Monday, September 10, 2018

“School Milk Program” အဖြစ် ကျောင်းသားကျောင်းသူများအား နွားနို့တိုက်ကျွေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်






ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီး၍ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေး အစီအစဉ် “School Milk Program” ကို ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဟိုပုံး)မှ ပါဝင်ကူညီမှုဖြင့် စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၁၁)နာရီအချိန်တွင် လုံခုတ်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ပါပန့်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါနွားနို့တိုက်ကျွေးရေးအစီအစဉ်တွင် ဟိုပုံးမြို့၊ အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက “မူလတန်းကျောင်းများတွင် ၂၀၀၆-ခုနှစ် မှစ၍ နွားနို့တိုက်ကျွေးရေးစီမံကိန်းကို စတင်ခဲ့ပြီး အလှူရှင်များရှာဖွေကာ နွားနို့တိုက်ကျွေးရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကျောင်းများ နွားနို့တိုက်ကျွေးရေးနေ့ (World School Milk Day) ကို နှစ်စဉ် စက်တင်ဘာလ(၂၆)ရက်နေ့ရောက်တိုင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ နွားနို့မှာ အာဟာရဓါတ်ကြွယ်ဝစွာ ပါရှိသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နွားနို့သောက်သုံးတဲ့အလေ့အကျင့် နည်းသေးတာကို တွေ့ရပါကြောင်း၊ ကျွန်တော်တို့ရဲ့သားသမီးတွေ ကျန်းမာဖွံ့ဖြိုး ဥာဏ်ရည်တိုးတက်စေဖို့၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်သွားကြမည့် မျိုးဆက်သစ်လူငယ်တွေ ကျန်းမာကြံ့ခိုင်ကာ ပညာရေတိုးတက်မြင့်မားရေးအတွက် နွားနို့ပိုမိုသောက်သုံးသင့်ပါကြောင်းနှင့် ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေဖို့ အဓိကအင်အားစု လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့် လူငယ်မောင်မယ်တွေကို နွားနိုးသောက်စေဖို့ အားလုံးက ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း”  တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီး၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဟိုပုံး)၏ ပူးပေါင်းကူညီမှုဖြင့် အခြေခံပညာမူလတန်းလွန်ကျောင်း(ပါပန့်)မှ ကျောင်းသား/သူ (၁၅၂)ဦးအား နွားနို့၊ ကြက်ဥ၊ ပေါင်မုန့်စသည်တို့ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.