Wednesday, August 22, 2018

သစ်တောပြုန်းတီးခြင်းနှင့်သစ်တောအတန်းအစားကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လုပ်မှုလျှော့ကျခြင်းဆိုင်ရာအမြင်ဖွင့်ဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်





တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် REDD + ဆိုင်ရာသစ်တောပြုန်းတီးခြင်းနှင့်သစ်တောအတန်းအစားကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လုပ်မှုလျှော့ကျခြင်းဆိုင်ရာအမြင်ဖွင့်ဆွေးနွေးပွဲကို ၂၀၁၈၊ သြဂုတ်(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။ ဤဆွေးနွေးပွဲမှာ သြဂုတ်(၂၃)ရက်မှ (၂၄)ရက်ထိ ဖြစ်ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားရာ- လက်ရှိ ၂၁-ရာစုတွင် ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုမှာရာသီဥတုပြောင်းလဲမှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်းရေကြီးရေလျှံမှု၊ မြေပြိုမှုများသည် နှစ်စဉ်ဖြစ်ပေါ်လာနေပြီ ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် စားဝတ်နေရေးကြပ်တည်းလာမှုကြောင့် စိုက်ပျိုးသီးနှံများဈေးကွက်ရရှိမှု ခက်ခဲလာခြင်း၊ စမ်းတ၀ါးဝါးဖြင့် ဈေးကွက်ဝင်မည့်သီးနှံများပြောင်းလဲစိုက်ပျိုးခြင်းကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ သစ်တောအများစုမှာတိုင်းရင်းသားဒေသတွင် တည်ရှိခြင်းကြောင့် သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်ရန်အတွက် တိုင်းရင်းသားများ၏ စားဝတ်နေရေးဖူလုံဖို့အတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးမှသာအဆင်ပြေနိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများ၏ သမာရိုးကျစိုက်ပျိုးမှုအစား စားဝတ်နေရေးအဆင်ပြေနိုင်မည့် အိမ်တွင်းမှုအသက်မွေးဝမ်းကြောင်း လုပ်ငန်းများထူထောင်ပေးနိုင်မှသာ တောင်ယာစိုက်ပျိုးမှု ပပျောက်ပြီး သစ်ပင်သစ်တောခုတ်ထွင်မှုကိုလည်း လျှော့ချနိုင်မှာဖြစ်ကြောင်းစသည့် အဖွင့်အမှာစကားကိုပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက်တွင် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်၊ UN-REDD Program, Chief Technical Advisor Mr.Timothy Boyle တို့ကအမှာစကားများအသီးသီးကိုလည်းပြောကြားခဲ့ကြောင်းသိရသည်။

တစ်နိုင်ငံလုံးဖြေရှင်းရမည့်အရေးဖြစ်ကာ တောတောင်၊ တောင်တန်းများကတိုင်းရင်းသားဒေသတွင် ပိုမိုရှိသည့်အတွက် သစ်တောနဲ့ဆက်စပ်သည့် တိုင်းရင်းသားလက်နက်ကိုင်စသည့် အဖွဲ့အစည်းမှန်သမျှကိုတွေ့ဆုံဆွေးနွေးဖို့ လိုအပ်သည်ဆိုတာကိုလည်း Mr. Timothy Boyle ကပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်ဒေသဦးစီးအဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ မြို့နယ်ရုံးတာဝန်ခံများ၊ တခြားလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခွန်ဝီရ
Powered by Blogger.