Saturday, September 29, 2018

ပင်တွန်တွင် (၄၃)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနား ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်






အထူးဒေသ(၆)၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ ဦးဆောင်၍ ဒီကနေ့ စက်တင်ဘာလ၂၉(တော်သလင်းလဆုပ် ၅ ရက်)၊ စနေနေ့၊ ကျောက်တလုံးကြီးမြို့နယ်(ခွဲ) ပင်တွန်ရွာ၊ အာဇာနည် ဗိမာန်တော်တောင်ကုန်းပေါ်တွင် (၄၃)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့ နေ့ထူးနေ့မြတ် အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင် ဖြားဗွာလှဖေနှင့်တကွ ကျဆုံးလေပြီးသော ရဲဘော်ရဲဘက်များကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းအမျိုးသားအလံကို အလံတိုင် တစ်ဝက်သို့  ညင်သာစွာ ချပေးခြင်း၊ ဝမ်းနည်းလွမ်းဆွတ်ဖွယ် ပန်းကုံးခွေများ ချပေးခြင်း၊ ကျဆုံးလေပြီးသော ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင် ဖြားဗွာလှဖေနှင့် တကွ ရဲဘော်ရဲဘက်များအား အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုပြင် ပင့်ဖိတ်ထားသော ကျောင်း(၉)ကျောင်းမှ ဆရာတော်သံဃာ အရှင်မြတ်အား ဆွမ်း၊ ခဲဖွယ် ကပ်လှူခြင်း၊ ဆရာတော်အရှင်မြတ်ထံမှ သြဝါဒ ခံယူခြင်း၊ ငါးပါးသီလခံယူခြင်း၊ အလှူဒါနအမျိုးမျိုးကို ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၄၃)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့အခမ်းအနား ပြုလုပ်ခြင်းနှင့် ပတ်သက်၍  “ကျွန်တော်က ဒီလိုပအိုဝ်းအာဇာနည်နေ့ကို တက်ရောက်တာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိပြီ၊ ဒီလိုပအိုဝ်းအာဇာနည်နေ့အခမ်းအနားကို ရောက်တော့ စိတ်ထဲမှာ ဝမ်းနည်းသလိုလို ခံစားရတယ်၊ နောက်ပြီး ကျွန်တော်ကြည့်တာ ဒီနှစ်က အရင်နှစ်လောက် သိပ်မစည်ဘူးပေါ့နော်၊ ဒီအာဇာနည်နေ့က ကျွန်တော်တို့ ပအိုဝ်းအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် နောက်နှစ်တွေမှာ များများလာစေချင်ပါတယ်” ဟု ပင်လောင်းမြို့နယ်၊ လုံးပျဉ်းရွာမှ တက်ရောက်လာသူ ခွန်လေထဲင်း သူ၏ ခံစားချက်နှင့်အမြင်ကို ပြောခဲ့သည်။

ထိုအခမ်းအနားသို့ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ လူကြီးမင်းများ၊ ပအိုဝ်းဒေသ လွှတ်တော်ကိုယ်စားလှယ်များ၊ ပအိုဝ်းဒေသ အသီးသီးရှိ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီနှစ်တွင် မိမိတို့အနေဖြင့် ငွေရေးကြေးရေးအခြေအနေကြောင့် ယခင်နှစ်ကဲ့သို့ ပအိုဝ်းအာဇာနည်နေ့ အထိမ်းအမှတ် ကာတွန်း၊ ကဗျာ၊ (ငေါဝ်းတဲက်)၊ ဆောင်းပါး ပြိုင်ပွဲများ မကျင်းပပေးနိုင်ခဲ့ကြောင်း၊ ယခုအခမ်းအနားကိုလည်း သာမန်လောက်သာ ကျင်းပရန် ရည်ရွယ်ထားသော်လည်း မျိုးချစ်စိတ်ကို အရင်းခံ၍ ပအိုဝ်းဒေသအသီးသီးရှိ မိဘပြည်သူများအနေဖြင့် များစွာလာရောက် ဂုဏ်ပြုပေးကြသည်ကို တွေ့မြင်ရသောအခါ အင်မတန် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောခဲ့သည်။

ပအိုဝ်းလူမျိုးများ ဒီမိုကရေစီထွန်းကားလာစေရန် မွန်မြတ်သောစိတ်ထားဖြင့် ပအိုဝ်းအမျိုးသားရေး လုပ်ငန်းများကို ထမ်းဆောင်ခဲ့သော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေသည် ၁၉၇၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၃၇ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်နေ့ ၊ကျောက်တလုံးကြီးမြို့နယ် ပင်တွန်ရွာတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါကြောင်း၊  ၁၉၇၆ခုနှစ် ရောက်သောအခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ပြုလုပ်သော လုံးဒါညီလာခံတွင် အဆိုပါ ဖြားဗွာလှဖေ ကွယ်လွန်သောနေ့ ကို အာဇာနည်နေ့အဖြစ် ကန့်ကွက်သူမရှိ သတ်မှတ်ခဲ့ပြီး ဖြားဗွာလှဖေ ကွယ်လွန်သော တော်သလင်းလ ဆုတ်(၅)နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၄၄)ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.