အမျိုးသားနိုင်ငံရေးဆိုသောအရာသည် အမျိုးသားရေးနှင့် နိုင်ငံရေးဟူသော အကြောင်းအရာပေါင်းစပ်ထားခြင်းကြောင့် အမျိုးသားနိုင်ငံရေးဟု သုံးစွဲလာကြသည်။ အမျိုးသားရေးဟုဆိုရာတွင် ဆိုင်ရာမျိုးနွယ်စု လူမျိုးတစ်မျိုး၏အရေး၊ ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏အရေးဟု လွယ်လွယ်နှင့် သိနားလည်နိုင်ပါသည်။ မိမိတို့၏ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးကို ဖော်ဆောင်ရေးပင်ဖြစ်သည်။ အမျိုးသားရေးနှင့်အတူ တွဲလျက်ပါရှိသည့် နိုင်ငံရေးဆိုသောအရာသည် လူတိုင်းသိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မည်။ လူတိုင်းနှင့်လည်း နေ့စဉ်နှင့်အမျှ ပတ်သက်ဆက်နွယ်နေသည့်အကြောင်းအရာ၊ အရေးအရာပင်ဖြစ်သည်။ သို့သော် အစိုးရကိုအတိုက်အခံလုပ်ခြင်း၊ အခြားသူကို ဝေဖန်ပုတ်ခတ်ခြင်းသည် နိုင်ငံရေးလုပ်သည်ဟု မှားယွင်းသည့် အယူအဆရှိနေခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ လွတ်လပ်မှုသည် စည်းကမ်းမှလာသော ကုန်ကြမ်းပစ္စည်းသဖွယ် ခံယူ၍ စိတ်ထင်ရာ ပြောဆိုဝေဖန်ခြင်းထက် လူ့ဘောင်အဖွဲ့အစည်းကို အကျိုးဖြစ်စေမည့် လွတ်လပ်စွာပြောဆိုခွင့်ကိုသာ လက်ခံကျင့်သုံးသင့်ပါသည်။
နိုင်ငံရေးသည် မိမိနှင့်မတူညီသူများကို ဆန့်ကျင်ရသည့်လုပ်ငန်းစဉ်မဟုတ်ဘဲ မတူညီသော ရပ်တည်ချက်များ၊ သဘောထားများအကြားမှာ နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေတစ်စုံတစ်ရာကို ရှာဖွေရေးသာဖြစ်သည်။ နိုင်ငံရေးအမျိုးမျိုး၏ အန္တိမရည်မှန်းချက်သည် နိုင်ငံတည်ဆောက်ရေးသာဖြစ်ပေရာ ဖြစ်နိုင်ခြေတစ်စုံတစ်ရာကို မရှာဖွေနိုင်လျှင် နိုင်ငံတည်ဆောက်ရေးသည် ဖြစ်နိုင်စရာမရှိချေ။ နိုင်ငံနှင့် လူမျိုးတိုင်းသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်ရန် တာဝန်ရှိကြပေသည်။ အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးသည် အခြေခံအချက် ဖြစ်လေသည်။ စည်းလုံးညီညွတ်ရေးသည် အင်အားဖြစ်စေသည်။ အင်အားသည် အရာရာတိုင်းအပေါ် အလိုအလျောက် လွမ်းမိုးစေနိုင်သည်။ ထို့ကြောင့်ပင် “စည်းလုံးခြင်းသည်အင်အား” ဟူသော ဆောင်ပုဒ်တွင်လာခဲ့သည်။ မည်သည့်နိုင်ငံရေးစနစ်ကိုမဆို ကျွန်ုပ်တို့အလိုအပ်ဆုံးသည် စည်းလုံးညီညွတ်ရေးပင် ဖြစ်လေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပန်းတိုင်၊ အမျိုးသားဘုံရည်မှန်းချက်ကို သွားရန် အမျိုးသားစည်းလုံးညီညွတ်ရေးရှိမှ အောင်မြင်နိုင်သည်။ ခေတ်စနစ်ကြောင့် ကျွန်ုပ်တို့သည် စည်းလုံးရမည်သိသလို ခေတ်စနစ်ကြောင့် ကျွန်ုပ်တို့ ကွဲပြဲပြိုကွဲသွားနိုင်သည်ကိုလည်း အသိဝင်ရပါမည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးသည် ရေပက်မဝင်သည့် စည်းလုံးညီညွတ်ရေး ဖြစ်ရန်လိုသည်။ မည်သူခွဲခွဲ ဒို့မကွဲသည့် စည်းလုံးညီညွတ်ရေးဖြစ်ရန်လိုသည်။
ကမ္ဘာတွင် နိုင်ငံအလိုက် ၎င်းတို့နိုင်ငံသည် စီးပွားရေး အင်အားကြီးနိုင်ငံ၊ စစ်ရေးအင်အားကြီးနိုင်ငံ၊ နိုင်ငံရေးအင်အားကြီးနိုင်ငံအဖြစ် အစဉ်တည်ဆောက်လိုနေကြသည်။ ထို့အတူ မတူကွဲပြားသော မျိုးနွယ်စုပေါင်းစုံနှင့် ယှဉ်တွဲနေထိုင်သည့် နိုင်ငံတွင်လည်း ဒေသအလိုက်၊ လူမျိုးအလိုက် ဒေသတည်ဆောက်ရေး၊ လူမျိုးတည်ဆောက်ရေးသည်လည်း အမြဲရှိနေပေသည်။ လူမျိုးတိုင်းသည် မိမိတို့လူမျိုးကို ချစ်တတ်ကြသည်။ သို့သော် ချစ်တတ်နေရုံနှင့် မလုံလောက်ဘဲ ဒေသတည်ဆောက်ရေး၊ လူမျိုးတည်ဆောက်ရေးဆိုင်ရာ လက်တွေ့ဆန်သည့် ဒေသအကျိုးစီးပွားဖြစ်ထွန်းရေး၊ လူမျိုးအကျိုးစီးပွား ဖြစ်ထွန်းရေးဆိုင်ရာ မူဝါဒနှင့်အတူ ကြိုးစားလုပ်ယူနိုင်မှသာလျင် ဒေသနှင့်လူမျိုးကို အမှန်တကယ် ချစ်တတ်ရာရောက်ပေမည်။ မိမိလူမျိုးကိုချစ်သလို အခြားလူမျိုးနှင့်လည်း ချစ်ခင်သင့်မြတ်နိုင်ရန် လိုအပ်သည်။ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီမှ ပေးအပ်သည့်အခွင့်အရေးများဖြင့် မိမိတို့၏ ပြုမူပြောဆိုနေမှုများသည် မိမိတို့အကျိုးစီးပွားကို ယုတ်လျော့စေသည်လား၊ အကျိုးစီးပွားကို ဖြစ်ထွန်းစေသည်လား၊ အတူယှဉ်တွဲနေထိုင်မှုကို ကောင်းကျိုးဆိုးပြစ်ဖြစ်စေသည်လား ဆိုသည်ကို သတိချပ်သင့်ပါသည်။
ယနေ့ ၂၁ ရာစုတွင် ကမ္ဘာသည် ရွာဖြစ်နေသည့် ခေတ်သို့ပင် ရောက်ရှိနေပါသည်။ ကမ္ဘာနှင့် ကူးလူးဆက်ဆံ ချိတ်ဆက်ဆောင်ရွက်ကြရသည်။ အများနှင့်ကိုယ် ညှိနှိုင်းဆောင်ရွက်ရပြီဖြစ်ခြင်းကြောင့် ကိုယ့်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဦးစားပေးရွေးချယ်ရတော့မည်။ ထို့အတူ မိမိတို့ မြန်မာနိုင်ငံသည် မျိုးနွယ်စုံတိုင်းရင်းသားများအကြား လူမျိုးရေးဆိုင်ရာ တန်းတူညီမျှ ဖြစ်ရေးအတွက် ပေးဆပ်ခြင်း၊ ရယူခြင်းကို အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးအဖြေရှာ ရယူကြရသည်။ ဤသို့သော အခြေအနေတွင် နိုင်ငံတည်ဆောက်ရေးအတွက် နိုင်ငံအပေါ်စေတနာထား ပေးဆပ်ခြင်းနှင့်အတူ အခြားတစ်ဖက်တွင် တစ်ကျပ်တန်ရာ၊ နှစ်ကျပ်တန်ရာ ထိုက်သင့်သည့် ကိုယ့်အမျိုးသားရပိုင်ခွင့်၊ ကိုယ့်အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးကိုလည်း မမေ့မလျော့ ချဉ်းကပ်ရပါမည်။ တစ်ကျပ်တန်ရာ ရလျင်ပင် မိမိတို့အမျိုးသားအကျိုးစီးပွားအတွက် တစ်ကျပ်အမြတ်ပင်ဖြစ်သည်။ စစ်ရေးကို အရေးနိမ့်လျင် အချိန်မရွေး ပြန်လည်တိုက်ယူနိုင်သော်လည်း နိုင်ငံရေးအရေးနိမ့်လျှင် အခွင့်အခါရောက်မှသာ မသေချာ မရေရာမှုများစွာ၊ ငြင်းခုံမှုများစွာ၊ အမုန်းတရားများစွာနဲ့သာ ပြန်လည်ရယူကြရသည်။ လိုအပ်ပါက သွေးထွက် နိုင်ငံရေးစနစ်ကိုပါ ကျင့်သုံးတတ်ရသည်။ မိမိတို့ ပအိုဝ်းလူမျိုးအနေဖြင့် ဒေသ တည်ဆောက်ရေး၊ လူမျိုးတည်ဆောက်ရေးတွင် လူတကာကြိုက် နှစ်ထောင်းအားရမှုရှိသည့် ရေပေါ်နိုင်ငံရေးမူဝါဒမျိုး မဟုတ်ဘဲ မိမိတို့ဒေသ အကျိုးဖြစ်ထွန်းရေး၊ လူမျိုးအကျိုးဖြစ်ထွန်းရေး၊ အတူယှဉ်တွဲနေထိုင်နိုင်ရေး စသည့်လက်တွေ့ဆန်သော မူဝါဒဖြင့် နိုင်ငံတော်ကိုအခြေပြု၍ တစ်နေ့တစ်ခြား ကြိုးစားတည်ဆောက်မှုကြောင့် ယနေ့ဆိုရင်ဖြင့် ဒေသတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူမျိုးတင့်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။ ဤသည်တို့သည် အလုပ်ဖြစ်ရေးမူဝါဒနှင့် Action Speaks Louder than Words ခံယူချက်ဖြင့် ကြိုးစားဖော်ဆောင်မှုကြောင့်ဟု ဆိုနိုင်ပါသည်။
နိုင်ငံနှင့် လူမျိုးတိုင်းသည် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်မှု ဟုတ်၊ မဟုတ်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များအပေါ်တွင် ကြည့်၍ သိနိုင်သလို အထက်တွင်ဆိုခဲ့ပါအတိုင်း ဆွေးနွေးဖက်များနှင့် ဆွေးနွေးညှိနှိုင်းမှုတိုင်း မိမိတို့၏ အမျိုးသားရပိုင်ခွင့်များ မည်မျှအပေးအယူ လုပ်ဆောင်နိုင်သည်၊ ဆောင်ကျဉ်းပေးနိုင်သည်ကို လေ့လာ၍ သုံးသပ်နိုင်ပါသည်။ မိမိတို့သည် နိုင်ငံရေးဆိုင်ရာအခွင့်အရေးကို ရယူကျင့်သုံးပြီး မိမိတို့၏ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်ဖော်ဆောင်သွားနိုင်ရန် အမျိုးသားနိုင်ငံရေးဖော်ဆောင်မှ လက်တွေ့နိုင်ငံရေးဖြစ်မည် ဆိုသည်ကို ရေးသားလိုက်ရပါတော့သည်။
ခွန်ခမ်းတန်၊ စမ်းဖက်ရွေ
Like On Facebook
Follow On Twitter
Subscribe On RSS