Monday, August 6, 2018

“ဝဿန်ချိန်ခါ ဝါတွင်းကာလပအိုဝ်းဒေသ”

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ (၁၃၅)မျိုးဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအနက် ကျွန်ုပ်တို့ပအိုဝ်းတိုင်းရင်းသားသည်လည်း ပြည်ထောင်စုဝင် တိုင်းရင်းသားလူမျိုးတစ်မျိုးပင်ဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံ၏ အထက်ပိုင်းနှင့်အောက်ပိုင်းဒေသ အနှံ့အပြားတွင် မှီတင်းနေထိုင်လျက်ရှိသည်။ ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသအများစုမှာတောင်ပေါ်ဒေသများတွင် အများဆုံးတွေ့နိုင်သည်။ ပအိုဝ်းလူမျိုး၏ စိတ်နေစိတ်ထားသည် သဒ္ဓါတရားထက်သန်ကာ ဖြူစင်ရိုးသားလှပေသည်။ ကျွန်ုပ်တို့ပအိုဝ်းလူမျိုးသည် ရှေးယခင် ဘိုးဘွားလက်ထက်ကတည်းကပင် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းများနှင့် နေထိုင်လာခဲ့ကြသည်မှာယနေ့တိုင်ပင်ဖြစ်သည်။

ပအိုဝ်းဒေသ၏  ဝါတွင်းကာလအကြောင်းကိုမဖော်ဆောင်မည် ဝါတွင်းကာလဖြစ်သောဝါဆိုလ၏ ထူးခြားချက်ကိုကနဦးတင်ပြသွားပါမည်။ ဝါဆိုလသည် နွေရာသီတစ်ဝက်၊ မိုးရာသီတစ်ဝက်လ ဖြစ်သည်။ ရှေ့လဆန်းတစ်ဆယ့်ငါးရက်က နွေရာသီ၌ အကျုံးဝင်၍ နောက်လပြည့်ကျော် တစ်ဆယ့်ငါးရက်ကမိုးရာသီတွင် အကျုံးဝင်သည်။ ဝါဆိုလတွင် မိကျောင်းပန်းများဖွေးဖွေးလှုပ်ပွင့်ကြသဖြင့် “ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေးမိုးအေးအေး”ဟုရှေးတောင်သူဦးကြီးတို့ကဆိုခဲ့ကြသည်။  ဝါဆိုလတွင် မိုးများသည်းထန်စွာရွာသွန်း၍ လယ်ကွင်းပြင်တစ်ခုလုံးရေတွေဖွေးနေသဖြင့် “ဝါဆိုဝါခေါင် ရေဖောင်ဖောင်”ဟုလည်းဆိုခဲ့ကြသည်။ နေ့ဝါဆို၊  ညပြာသိုဆိုသည့်အတိုင်းဝါဆိုလတွင် ညတာတို၍ နေ့တာရှည်သည်။ ဝါဆိုလ၌ မွန်းတည့်ချိန်တွင် လူရိပ်မထွက်၊ နေပူတွင် ရပ်နေလျှင် လူ့ရိပ်ကလူ့အောက်မှာပျောက်နေသည်။ ထို့ကြောင့် “ဝါဆိုလူ့အောက်၊ အရိပ်ပျောက်”ဟုလည်းဆိုပြန်သည်။ ပုဂံခေတ်ကဝါဆိုကိုမလွတ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာဟုအမျိုးမျိုးခေါ်ဝေါ်ခဲ့ကြ၏။ အဓိပ္ပာယ်ကလယ်မြေတိုင်းသောလ၊ မြေတိုင်းလ(မြွယ် = လယ်မြေ၊ တာ = တိုင်းတာသောလ )၊ နွေရာသီလွန်ပြီးသောလ (နွေ = နွေရာသီ၊ တာ= လွန်ပြီးသောကာလ) နွေရာသီ၏ အဆုံးဖြစ်သောလဟုအဓိပ္ပာယ်ဖွဲ့ဆိုကြသည်။ ဝါဆိုဟူသောဝေါဟာရသည် အင်းဝခေတ်ရောက်မှ တွင်ကျယ်လာသည်။ဝါဆိုဟူသည် ရဟန်းသံဃာတို့ ဝါဆိုဝါကပ် ပြုတော်မူသောလဟုမိုးသုံးလအတွင်းရဟန်းတော်များ၊ ကျောင်း၌နေပါမည်ဟုရွတ်ဆိုသောလဟုဆိုကြသည်။

ရှေးပဒေသရာဇ်ခေတ်ကဝါဆိုလ၏ပွဲတော်သည် ပဉ္ဇင်းခံရှင်ပြုပွဲတော်ဖြစ်သည်။ ဗုဒ္ဓသာသနာတော်တိုးတက်စည်းကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရေးတို့ကိုရည်ရွယ်၍ ရှေးဘုရင်များကအမြော်အမြင်ကြီးစွာကျင်းပခဲ့ကြသည်။ ၁၈၈၅ခုနှစ်တွင်ပဒေသရာဇ်နှင့်အတူထိုရာသီပွဲတော် ကွယ်ပျောက်သွားပြီးနောက် ဝါဆိုပွဲတော်သည် ရာသီပွဲတော်အဖြစ်ရောက်ရှိလာခဲ့သည်။ ဝါဆိုပွဲတော်ဟူရာ၌ သံဃာတော်များဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုဆွမ်း၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ သက်ကြီးပူဇော်ပွဲများပါဝင်လေသည်။

“သန္ဓေတောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋီဟာ”ဆိုသည့်အတိုင်းဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် ပဋိသန္ဓေယူရာနေ့ဖြစ်သည်။ အလောင်းတော် တောထွက်တော်မူသောနေ့လည်းဖြစ်သည်။ ဘုရားရှင်ဓမ္မစကြာတရားဦးဟောတော်မူသောနေ့လည်းဖြစ်သည်။ ဘုရားရှင်တန်ခိုးပြာဋီဟာ ပြတော်မူသောနေ့လည်းဖြစ်သည်။ ထို့ကြောင့်ဝါဆိုလပြည့်နေ့ကို“ဓမ္မစကြာအခါတော်နေ့”အဖြစ် သတ်မှတ်ကြသည်။ မဟာသက္ကရာဇ် (၁၀၃) ခု၊ ဝါဆိုလပြည့်နေ့ စနေနေ့ ညနေချမ်းနေဝင်လထွက်ချိန်တွင် ပဉ္စဝဂ္ဂီငါးဦးတို့ အမှူးရှိသောနတ်ဗြဟ္မာတို့အားဓမ္မစကြာတရားဦးဟောတော်မူခဲ့သည်။

ပအိုဝ်းလူမျိုးတို့သည် ယုံကြည်ကိုးကွယ်မှုအနေနှင့် ရှေးပဝေသဏီကတည်းကသုဝဏ္ဏဘူမိသထုံပြည်နေစဉ်ကပင် ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်ခဲ့ကြသည်မှာယနေ့ထိတိုင်ပင်ဖြစ်သည်။ ပအိုဝ်းကျေးရွာတိုင်းတွင် နန်းတော်သဖွယ်ခမ်းနားထည်ဝါသောဘုန်းတော်ကြီးကျောင်းများရှိကြသည်။ သဒ္ဓါတရားထက်သန်သောလူမျိုးဖြစ်ပြီးအခါကြီးရက်ကြီးနှင့် ဝါတွင်းသုံးလ၊ ဝါတွင်းသုံးလမဟုတ်သည့် လပြည့်၊ လကွယ် ဥပုသ်နေ့ရောက်တိုင်းအလုပ်များနားပြီးအိုးစည်ဗုံမောင်းတီးကာကလေးမှအစလူကြီးအဆုံးစုပေါင်းဘုန်းကြီးကျောင်းတက်ကြ၍ လှူဖွယ်ပစ္စည်းအလီလီတို့နှင့် ကောင်းမှုကုသိုလ်ပြုကြပုံသည် မြင်ရသူတိုင်း၏ နှလုံးသားကိုလှိုက်ဖိုစေပါသည်။ အထူးသဖြင့် ဝါတွင်းသုံးလဘာသာရေးဆိုင်ရာနေ့ထူးနေ့မြတ်ကာလများမှာလည်းဘုန်းကြီးကျောင်းများနှင့် ဇရပ်များတွင်သီတင်းသီလဆောက်တည်သူများနှင့် ပြည့်ကြပ်နေတတ်ကြသည်။ ထိုအခါမျိုးမှာသက်ဆိုင်ရာကျောင်းဒကာများရွာလုံးကျွတ်အလှည့်ကျတာဝန်ဖြင့် “သွမ်စာဂ”ခေါ် အလှည့်ကျဆွမ်းချက်ပြီးသံဃာတော်မျာနှင့် ဥပုသ် ဆောက်တည်ကြသည့် ဥပုသ်သည်များ၊ ကျောင်းတက်ကြသည့် ဧည့်သည်များအားလုံးကိုဆွမ်းခဲဖွယ်စသည်တို့ဖြင့် လှူဒါန်းသည့် အလေ့အထကောင်းများလည်းယနေ့ထိတိုင် ဂုဏ်ယူဝင့်ကြွားစွာကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသည်။

ယခုအခါ ဥတုရာသီကားပူပြင်းလှသောနွေရာသီကျော်လွန်၍ ချမ်းစိမ့်သောရာသီဟုသမုတ်ကြသောမိုးရာသီသို့ ရောက်ရှိလာပြီ၊ ဝါတွင်းကာလပအိုဝ်းလူမျိုးများဖြတ်သန်းသည့် ဓလေ့ထုံးတမ်းများကို ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။ ယခုလိုအချိန်အခါရောက်တိုင်းဇာတိမြေကိုလွမ်းဆွတ်သတိရသည့်ဒဏ်ပြင်းထန်လှသည်မှာဇာတိမြေနှင့် အနေဝေးသောသူများကသာအသိပင်ဖြစ်ပါသည်။ မိုးရာသီဝါတွင်းကာလ လပြည့်၊ လကွယ်ရောက်တိုင်းဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းတော်ကပ်ရန်အတွက် အဖိတ်ညမှာလူငယ်များသည် အိမ်တစ်အိမ်တွင်စုပြီး လူငယ်ခေါင်းဆောင်များ၏ သြဝါဒကိုခံယူကာလိုအပ်သောခဲဖွယ်များကို ပြင်ဆင်ရင်းစကားများဖောင်ဖွဲ့ပြောဆိုကြပြီးနောက် အိုးစည်ဗုံမောင်းများကိုတီးကာပျော်ပျော်ရွှင်ရွှင်နှင့် ကုသိုလ်လုပ်နေကြသည်ကို ပြန်မြင်ယောင်နေမိပါသည်။

“ဝါတွင်းအလွမ်း……ဟိုး…..တောင်ပေါ်စခန်းတောင်ဘက်ဖျားက ရှမ်းကုန်းနားမှာနေထိုင်ဝတ်စားပအိုဝ်းများ၏ ဝါတွင်းသုံးလမနောအလှနှင့် စိတ်ဖြစ်ကုသိုလ် စုပေါင်းပုံကိုအဝေးစာဆိုအလွမ်းပိုငါကပြောပြပါမည်…လဖိတ်နေ့ညအေးမြလှသော် ဖြူရော်အပျို အပြုံးချိုသွေး မနှီးဝေးမှောင် လူပျိုခေါင်အိမ် နန်းဆန်ဝေဖြစ် ခြေလှမ်းလာပြီထိုတွင်လူပျို ဇွဲပိုလို၍ မျက်တွေ့သူကိုစိပ်စိပ်ကြည့်ရန် အရံရောက်ပြီပျိုခေါင်အိမ်ဆီစုံပြီအားလုံးစုံရုံးပြုံးပျော် ဆွမ်းတော်ထိုးရင်းလင်းကွင်းတီးကာမောင်းသံလိုက်၍ ဗုံဒုံဒုံဖြင့် မိုးထိကြားအောင် စွမ်းဆောင်လေပြီးအနီးအနားရွာလူပျိုများလည်းအပျိုချောရှိရာတို့များရွာကိုလာလယ်လေပြီထိုစဉ်ပျော်ဆေးနယ်ဟွေးသံနှင့် စုစည်းပျော်သည်…မနက်ခင်းမှာအလင်းဖျာချိန် ဗုံရှည်လင်ကွင်းမောင်းတီးရင်းနှင့် တန်းစီကာလေ မြတ်ရွှေကျောင်းသို့ ဆွမ်းပို့ဆက်သနက်ပြာလှဖြင့် ဖျာခင်းပန်းလဲတစ်ပဲကုသိုလ် အဖုံဖုံယူကြအချိန်ရသော် နိဗ္ဗာန်ဆော်တရားတော်ကို ကြီးပိုငယ်ဆုံအားလုံးနာကြ၏။ နာပြီးချင်းပင် သူတော်စင်တွကသုံးလှည့်ဆောင်ရန်စီဆင်ပြန်နှင့် နောက်နေ့နက်ခင်းစာဂဧည့်ရန် အဖြန်ဖြန်ကိုစီစဉ်လေရာညခါရောက်သော် နယ်ဟွေးခေါ်ပြီးမနက်လင့်လျက် စာဂဆက်ထိပျော်ကြလေ၏ အမှန်ပျော်၏၊ ပျော်သည်ကြားကချစ်ရမျက်နှာ အပြုံးသာကို မြင်ရသည့်အခိုက် မှောင်မိုက်ကမ္ဘာ အသည်းလွှာကိုတဟုန်ထိုးလို့ လင်းပိုလာပြီထိုသည်ငါကဘဝခြေနေရရိုးရာဌာနေဝေးရသည်မှာဝမ်းနည်းစရာ……”ဟုစာရေးဆရာ“K.C.Thaung”ကဌာနေမြေနှင့် ဝေးကွာသောပအိုဝ်းမောင်/မယ်တို့အတွက် ဖွဲ့နွဲ့ပေးထားသည်မှာအလွန်ပင် လွမ်းဆွတ်ဖွယ်ကောင်းလှပါသည်။

ပအိုဝ်းတိုင်းရင်းသားများသည် အခါကြီးရက်ကြီးနေ့ထူးနေ့မြတ်ရောက်ပါကကုသိုလ်လုပ်ရန် သူတစ်ပါးမတိုက်တွန်းရပဲမိမိကိုယ်တိုင်ပြုလုပ်တတ်သောလူမျိုးညီညွတ်ရေးကိုအခြေခံပြီးတညီတညွတ်တည်းနှင့်  ကျောင်းအတူတက်လေ့ရှိသောလူမျိုးပင်ဖြစ်သကဲ့သို့ ဝေယျာဝိစ္စလည်းအတူပြုလုပ်တတ်သောလူမျိုးပင်ဖြစ်သည်။ထို့ကြောင့် မိမိတို့ ပအိုဝ်းလူမျိုးများ၏ ချစ်စရာကောင်းလှသည့် ဝါတွင်းကာလ ဖြတ်သန်းသည့်ရိုးရာဓလေ့ကို ကြာရှည်တည်မြဲအောင် ထိန်းသိမ်းတတ်ကြရန်  မည်သည့်နေရာဒေသရောက်စေကာမူရိုးရာကိုမမေ့အပ်သောစိတ်၊ မြတ်နိုးသောစိတ်ဖြင့် ထုတ်ဖော်တတ်ကြရန် အထူးပင် လိုအပ်ကြောင်းရေးသားတင်ပြအပ်ပါသည်။

နင်,မေရီခိုင် (ခမ်းစန္တာ;ဟေ့,)
Powered by Blogger.