Friday, October 5, 2018

ပအိုဝ်းဓလေ့ထုံးတမ်းအရတရားစီရင်ခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်


ပအိုဝ်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းအေးချမ်းသာယာစွာနေထိုင်နေကြသောလူမျိုးတစ်မျိုးဖြစ်သည်။ ထိုသို့အေးချမ်းသာယာစွာနေထိုင်နေကြသည့် အလျောက်နိုင်ငံတော်နှင့်လည်းသဟဇာတလိုက်လျောညီထွေစွာနေထိုင်နေကြသည်။ ထိုသို့တိုင်းရင်းသားလူမျိုးပေါင်းစုံအေးအတူပူအမျှနေထိုင်နေကြသည့်အလျောက် ပအိုဝ်းလူမျိုးများသည်လည်းအပါအဝင်ဖြစ်သည်ကိုတွေ့မြင်နိုင်ပေသည်။ ပအိုဝ်းလူမျိုးများသည်လည်းအဖွဲ့အစည်းပေါင်းစုံရှိသည်နှင့်အညီအတွေးအမြင်လည်းမျိုးစုံရှိနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိမိပိုင်ဆိုင်နေသောလက်(၅) ချောင်းသည် တစ်ချောင်းနှင့်တစ်ချောင်းတစ်ညီတည်းမဖြစ်သည့်အပြင် မိသားစုတွင်းရှိ တစ်မိဘတည်းကမွေးဖွားလာသော ညီအစ်ကိုမောင်နှမများ၏ စိတ်သဘောဆန္ဒများကလည်းအမျိုးမျိုးကွဲပြားနေကြသည်။ ထို့ကြောင့် အမျိုးသားရေးကိုဦးဆောင်ဦးရွက်ထမ်းဆောင်နေကြသောတာဝန်ရှိပုဂ္ဂိုလ်များလည်းစိတ်သဘောထားကြီးစွာဖြင့် စည်းလုံးညီညွတ်ပြီးဓလေ့ထုံးစံကိုတန်ဖိုးထားကာပအိုဝ်းလူမျိုးများ၏ ပန်းတိုင်ကိုလျှောက်လှမ်းသွားကြရမည်ဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းဓလေ့အတိုင်းအုပ်ချုပ်မှုစနစ်သော်လည်းကောင်း၊ တရားစီရင်ရေးအရသော်လည်းကောင်းကိုယ့်ကြမ္မာကိုယ်ဖန်တီးကြသောစနစ်ရှိနှင့်နေပေသည်။ ထိုသို့ ဓလေ့ထုံးစံ၊ စနစ်များကိုသိရှိနားလည်လိုခြင်းရှိ၍သော်လည်းကောင်းပအိုဝ်းလူမျိုး၏လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများနှင့်ပတ်သက်ပြီးနားမရှင်းသောလုပ်ရပ်မျိုးရှိနေ၍သော်လည်းကောင်းမေးမြန်းစုံစမ်းလိုစိတ်ရှိနေလျှင် ပအိုဝ်းလူမျိုးစစ်စစ် နေထိုင်နေသောကျေးရွာသော်လည်းကောင်း၊ အုပ်စုသော်လည်းကောင်း၊ မြို့နယ်သော်လည်းကောင်းအနီးစပ်ဆုံးနေရာမှပင် မေးမြန်းသိရှိနိုင်ပါသည်။

ပအိုဝ်းလူမျိုးများသည် နေရာဒေသအနှံ့အပြားကွဲပြားစွာနေထိုင်နေကြသော်လည်းဓလေ့ထုံးစံအရများစွာကွဲပြားခြားနားမှုမရှိပေ။ တရားစီရင်ရေးအပိုင်းတွင်လည်းပအိုဝ်းလူမျိုးသည် ယနေ့တိုင်အောင် ရိုးရာဓလေ့ထုံးတမ်းအလိုက် တရားစီရင်နေကြသည်ကိုပအိုဝ်းဒေသတွင် တွေ့ မြင်နေရသည်။ ပအိုဝ်းများလက်ခံကျင့်သုံးနေသည့်တရားစီရင်ရေးကျင့်ထုံးမှာရှေးအယူအဆနှင့် လူမှုရေးကိုအခြေခံတည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းတို့၏စီရင်ချက်အပေါ်တွင်လည်းယုံကြည်မှုထားကြသည်။ ထိရောက်မှုလည်းရှိသည်။

ပအိုဝ်းကျေးရွာတွင် မှုခင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါကတစ်ဦးတစ်ယောက်တည်းသဘောဖြင့် ဆုံးဖြတ်ခြင်းမရှိပေ။ ဖြားဒုံ(ခေါ်)ရွာသူကြီးကဦးဆောင်ပြီးကျေးရွာအတွင်းရှိအများယုံကြည်လေးစားသောဖြောင့်မတ်တည်ကြည်သည့် ရှေ့မီနောက်မီအတွေ့အကြုံပြည့်ဝသူသက်ကြီးရွယ်အိုတို့ကိုသမာဓိလူကြီးများအဖြစ် ပင့်ဖိတ်ကာစီရင်ဆုံးဖြတ်လေ့ရှိသည်။ အမှုစီရင်ဆုံးဖြတ်သည့်နေရာကိုအတည်တကျသတ်မှတ်လေ့မရှိ ။ အများအားဖြင့် ရွာသူကြီး၏အိမ်ရှေ့ ဧည့်ခန်းတွင်ခေါ်ယူစည်းဝေးပြီးဆုံးဖြတ်လေ့ရှိသည်။ သို့သော် ယခုခေတ်တွင် ခုံရုံးပုံစံဖြင့် မြို့နယ်အဆင့်တွင် နေရာတစ်နေရာသတ်မှတ်ထားခြင်းပုံစံမျိုးရှိလာပြီဖြစ်သည်။ အမှုစစ်ဆေးသည့်အခါ အရင်းအမြစ်ကိုအခြေခံကျကျလေ့လာသုံးသပ်သည်။ ဖြစ်ပေါ်လာခြင်းဇာစ်မြစ်ကိုစူးစမ်းသည်။

မှုခင်းပေါ်ပေါက်လာပါကသက်ဆိုင်ရာရွာသူကြီး၏များ၏ရှေ့မှောက်တွင် သစ္စာဆိုစေ၍စစ်ဆေးဆုံးဖြတ်လေ့ရှိသည်။ ပြစ်ဒဏ်ပေးရာတွင် ပြစ်မှုကျူးလွန်သူကိုလူညွှန့်တုံးစေသည့် ပြင်းထန်သောအပြစ်မျိုးကိုပေးလေ့မရှိပေ။ ပြစ်မှုကျူးလွန်သူသည် ပထမအကြိမ်ဖြစ်လျှင် ပညာပေးပြုပြင်သည့်အနေဖြင့် ဆုံးမစကားပြောလေ့ရှိသည်။ နှစ်ကြိမ်သုံးကြိမ်ဆက်၍ကျူးလွန်ပါကကျေးရွာလမ်း ပြုပြင်ခြင်း၊ တံတားဆောက်ခြင်း၊ သဲတူးခြင်း၊ ကျေးရွာတွင်းသန့်ရှင်းရေးလုပ်ဆောင်ခြင်း (မြက်ရှင်း) စသည့် လူမှုရေးလုပ်ငန်းများကိုမည်သူမျှ ဝိုင်းဝန်းဆောင်ရွက်ခြင်းမပြုရဘဲ ပြစ်မှုကျူးလွန်သူကသာသတ်မှတ်ထားသောအတိုင်းအတာအထိ ပြီးစီးအောင်ဆောင်ရွက်ရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်စေပြီးနောက်ထပ်ကျူးလွန်မှုရှိလာလျှင် ကျူးလွန်သူ၏ထပ်မံအပြစ်ပေး ခြင်းနှင့်ထိုသူကိုကျေးရွာနေလူအများ၏မေးထူးခေါ်ပြောခြင်းမပြုလုပ်ကြဘဲဝိုင်းကျဉ်ထားကြခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ ထိုသို့ပြစ်ဒဏ်ပေးပြီးနောက်ထပ်ကျူးလွန်နေသေးလျှင် ထိုသူကိုကျေးရွာအတွင်းမှနှင်ထုတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ပအိုဝ်းဓလေ့ထုံးစံအရခိုက်ရန်ဖြစ်ပွား၍လူသတ်မှုဖြစ်သွားသောကိစ္စမျိုးတွင်နစ်နာသူဘက်ကကျေနပ်စေသည်အထိပြုလုပ်သူကလုပ်ဆောင်ပေးရသည်။ သို့သော် ပြုလုပ်သူကိုရဲလက်အပ်၍ဥပဒေအတိုင်းဆောင်ရွက်စေလိမ့်ရှိသည်။ အမွေခွဲဝေမှု၊ လင်မယားကွာရှင်းခြင်း၊ လယ်ယာမြေစသည့်ကိစ္စရပ်များကိုရွာသူကြီးကိုအမှူးပြုသောသက်ဆိုင်ရာလူကြီးများ၏အဆုံးအဖြတ်အတိုင်းအတာလိုက်နာကြလေ့ရှိသည်။

ထိုသို့ ရှေးအဆက်ဆက်ကပအိုဝ်းလူမျိုးများ၏လိုက်နာကျင့်သုံးနေကြသောဓလေ့ထုံးတမ်းတရားစီရင်ရေးကိစ္စများ၏ လက်စွဲစကားများမှာ “ ကြီးသည့်အမှုများကိုငယ်အောင်၊ ငယ်သည့်အမှုကိုပပျောက်အောင်” စသည့်အသုံးတော်ဖြင့် စီရင်ဆုံးဖြတ်ကြသည်။ ကျန်သည့်အခြားပြဿနာများကိုလည်းထိုနည်းအတိုင်းအဆင်သင့်သလိုဆုံးဖြတ်လေ့ရှိသည်။ ထိုဓလေ့ထုံးတမ်းများဆက်လက်တည်မြဲစေရန်နှင့် ခေတ်နှင့်အညီလိုက်လျောညီထွေမှုရှိလာစေရန် လိုအပ်သောဘက်ကိုထပ်မံဖြည့်ဆည်းရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ပအိုဝ်းတိုင်း၏တာဝန်ဖြစ်နေမည်ဟုယူဆရပါသည်။ ထို့ကြောင့် ဆိုရိုးစကားအတိုင်း “ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့”ဆင်ခြင်သုံးသပ်ပြီးမိမိတို့၏ဓလေ့ထုံးစံကိုမွမ်းမံနိုင်ကြစေရန် တိုက်တွန်းအပ်ပါသည်။

နန်းစိန်ကျင်း (အွံအား)
Powered by Blogger.