Tuesday, August 7, 2018

ဟိုပုံးမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းများ၌ Terra People Association (TPA) ကမ္ဘာ့လူသား အဖွဲ့အစည်းမှ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၇) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အ. ထ. က ကျောင်းများဖြစ်ကြသော အ.ထ.က- ကျောက္ကဆျား၊ အ.ထ.က- စငေါ၊ အ.ထ.က- ကျောက်တန်း ရှိ ရွေးချယ်ခံ ကျောင်းသား/သူများအား ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့တွင် Terra People Association (TPA ) ကမ္ဘာ့လူသားအဖွဲ့အစည်းမှ (၃)နှစ်မြောက် ထောက်ပံ့ငွေများကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် နာယက ဖြားခွန်အုန်းငွေ နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဒုတိယ ဥက္ကဋ္ဌ ဖြားခွန်မောင်ဘော်တို့က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပညာသင်ထောက်ပံ့ငွေပေးအပ်ရသည့်ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသည့်ကလေးများ၊ ပညာထူးချွန်သော ကျောင်းသား/သူများ ပညာသင်ကြားခွင့်ရနိုင်ရန်အတွက် ရည်ရွယ်၍ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပညာသင်ထောက်ပံ့ငွေများကို အ.ထ.က- ကျောက္ကဆျားမှ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူ (၆) ဦး၊ အ.ထ.က - စငေါမှ နဝမတန်း ကျောင်းသား/သူ (၆) ဦး နှင့် အ.ထ.က-ကျောက်တန်းမှ တက္ကသိုလ်ဝင်တန်း(၆)ဦး တို့အား တစ်ဦးလျှင် ကျပ်(၁၅၀၀၀၀) ပေးအပ်မည်ဖြစ်ကာ ယခု ပထမရစ်အနေဖြင့် တစ်ဦးလျှင်ကျပ်(၁)သိန်း ပေးအပ်သွားခဲ့ကြောင်း သိရသည်။ ကျန်ရှိသည့် (၅)သောင်းကျပ်ကိုမူ လာမည့် ဒီဇင်ဘာလတွင် ပေးအပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုံးမြို့နယ်တွင် အ.ထ.က-စမ်းစုတ် ဆီဆိုင်မြို့နယ်အတွင်းရှိ အ.ထ.က- ဆီဆိုင်၊ အ.ထ.က-ဘန်းယဉ်၊ အ.ထ.က- ပန်ကန်း၊ အ.ထ.က- နောင်ထောင်ကျောင်းများနှင့် ပင်လောင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁) ပင်လောင်း၊ အ.ထ.က-တင်းထက်၊ အ.ထ.က (ခွဲ) လယ်ကြား၊ အ.ထ.က- ထီရယ် တို့တွင်ရှိသော အထက်တန်းကျောင်း ကျောင်းသား/သူများ တစ်ကျောင်းလျှင် (၆) ဦးနှုန်းဖြင့် TPA (Terra People Association) ကမ္ဘာ့လူသားအဖွဲ့အစည်း နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် တို့ပူးပေါင်းပြီး ပညာသင်ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခွန်ယံသေ
Powered by Blogger.