Thursday, August 23, 2018

Facebook နှင့် သတင်းအချက်အလက်ရယူခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်


လူမှုကွန်ယက် ပုံစံအမျိုးအစားများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် Facebook ဟူသော application ကိုအများဆုံးအသုံးပြုကြသည်။ Mobile Phone ရှိပြီး Internet လိုင်းမိသောနေရာတွင်နေထိုင်သူလူတိုင်းအားလုံးနီးပါး Facebook ကိုအသုံးပြုကြသည်။ Facebookသည် မီဒီယာ၊ သတင်းအချက်အလက်၊ အကြောင်းအရာများကိုချိတ်ဆက်ခြင်း၊ ဖြန့်ဝေခြင်းလုပ်ငန်းများကိုလုပ်ဆောင်နိုင်သည်။ မိမိဖြန့်ဝေလိုသောသတင်းအချက်အလက်များကို Facebook ဝက်ဆိုဒ်တွင် တင်ခြင်းဖြင့် တစ်ကမ္ဘာလုံးကိုကွန်ယက်ချိတ်ဆက်ဖြန့်ကျက်ဆက်သွယ်အသိပေးပြီးသားဖြစ်သည်။

ထို့ကြောင့် Facebook ဟူသောမီဒီယာသည် Social (လူ့အဖွဲ့အစည်း)အင်အားပင်ဖြစ်သည်။ မီဒီယာအင်အားမှ ပညာဖြန့်ကျက်မှုကြောင့် အချိန်တိုအတွင်းဗဟုသုတပွားရပါသည်။ တနည်းအားဖြင့် မီဒီယာအင်အားသည် ပညာဟု ကျွန်ုပ်တို့ဆိုရမည်ဖြစ်သည်။ အကြောင်းမှာမိမိသိလိုသောသတင်းများ၊ အကြောင်းအရာများကို Facebook စာမျက်နှာတွင် ရှာဖွေနိုင်ခြင်းကြောင့်ဖြစ်သည်။ မိမိသိလိုသည့် အချက်အလက်များကိုရှာဖွေနိုင်ခြင်းကြောင့် မိမိဘဝတိုးတက်ရာတိုးတက်ကြောင်းကိုလျောက်လှမ်းနိုင်မည်ဖြစ်သည်။ ဥပမာ- ကျန်းမာရေးအကြောင်းကိုသိလိုပါက နာမည်ကြီးဆရာဝန်(သို့) ဆေးရုံ၊ ဆေးခန်းများမှ တင်ဆက်ပေးသော Post များကို Like လုပ်ထားခြင်း၊ ဝင်ရောက်ဖတ်ရှုလေ့လာခြင်းများနှင့် Scholarship လျှောက်လိုပါက Scholarship အကြောင်းကိုတင်ဆက်ပေးသောကျောင်းများ၏ Post များကို Like လုပ်ထားခြင်း၊ ဝင်ရောက်ရှာဖွေခြင်းဖြင့် မိမိသိလိုသောသတင်းအချက်အလက်များကိုရယူနိုင်သည်။

လူမှုကွန်ယက်တွင် တင်သော post များသည် တရားဝင် Register လုပ်ထားသောဝက်ဆိုဒ်များ၊သတင်းစာ၊ ဂျာနယ်၊ စာနယ်ဇင်းများ၊ မိမိကိုယ်ပိုင် (Personal Facebook)များစသည်ဖြင့် များစွာတွေ့မြင်ရပါသည်။ ၎င်းတွင်တင်သောသတင်းအချက်အလက်များမှ အချို့သည် လူ့ဘောင်လောကတွင် ဖြစ်ပျက်နေသောလူတို့၏ နိစ္စဓူဝများကိုမှန်မှန်ကန်ကန် တိတိကျကျ ဖော်ထုတ်ရေးသားကြ၍ ဗဟုသုတများစွာရရှိစေသကဲ့သို့ အချို့သည် မီဒီယာအာဘော် လိုရာဆွဲရေးသားမှုများကြောင့် လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းအငြင်းပွားစရာများလည်းဖြစ်တတ်ပေသည်။ဆိုလိုသည်မှာမီဒီယာတွင် ရေးသားဖော်ပြသောအချက်အလက်တိုင်း၊ သတင်းတိုင်းသည် မှားနေသည် (သို့မဟုတ်)အားလုံးမှန်ကန်မျှတမှုရှိသည်ဟူ၍ မရှိပါ။ 

မြန်မာနိုင်ငံတွင် Facebook ကိုလှုပ်ရှားမှုပုံရိပ်များ (Community Activity) ၊ မိမိဖြန့်ဝေလိုသောဗဟုသုတများ(Knowledge)၊ မိမိ၏ စီးပွားရေးအကြောင်းကိုကြော်ငြာခြင်း(Advertisement) ၊ ရောင်းဝယ်ခြင်း(Online Shopping)စသည်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်ကိုလည်းတွေ့ရသည်။ လူတစ်ဦးတစ်ယောက်မှ မိမိကိုယ်ပိုင် Personal Facebook Account တွင် လွတ်လပ်စွာ မိမိစိတ်တိုင်းကျ မိမိတင်လိုသည်များကိုမှားခြင်း၊ မှန်ခြင်းမခွဲခြားဘဲတင်သော Post များကိုယခင်က Facebook အသုံးပြုသူနည်းနေသေးချိန်တွင် ထိုမတရားခံရမှုများအတွက် မည်သို့မျှလုပ်၍မရခဲ့ပေ။ ယခုအခါ ပိုမိုပွင့်လင်းမြင်သာလာသောဒီမိုကရေစီခေတ်တွင် Facebook အသုံးပြုသူများလာပြီးသတင်းတစ်ခုသည် မှားခြင်း၊ မှန်ခြင်းကိုလူမှုကွန်ယက်အဖွဲ့အစည်းတွင် သူ့အမြင် ကိုယ့်အမြင်အမျိုးမျိုးဝေဖန်ခွင့်ရလာပြီဖြစ်သည်။ ၂၀၁၅-ခုနှစ်တွင် မအူပင်အမျိုးသမီးတစ်ဦးနှင့် ကချင်အမျိုးသားတစ်ဦးတို့မှ  နိုင်ငံတော်အကြီးအကဲကို Facebook စာမျက်နှာတွင် အသားရေဖျက်မှုကြောင့် ဆက်သွယ်ရေးပုဒ်မ (၆၆-ဃ)ဖြင့် အရေးယူခြင်းခံခဲ့ရသည်မှာစာဖတ်သူသိပြီး ဖြစ်သည်။

သတင်းဌာနတစ်ခုတွင် ကြီးကြပ်သူအယ်ဒီတာ၊ သတင်းထောက်၊ သတင်းရေးဆရာများစသည်ဖြင့် တာဝန်ခွဲဝေမှုများရှိပေမည်။ ထိုတွင် ကြီးကြပ်သူမှ မကျွမ်းကျင်သေးသောသတင်းထောက်ကို သတင်းတစ်ပုဒ်တင်ရန် သတ်မှတ်ပါမည်ဆိုပါစို့။ သတင်းထောက်သည် လူထုတက်ကြွလှုပ်ရှားမှု(သို့) လူထုထောက်ခံပွဲသတင်းကိုရယူပါသည်ဆိုပါစို့။ ထိုသတင်းကိုရယူရာတွင် နေရာ၊ အချိန်နေ့ရက်၊ ဘယ်သူကဘယ်သူ့ကို၊ ဘယ်လို၊ အဘယ့်ကြောင့်၊ ရည်ရွယ်ချက် စသည်ဖြင့် တိတိကျကျရယူစုံစမ်းမေးမြန်းပြီးမှ သတင်းအဖြစ် လူထုကိုဖော်ပြရမည်ဖြစ်သည်။ ထိုသတင်းကိုရေးသားရာတွင် ဘက်မလိုက်သော၊ မျှတမှုရှိသော၊ သတင်းကိုသတင်းအတိုင်းရေးသားဖော်ပြရမည်မှာသတင်းထောက်(သို့) သတင်းရေးဆရာတစ်ယောက်၏ ကျင့်ဝတ်ပင် ဖြစ်ပေသည်။ သတင်းအချက်အလက်ရယူရာတွင် တိကျစုံလင်မှန်ကန်မှုမရှိဘဲမိမိအထင်အာဘော်အဖြစ်ထပ်ဖြည့်ရာမှာလွဲချော်မှုရှိပါက တစ်ဘက်တွင် မဆိုင်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းတွင် နစ်နာမှုဖြစ်တတ်သည်လည်းသတိထားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ Facebook၏အင်အားကြောင့် မတူညီသောလူ့ဘောင်အသိုင်းအဝိုင်း(Diversity)တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မှုရှိသကဲ့သို့ Facebook မှတဆင့်အမုန်းပွားစေသောစာများကြောင့် ပဋိပက္ခဖြစ်ပွားမှုများလည်း ဖြစ်စေနိုင်သည်။(Online Shopping) ကြောင့် အချိန်ကုန် လူပင်ပန်းခြင်းမှ သက်သာမှုရှိသကဲ့သို့ ရံဖန်ရံခါ အလိမ်ခံရတတ်သည်။ ထို့ကြောင့် Facebook အသုံးပြုသူများအနေဖြင့် မိမိကိုယ်ပိုင် Facebook Account တွင် မိမိစိတ်တိုင်းကျ လွတ်လပ်စွာ Post တင်နိုင်သော်လည်းမိမိရေးမည့် အကြောင်းအရာသည် အများအတွက် ထိခိုက်နိုင်သောစာများဖြစ်မည်လောဆိုသည်ကိုဦးစွာစဉ်းစားသုံးသပ်ပြီးမှသာတင်ရန်လိုအပ်ပေမည်။ စာဖတ်သူများအနေဖြင့်လည်းမိမိဖတ်လိုက်ရသောစာသည် မှန်ကန်မျှတသောအချက်အလက် ဟုတ်၊ မဟုတ် စဉ်းစားတွေးတောပြီးမှ ယုံကြည်ရန်လိုအပ်ပေမည်။

နန်းခမ်းကောင်
ခွန်ဖြားဗွာခမ်း
Powered by Blogger.