Wednesday, October 10, 2018

ပအိုဝ်းပြည်သူများအနေဖြင့် ကိုယ်လိုချင်သည့်ပန်းတိုင်ကို ရရှိလိုပါက ကိုယ်ကိုယ်တိုင် တည်ဆောက်ရယူမှာဖြစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်









ပအိုဝ်းပြည်သူများအနေဖြင့် ကိုယ်လိုချင်သည့်ပန်းတိုင်ကို ရရှိလိုပါက ကိုယ်ကိုယ်တိုင်တည်ဆောက်ရယူရမည်ဖြစ်ကြောင်းကို ယနေ့ မနက်(၉)နာရီအချိန် တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်သည့် ၂၀၁၈-၁၉ ပညာသင်နှစ်၊ အဝေးသင်ပအိုဝ်းတက္ကသိုလ် ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ပြောကြားခဲ့ ကြောင်း သိရသည်။

တိုင်းပြည်တစ်ခု တိုးတက်ခြင်း မတိုးတက်ခြင်းသည် ပညာရေးကိုကြည့်၍ ဆုံးဖြတ်နိုင်ပါကြောင်း၊ ပညာရေးနိမ့်ကျဆင်းရဲသည့် နိုင်ငံသည် ဆင်းရဲနေမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသပညာရေးနှင့်ပတ်သက်၍ ပအိုဝ်းသံဃာများနှင့်ဆိုင်ရာအဖက်ဖက်မှ မိဘပြည်သူ တာဝန်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ တစ်ချိန်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီနှင့် နိုင်ငံတော်အကြီး အကဲဟောင်း ဗိုလ်ချုပ်မှူးကြီး(ဦးသန်းရွှေ) တွေ့ဆုံရာတွင် ပအိုဝ်းအရေးအရာကိစ္စများနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး(ဦးသန်းရွှေ)မှ ပြောကြားရာမှာ ပအိုဝ်းပြည်နယ်ရရှိလိုပါက ပညာရေးနှင့်ဖွံ့ဖြိုးရေးကိစ္စရပ်များစသည့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို လုပ်ဆောင်ဖို့လိုပါကြောင်း၊ တောင်းဖို့မလိုပြည်နယ်အင်္ဂါလက္ခဏာများ ရှိပြီးဆိုပါက မိမိလိုချင်သည့်အတိုင်းရရှိလာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်စက်တင်ဘာ(၁၂)ရက်နေ့တွင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးနှင့် တွေ့ဆုံရာတွင် ပညာရေးကို ဦးစားပေးလုပ်ဆောင်ပေးဖို့၊ ပညာတတ်ပအိုဝ်းလူငယ်များအနေဖြင့် အစိုးရဌာနဆိုင်ရာများတွင် တိုင်းပြည်တာဝန်ပါဝင်ထမ်းဆောင်ပေးဖို့လိုပါကြောင်း၊ စစ်ဖက်ဆိုင်ရာ၊ ရဲတပ်၊ အင်ဂျင်နီယာ၊ ဆရာဝန်နှင့် အုပ်ချုပ်ရေးကစ အစစအရာရာ မိမိခြေလက်ဖြစ်နေဖို့အတွက် မိမိဖက်က ကြိုးစားဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းပြည်သူများအနေဖြင့် ပညာရေး၊ စီးပွားရေးစသည့် အရာရာများကို လုပ်နိုင်ကိုင်နိုင်အောင် ကျန်းမာသန်စွမ်းဖို့လည်း လိုအပ်ကြောင်းစသည့်အကြံဥာဏ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အကြံဥာဏ်များပေးခဲ့ပါကြောင်း၊ ပအိုဝ်းပြည်သူများအနေဖြင့် အများစုမှာ တောင်ယာ၊ ခြံ စသည့် စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်နေကြသည့်အတွက် မိမိတောင်ယာနှင့်ခြံများ အထောက်အကူဖြစ်စေရန် သစ်တောများကို ထိန်းသိမ်းပေးဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းပြည်သူများအနေဖြင့် တစ်မျိုးသားလုံးဖြစ်စေချင် ရစေချင်သည့်ပန်းတိုင်ကို ရရှိလိုပါက ကိုယ်ကိုယ်တိုင်တည်ဆောက်ရယူရမည်ဖြစ်ကြောင်း၊ စသည့် အမှာစကားများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ပြောကြားခဲ့ပါသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုက စီးပွားရေးနှင့်နိုင်ငံရေးသည် ခွဲခြားလို့မရ၊ စီးပွားရေးမကောင်းရင် နိုင်ငံရေးမကောင်း၊ နိုင်ငံရေးမကောင်းလျှင်လည်း စီးပွားရေးမကောင်း၊ သို့ဖြစ်သည့်အတွက် နှစ်ခုစလုံးကောင်းနေဖို့ လိုအပ်ကြောင်း၊ ပြည်သူသားတိုင်း ပြည်ထောင်စုကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်ထားရှိရမည်ဖြစ်ပြီး လူကောင်းဖို့ လိုသလို မူလည်း ကောင်းနေဖို့လိုအပ်ကြောင်း၊ မိတ်ကောင်းဆွေကောင်းရှိနေဖို့ လိုအပ်ပြီး လူသားတိုင်း အသိတရားရှိနေဖို့ အရေးကြီးကြောင်း စသည့်အမှာစကားကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ အထူးဒေသ(၆) PNA ပအိုဝ်းအသွင်ပြောင်းဌာနေပြည်သူ့စစ်အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ခွန်ဇော်ပျံ၊ တောင်ကြီးတက္ကသိုလ် ဆရာခွန်မောင်ချို၊ (KGJ Education Center )မှ ဆရာခွန်ကြည်တို့ကလည်း အဖွင့်အမှာစကားနှင့်အမှာစကား၊ အားပေးစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ပွဲတော်သို့ ပအိုဝ်းကျောင်းသား/သူများနှင့် အခြားဖိတ်ထားသည့် ဓနု၊ တောင်ရိုး စသည့် စာပေအဖွဲ့များမှ ပုဂ္ဂိုလ်များ (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ရာဇာဓိပတိ
Powered by Blogger.