊ နက်ပြာရောင်ဝတ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကိုစုပ်ယူနိုင်ခြင်း၊ အေးသောရာသီဥတု ဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှုသက်သာခြင်း စသည်တို့ကြောင့်ပင်ဖြစ်သည်။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏မူပိုင်အရောင်ပင်ဖြစ်လေသည်။ ပအိုဝ်းလူမျိုးများသည် အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံကို ညီညာစွာဝတ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင်ကင်းသည်ကို တွေ့ရပေသည်။ အမျိုးသားတို့၏ဝတ်စုံသည် ဘောင်းဘီပွ၊ အေပၚအက်ႌ(တိုက္ပုံအက်ႌ) အနက်ရောင်၊ နက်ပြာရောင်ဝတ်ဆင်ပြီး အတွင်းတွင် အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ကြသည်။ ခေါင်းပေါင်းရောင်စုံကို ပေါင်းထားကြပြီး ပခုံးထက်တွင် “တောင်းပွို” (ခေါ်)လွယ်အိတ်ကိုလွယ်လေ့ရှိသည်။ ပအိုဝ်းအမျိုးသမီးတို့၏ဝတ်စုံမှာ အခြားတိုင်းရင်းသူများနှင့်မတူဘဲ ထူးခြားလျက်ရှိသည်။ ပအိုဝ်းအမျိုးသမီးဝတ်စုံတွင် ခေါင်းပေါင်းပုဝါ အပါအဝင် အင်္ဂါငါးရပ်ရှိသည်ကို တွေ့ရသည်။ ၎င်းတို့မှာ အနက်(သို့မဟုတ်)နက်ပြာရောင် သင်တိုင်း အင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမိန်၊ ခြေသလုံးပတ် စသဖြင့် အဆင့်ဆင့်ဝတ်ဆင်ကြသည်ကို ပြည်ထောင်စုထဲကပအိုဝ်းစာအုပ်တွင် အကျယ်တစ်ဝင့် ဖော်ပြထားသည်ကို လေ့လာဖတ်ရှုခဲ့ရပါသည်။

ပအိုဝ်းအမျိုးသမီးတို့၏ အခြေခံဆင်ယင်ထုံးဖွဲ့မှု (သို့မဟုတ်) ယနေ့ခေတ်တိုင် မရိုးနိုင်မအီနိုင်အောင် ဆင်ယင်ထုံးဖွဲ့မှုကို သာဓကပြပါဟုဆိုလျှင် ဆံပင်ကိုထိပ်လည်တွင် မြင်အောင်ထုံးလေ့ရှိခြင်းပင်ဖြစ်သည်။ ထိုအပြင်အဆင်သဘာဝအလှအပကို  ရုတ်တရက်မြင်နိုင်ရန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် တဘက်ဖြင့် ဦးခေါင်းမှဆံထုံးကိုဖုံးကွယ်ပြီး ပတ်ထားလေ့ရှိသောကြောင့်ဖြစ်သည်။ သို့သော် တဘက်ခေါင်းပေါင်းကြားမှ နဂါးမောက်သဏ္ဍာန်(အချွန်)နှင့် နဂါးမျက်လုံးသဏ္ဍာန် (သို့မဟုတ်) ဝိဇ္ဇာမိုလ် ဦးခေါင်းသဏ္ဍာန် (အဝိုင်း)ပုံ ရွှေဖြင့်ပြုလုပ်ထားသော ̏ ကတူ;ဆဲ့,(ခေါ်)ဆံထိုး˝ တစ်စုံကိုအထင်အရှား တွေ့မြင်နိုင်လေသည်။ ထိုနဂါးမောက်သဏ္ဍာန်(အချွန်)နှင့် နဂါးမျက်လုံးသဏ္ဍာန် (သို့မဟုတ်) ဝိဇ္ဇာမိုလ် ဦးခေါင်းသဏ္ဍာန် ဆံထိုးအဝိုင်း တစ်စုံအနက် တစ်စုံတွဲ၍ ထိုးလေ့ရှိသကဲ့သို့ အချွန်နှစ်ခု၊ သုံးခု(သို့မဟုတ်) အဝိုင်းနှစ်ခုသုံးခု စသည်ဖြင့် ကြွယ်ဝချမ်းသာမှုနှင့် နှစ်သက်ရာဆင်ယင်လေ့ရှိကြပါသည်။ ထိုအသွင်သဏ္ဍာန်များသည် ယနေ့တိုင် မရိုးနိုင်အောင် ဆင်ယင်လေ့ရှိသော ဝတ်စားဆင်ယင်မှုဆိုင်ရာ ယဉ်ကျေးမှုသမိုင်းတစ်ခုဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ယနေ့ပအိုဝ်းအမျိုးသမီးများ၏ ဆံထုံးတွင် ဆံထိုးများအဖြစ် ဆင်ယင်လေ့ရှိသော “ကတူ;ဆဲ့,˝ ပြုလုပ်သုံးစွဲမှုဓလေ့သည် ပျူခေတ်ဟု ကြီးကျယ်ထင်ရှားခဲ့စဉ်ကပင် ဖြစ်ကြောင်း ဆိုနိုင်ပါသည်။

လူသားတို့သည် တစ်ဦးတစ်ယောက်တည်း နေထိုင်ရန်မဖြစ်သောကြောင့် မိသားစုများ၊ အဖွဲ့အစည်းများ၊ လူမှုအသိုက်အဝန်းများဖြင့် နေထိုင်ရခြင်း တို့ကြောင့် လူမျိုးတစ်မျိုးရယ်ဟု ပေါ်ထွက်လာခြင်းဖြစ်သည်။ လူမျိုးတစ်မျိုးဟု ဖြစ်လာပြီဆိုပါက မိမိလူမျိုး မပျောက်မပျက်၊ လူသားအားလုံးတို့ နေထိုင်ရာကမ္ဘာ့လောကအလယ်တွင် မိမိတို့လူမျိုးရေရှည်တည်တံ့နိုင်ရန်အတွက် မိမိလူမျိုးတို့၏ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို တည်ထွင်ဖန်တီးလာခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ အနက်ရောင်ဝတ်စား ဆင်ယင်မှုကို ခုံမင်နှစ်သက်စွာ ဝတ်ဆင်လျက်ရှိကြသည်။ အထူးသဖြင့် အလှူပွဲများကျင်းပချိန်တွင် အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံများဖြင့် စည်းလုံးညီညွတ်စွာ ဝတ်ဆင်ကြသည်ကို မြင်တွေ့နေရပါသည်။ သို့သော်အချို့သောအရပ်ဒေသများတွင် ပအိုဝ်းဘာသာစကားကိုပင် ပြောဆိုမှုနည်းပါးသည်ကို တွေ့နေရပါသည်။

ယနေ့လူသားများသည် အတိတ်လူသားများ တီထွင်ဖန်တီးထုတ်လုပ်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားမြတ်နိုးကြပြီး မပျောက်မပျက်အောင် ထိန်းသိမ်းရန် တာဝန်ရှိသကဲ့သို့ မိမိလူမျိုးတို့၏ သမိုင်းကြောင်းများကိုလည်း သိရှိထားရန်လိုအပ်ပေသည်။ “မြေမြို၍လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်သည်”ဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများနှင့် မိမိလူမျိုးများ၏ သမိုင်းများကို ထိန်းသိမ်းမှုမရှိခြင်း၊ စောင့်ရှောက်မှုများမပြုလုပ်ခြင်းသည် လူမျိုးပျက်သုန်း ပျောက်ကွယ်သွားခြင်း၏ လမ်းစပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးများအနေဖြင့်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုလည်း ထိန်းသိမ်းတတ်ရန် တာဝန်ရှိသကဲ့သို့ လူတိုင်းတာဝန် သိရန်လိုပါသည်။ ထို့သို့ ထိန်းသိမ်းရာတွင် အဆို၊ အက၊ အရေး၊ အတီးများထိန်းသိမ်းရန်လိုသကဲ့သို့ မိမိလူမျိုးတို့၏ ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများကိုလည်း ထိန်းသိမ်းတတ်ရန်လိုပါသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အသက်သွေးကြောဖြစ်သဖြင့် မိမိတို့လူမျိုး၏ယဉ်ကျေးမှု မတိမ်ကောမပျောက်ကွယ် စေရန် မိမိလူမျိုးတို့၏ ဘာသာစကားကို ပြောဆိုခြင်းနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပေသည်။

ပအိုဝ်းလူမျိုးတို့၏ ရိုးရာဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုများကို ခေတ်အဆက်ဆက်မှ လူကြီးများက မပျောက်ပျက်အောင်ထိန်းသိမ်းလာခဲ့ကြသော်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်နိုင်ငံတော်ကြီးနှင့် အတူ လွမ်းမိုးလာသည့် အနောက်တိုင်းယဉ်ကျေးမှုတို့ကြောင့် ယနေခေတ်တွင် ပအိုဝ်းလူငယ်များသည် မိမိတို့၏ ဆင်ယင်ထုံးဖွဲ့မှု ဖြစ်သည့် ရိုးရာအဝတ်အစားများကို ထိန်းသိမ်းရန် တာဝန်ပျက်ကွက်လာခဲ့သည်။ အခြားတစ်ဖက်အနေဖြင့် မြင်တွေ့နေရသညများမှာ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့၏ကုန်ပစ္စည်းများ ရောင်းအားကောင်းစေရန်အတွက်သာ အဓိကထားပြီး မိမိပအိုဝ်းလူမျိုးများ၏ အဝတ်အစားများကို ဒီဇိုင်းအမျိုးမျိုးဖော်ထုတ်ကာ ဈေးကွက်တွင်ရောင်းချနေသည်ကို တွေ့မြင်နေရပါသည်။ ထို့ကဲ့သို့ စီးပွားရေးလောဘရမက်များကြောင့် ပအိုဝ်းလူမျိုးများ၏ ရိုးရာဝတ်စုံကို အနောက်တိုင်း ယဉ်ကျေးမှုနှင့် နှိုင်းယှဉ်အတုခိုးလာပြီး အတို၊ အကွဲများ ပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် မိမိပအိုဝ်းလူမျိုးတို့၏ ဝတ်ဆားဆင်ယင်ထုံးဖွဲ့မှု သမိုင်းကြောင်းကိုကောင်းစွာ မသိနားမလည်သည့် ပြည်ပရောက် ပအိုဝ်းလူငယ်များ အသစ်အဆန်းဖြစ်၍ စတိုင်ဖြစ်သည်ဟုပင် နားလည်းထားကြပြီး မိမိလူမျိုးတို့၏ ရိုးရာဆင်ယင်ထုံးဖွဲ့မှုကို ထိန်းသိမ်းရန်မေ့နေကြသည်။ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို လွတ်လပ်စွာဖန်တီးပိုင်ခွင့်ရှိသကဲ့သို့ အမြင်ကွဲလွဲပိုင်ခွင့်ရှိသော်လည်း မိမိကိုယ်ကျိုးအတွက်ဖြင့် မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ မပျောက်မပျက်သွားအောင် ထိန်းသိမ်းတတ်ရန်လိုအပ်ပါသည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအသိကို လူမျိုးတိုင်းက ခံယူနားလည်ထားကြရမည်။

လူမျိုးတိုင်းသည် မိမိတို့၏ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ တိုးတက်စေရန် ကြိုးပမ်းခြင်းများပြုလုပ်လျက်ရှိနေကြသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ ဘဝတည်ဆောက်ပြုပြင်ပုံ၊ ဘဝပုံစံပင်ဖြစ်သောကြောင့် ပအိုဝ်းလူငယ်များအနေဖြင့် ဘိုးဘွားလက်ထက်မှ တီထွင်ဖန်တီးထုတ်လုပ်ခဲ့သော ရိုးရာဝတ်စားဆင်ယဉ်မှုများကို မြတ်နိုးတန်ဖိုးထားပြီး မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ကိုယ်စီရှိကြပါသည်။ ပအိုဝ်းလူမျိုးမှန်လျှင်မိမိလူမျိုးကို ချစ်မြတ်နိုးရမည့်အပြင် မိမိတို့၏ ဘာသာစကားပြောဆိုရန်မရှက်မကြောက် ပြောဆိုနိုင်ရန်လိုအပ်သကဲ့သို့ မိမိလူမျိုးများ၏ မြတ်နိုးတန်ဖိုးထားသည့် ရိုးရာဝတ်စားဆင်ယဉ်မှု (အဝတ်အစား)များကိုလည်း ရဲရဲဝံ့ဝံ့ဝတ်ဆင်ရန်လိုအပ်ပါသည်။ ခေတ်စနစ်အခြေအနေအရ ရိုးရာအပြင်အဆင်များ ဆင်ယင်ထုံးဖွဲ့မှုများသည် ပြောင်းလဲနေမည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အရိုးကိုအရွက်ဖုံးစေရန် ရိုးရာအစဉ်အလာများကို အတတ်နိုင်ဆုံး ထိန်းသိမ်းတတ်ရန်မှာ လိုအပ်သောသမိုင်းပေးတာဝန်တစ်ခုပင် ဖြစ်နေသည်ကို ပအိုဝ်းလူမျိုးတို့အားလုံးအနေဖြင့် မှတ်ထားရမည်ဖြစ်သည်။

ကိုးကားချက်။ ။ပြည်ထောင်စုထဲကပအိုဝ်း
ခွန်လိုရဲုင်း
လွယ်ကောင်း
Powered by Blogger.