တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်
ကျေးရွာအတွင်းရှိ လူငယ်များ ခေါင်းဆောင်မှုအရည်အချင်း တိုးတက်လာစေရန်နှင့် ကျေးရွာအတွင်းရှိ
အနာဂါတ်မိခင်လောင်းများအတွက် အစာအာဟာရဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခေါင်းဆောင်မှုနှင့် အစာအဟာရဖွံ့ဖြိုးရေးသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ လိုင်းကလ(လဲင်းလ)ကျေးရွာ ပါသာဏာရာမဘုန်းတော်ကြီးကျောင်း၌ (၆.၁၀.၂၀၁၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ လဲင်းလဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြပြီး ဆရာတော်မှ ယခုလိုသင်တန်းသည် လဲင်းလဒေသခံများအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပထမဦးဆုံး လာရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သောကြောင့် သင်တန်းကာလအတောအတွင်းတွင် အဆင်မပြေမှုများ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုအားနည်းမှုများ ရှိကောင်းရှိနိုင်မည်ဖြစ်သော်လည်း ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်လူမျိုးဟုခံယူကာ စိတ်ရှည်သည်းခံမှုဖြင့် အားကြိုးမာန်တက်စွာ သင်ကြားစေလိုပါကြောင်း၊ တက်ရောင်လာသော သင်တန်သား/သူများသည်လည်း သင်တန်းကာလအတွင်း အချိန်မှန်မှန်ဖြင့် သင်တန်းအစအဆုံးတက်ရောက်စေလိုပြီး ယခုသင်တန်းမှရရှိလာသော အတွေ့အကြုံဗဟုသုတများကိုလည်း ကိုယ့်ရပ်ကိုယ့်ရွာအတွက် အသုံးတည့်သည့် အခန်းကဏ္ဍများတွင် ထပ်မံဖြည့်ဆည်းကာအသုံးချစေလိုပါကြောင်း၊ ယခုလိုသင်တန်းအပြင် အခြားသော သင်တန်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရန် ပအိုဝ်းအမျိုးအဖွဲ့ချုပ်(PNO)နှင့် ဆက်သွယ်ကာ လာမည့်ပွင့်လင်းရာသီတွင်လည်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်းစုံကိုဖိတ်ကြား၍ ထပ်မံဖွင့်လှစ်သွားရန်လည်း အစီအစဉ်ရှိပါကြောင်းမိန့်ကြားတော်မူခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြများမှ သင်တန်းအပေါ်မျှော်မှန်းချက်များ၊ စည်းကမ်းချက်များ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ အပြန်အလှန်မိတ်ဆက်ခြင်း အစီအစဉ်များဖြင့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို နေ့ခင်းပိုင်း နံနက်(၈း၃၀)နာရီမှ ညနေ(၄း၀၀)နာရီအထိတွင် လူထုအတွင်း စကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် စည်းရုံးခြင်းခေါင်းစဉ်များကို သင်ကြားပို့ချပေးခဲ့ပြီး ညနေပိုင်း ည(၇း၀၀)နာရီမှ (၉း၀၀)နာရီအချိန်ထိ အခြေခံအစာအာဟာရဖွံ့ဖြိုးမှုခေါင်းစဉ်ကို သင်ကြားပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်ကို၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့မှ(၈) ရက်နေ့အထိ(၃)ရက် နှင့် (၃)ည
ဖွင့်လှစ်ပေးခဲ့ပြီး နေ့ခင်းပိုင်းဖွင့်လှစ်သော ခေါင်းဆောင်မှုသင်တန်းတွင်တက်ရောက်သူ သင်တန်းသား/သူ စုစုပေါင်း(၅၁) ဦးရှိခဲ့ပြီး၊ ညနေပိုင်းဖွင့်လှစ်သော အခြေခံအစာအာဟာရဖွံ့ဖြိုးမှုသင်တန်းတွင် တက်ရောက်လာသူ သင်တန်းသား/သူ စုစုပေါင်း(၁၀၀)ဦးရှိခဲ့ပါသည်။ ထို့အပြင် အဆိုပါသင်တန်းအပြင် (၉.၁၀.၂၀၁၈) ရက်နေ့တွင်ကျရောက်သော တော်သလင်းလကွယ်နေ့တွင်လည်း အခြေခံအစာအာဟာရဖွံ့ဖြိုးမှု ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပပေးကာ တက်ရောက်လာသူ (၂၀၀) ဦးကျော်ရှိကြောင်း သိရှိရပါသည်။
ခွန်ယွေးယဲင်
ခမ်းစန္တားဟေ့
Like On Facebook
Follow On Twitter
Subscribe On RSS