Monday, November 5, 2018

ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နယ်မြေဒေသအေးချမ်း တည်ငြိမ်မှသာ ဆောင်ရွက်၍ရကြောင် ပအိုဝ်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ ပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်



 





၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်၊ တနလာင်္နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မောက်မွန်ကျေးရွာအုပ်စု၊ ပါယေန်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားမစတင်မှီ ပါယေန်ဘုန်းတော်ကြီးကျောင်းကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် သြ၀ါဒစကားများခံယူခြင်း၊ ဟိုပုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ဦးစီးမှူး ခွန်ကျော်သိန်းမှ "ယခုလိုတွေ့ဆုံရသည်မှာ ၀မ်းသာဂုဏ်ယူမိပါကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ခဲ့ဖူးသော နေရာဒေသနှင့် ကြာမြင့်ချိန်အကြောင်းများ၊ အစိုးရဌာနဆိုင်ရာတွင် မိမိတို့ပအိုဝ်းလူမျိုးများ ၀င်ရောက်လုပ်ကိုင်သူများ နည်းပါး ခြင်းထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဆယ်တန်းအောင်၊ ဘွဲ့ရလူငယ်များရှိပါက ဌာနဆိုင်ရာ အသီးသီးတို့ တွင် ၀င်ရောက်လုပ်ကိုင်ပေးကြရန်လိုအပ်ကြောင်းနှင့် ယခုလို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအ သီးသီးက လာရောက်တွေ့ဆုံပေးပြီဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးတင်ပြကြရန်တိုက်တွန်းလိုကြောင်း” အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက ပအိုဝ်းအမျိုးသားလုပ်ငန်းစဉ်များဖြစ်သော လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအကြောင်းအရာများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ရာတွင် မိမိကြုံတွေ့ ခဲ့ရသော အတွေ့အကြုံများ၊ လွတ်တော်အတွင်း ငွေရေးကြေးရေးစီမံခန့်ခွဲမှုအခြေအနေများ၊ လူငယ်အခန်း ကဏ္ဍများ၊ စစ်အစိုးရခေတ် စီးပွားရေးအခြေအနေနှင့် ဒီမိုကရေစီခေတ်စီးပွားရေးအခြေအနေများ မိမိတို့လူမျိုး ရရှိသည့် အခွင့်အရေးများနှင့် ဆုံးရှုံးခဲ့ရသည့်အခွင့်အရေးများ စသည်တို့ကို အကျယ်တ၀င့် အသီးသီးပြောကြား ပေးခဲ့ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ မှ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅)ရှိသည့်အနက် မိမိတို့ပအိုဝ်းလူမျိုးများသည် နံပါတ်(၆) နေရာတွင် တည်ရှိကြောင်း၊ ပအိုဝ်းနိုင်ငံရေးအခြေအနေ၊ ၁၉၉၁ခုနှစ် ပြည်သူလူထုအကျိုးများ အတွက်ကြည့်၍ ငြိမ်းချမ်း ရေးယူပြီး ရရှိလာသည့် ငြိမ်းချမ်းရေးအကျိုးကျေးဇူးများ၊ ငြိမ်းချမ်းရေးတည်ထောင်ရေး အခန်းကဏ္ဍ များ၊ ပအိုဝ်းဒေသအတွင်းရှိလမ်းများကို ကတ္တရာလမ်းဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှ သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့်လုပ်ငန်းဆောင်ရွက် ချက်များနှင့် မိဘ ပြည်သူများအနေဖြင့် ကြိုတင်လုပ်ဆောင်သင့်သည်များ၊ မည်သို့မည်ပုံလုပ်ဆောင်ရမည့် စသည့်အရေး အမျိုး မျိုးများကို ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် တက်ရောက်လာသည့် မိဘပြည်သူများမှ သိလိုသည်များ၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လမ်းတံတား၊ ရေ၊ မီးများကို တင်ပြကာ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်အသီးသီးများက ပြန်လည်ဖြေကြားခဲ့ ကြောင်းသိရှိရပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ၊ အထွေ ထွေအုပ်ချုပ်ရေးမှူး ခွန်ကျော်သိန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်သက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်ဦးစီးမှူး ဦးစိုးလွင်၊ ပအိုဝ်းအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်ဖြူ၊ ပြည်သူ့လွှတ်တော် ခွန်အောင်ကျော်၊ အထူးဒေသ(၆) ရန်ကင်းမြို့နယ်ဥက္ကဌ ဖြားခွန်ကိုး နှင့် အဖွဲ့များ၊ မောက်မွန်ကျေးရွာအုပ်စုနှင့် တိလုံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခံဗွေ

Powered by Blogger.