Monday, November 5, 2018

လူမှုဆက်ဆံရေးနယ်ပယ်မှ အောင်နိုင်သူသည်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်


လူမှုဆက်ဆံရေးသည် လူ့အသိုင်းအဝိုင်းတွင် အလွန်အရေးပါသော အရာတစ်ခုဖြစ်ပေသည်။ အထူးသဖြင့် ခေါင်းဆောင်အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ကောင်းမွန်သော ဆက်ဆံရေးသည် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည်။ လူသားတို့၏ ပင်ကိုယ်စရိုက်သည် အလေးစားခံရခြင်း၊ ချီးကျူးပြောဆိုခံရခြင်းကိုသာ လိုချင်တပ်မက်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ကျွန်တော်တို့လို ပုထုဇဉ်လူသားအားလုံးတို့သည် မိမိတို့၏ ဝမ်းစာရေး၊ မိသားစုဘဝ အဆင်ပြေစေရေး၊ မိမိတို့၏ လုပ်ငန်းအောင်မြင်စေရေးအတွက် နေ့စဉ်သွားလာလှုပ်ရှားရုန်းကန် နေကြရပြီး တစ်ဦးနှင့်တစ်ဦး စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း ပြောဆိုဆက်ဆံနေကြရသည်။

ဤသို့ပြောဆိုဆက်ဆံကြရာတွင်ဝယ် လူမှုဆက်ဆံရေးပညာကို သိသောသူ၊ တတ်သော သူသာလျှင် အောင်မြင်တိုးတက်ကြပြီး ပြောဆိုဆက်ဆံရေးမတတ်သည့်သူများအဖို့ အလုပ်လုပ်ကိုင်ရာတွင်လည်းကောင်း၊ အပေါင်းအသင်းများနှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့် ပြောဆိုဆက်ဆံရာတွင်လည်းကောင်း အဆင်ပြေမှုရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အောင်မြင်မှုရယူလိုသူများအနေဖြင့် လူမှုဆက်ဆံရေးပညာကို မဖြစ်မနေ သိရှိတတ်မြောက်ထားရန် အလွန်လိုအပ်ပေသည်။ ထို့အပြင် ခေါင်းဆောင်များဖြစ်ကြသည့် နိုင်ငံရေးတွင် ခေါင်းဆောင်နေသူများ၊ စီးပွားရေးလုပ်ငန်းတွင် ခေါင်းဆောင်နေကြသည့်သူများ၊ အဖွဲ့အစည်းတစ်ခုတွင် ခေါင်းဆောင်နေသူများ၊ အသင်းအဖွဲ့တစ်ခုကို ခေါင်းဆောင်နေကြသည့် သူများ၊ ရပ်ကျေးတွင် ဦးဆောင်နေရသူများနှင့် မိသားစုတစ်စုတွင် ခေါင်းဆောင်နေသူများသည် လူမှုပေါင်းသင်းဆက်ဆံရေးပညာကို တတ်မြောက်ထားရန် လိုအပ်ပေသည်။ လူမှုဆက်ဆံရေး ပညာမတတ်မြောက်ထားလျှင် မိမိတို့၏ နိုင်ငံ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းသည်လည်း အောင်မြင်မှု ရရှိနိုင်မည်မဟုတ်သကဲ့သို့ အဆင်မပြေမှုများနှင့်သာ ရင်ဆိုင်ကြုံတွေ့ရမည်မှာ မုချပင်ဖြစ်သည်။ 

ကမ္ဘာတွင် အောင်မြင်တိုးတက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးခေါင်းဆောင် များကို ကြည့်မည်ဆိုလျှင်  ပညာရေးအပြင် လူမှုဆက်ဆံရေးပညာကို ကောင်းမွန်စွာတတ်မြောက် ကြသည့်ပုဂ္ဂိုလ်များဖြစ်ကြသည်ကို တွေ့ရှိရပေမည်။ ထို့အတူ ယနေ့ (၂၁)ရာစုတွင် ပညာရေးအပြင် လူမှုဆက်ဆံရေးပညာကို လူအများအပြားက စိတ်ပါဝင်စားစွာ သင်ယူလေ့လာလျက်ရှိကြ ပြီး သင်တန်းများ၊ ဟောပြောပွဲများ တွင်ကျယ်စွာကျင်းပပြုလုပ်လျက်ရှိလာသည်ကို သတိပြုမိလာ ပါသည်။ ထို့ကြောင့် ဤဆောင်းပါးသည် လူမှုဆက်ဆံရေးပညာနှင့်ပတ်သက်၍ စိတ်ပါဝင်စားကြ သည့် စာဖတ်ပရိတ်သတ်များအတွက် ရည်ရွယ်၍ မိမိလေ့လာသိရှိထားသည့်လူမှုဆက်ဆံရေး အကြောင်းအရာများကို ပြန်လည်မျှဝေလိုခြင်းကြောင့် ရေးသားရခြင်းဖြစ်သည်။

မိမိသည် စာရေး ဆရာမဟုတ်သကဲ့သို့ လူမှုဆက်ဆံရေးပိုင်းတွင်လည်း အောင်မြင်နေသူ တစ်ယောက်မဟုတ် သည်ကို ရှေးဦးစွာ စာဖတ်ပရိတ်သတ်များအား မေတ္တာရပ်ခံအသိပေးလိုပါသည်။ ထို့ကြောင့် မိမိရေးသားတင်ပြမည့် လူမှုဆက်ဆံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများသည် ပြီးပြည့်စုံမှု ရှိနိုင်မည် မဟုတ်သည်ကို စာဖတ်ပရိတ်သတ်များမှ နားလည်ခွင့်လွတ်ပေးစေလိုပါသည်။ မိမိ ရေးသားချက်များတွင် အမှားများ၊ ဖြည့်စွက်ရမည့် အကြောင်းအရာများရှိပါက ဖြည့်စွက်အကြံပြု ပေးစေလိုပါသည်။ ဤဆောင်းပါးသည် စာဖတ်သူများအား တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးနိုင်လိမ့်မည်ဟုလည်း မိမိအနေဖြင့်ယုံကြည်ပါသည်။  မိမိသည် ယခင်တွင် လူမှုဆက်ဆံရေး ပိုင်းအားနည်းသည့်လူတစ်ယောက်ဖြစ်သော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာ ကျင့်သုံးခဲ့ပြီးသည့်နောက်တွင် မိမိသည် လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း၊ အလုပ်လုပ်ရာတွင်လည်းကောင်း များစွာအဆင်ပြေချော့မွေ့ လာသည်ကို သတိပြုမိခဲ့ပါသည်။

ထို့ကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း လူမှုဆက်ဆံရေးတွင် အောင်မြင်သော လူတစ်ယောက်ဖြစ်လိုပါက အောက်ဖော်ပြမည့် အချက်များကို လိုက်နာကျင့်သုံးဆောင်ရွက်စေလို သည်ဟု မိမိအနေဖြင့် အကြံပြုတိုက်တွန်းလိုပါသည်။

(၁) အချက်အနေဖြင့် တွေ့ဆုံခြင်းအစ မိတ်ဆက်ခြင်းက
လူတိုင်း စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ လူမှုရေး အရသော်လည်းကောင်း တွေ့ဆုံစကားပြောကြရာတွင်ဝယ် ပထမဦးစွာ မဖြစ်မနေလုပ်ဆောင် ရမည့်အရာတစ်ခုသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မိတ်ဆက်ခြင်းပင်ဖြစ်ပေသည်။ ဤသို့ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်မိတ်ဆက်စကားပြောဆိုရာတွင် လူမှုဆက်ဆံရေးပညာကို မသိ နားမလည်ခြင်းကြောင့် လုပ်ငန်းအဆင်မပြေသည့်လူများရှိသကဲ့သို့ လူမှုဆက်ဆံရေးပညာကို ကောင်းမွန်စွာ သိရှိနားလည်ထားသည့်လူများသည် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှု သရဖူကို သိမ်းပိုက်ရသည့်လူများလည်း ကမ္ဘာပေါ်တွင် ဒုနှင့်ဒေးပင်။ ထို့ကြောင့် စာဖတ်ပရိသတ် များအနေဖြင့် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံမိတ်ဆက်စကားပြောဆိုရာတွင် အဆင်ပြေချော့မွေ့စေရန် အတွက် ဆောင်ရမည့်အချက်များနှင့် ရှောင်ရမည့်အချက်များကို မိမိသိရှိနားလည်ထားသည့် အတိုင်း ပြန်လည်မျှဝေလိုက်ရပါသည်။ လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် ပထမဦးစွာ ထိုသူ၏ ဝတ်စားဆင်ယင်မှုပုံစံ၊ ကိုယ်ဟန်အမူအရာ၊ သွင်ပြင်လက္ခဏာနှင့် ထိုသူ၏အပြောအဆိုများကို ကြည့်၍ အကဲခတ်သုံးသပ်လေ့ရှိတတ်ကြသည်။ ထို့ကြောင့် မိမိအနေဖြင့် သူစိမ်းဧည့်သည်များနှင့် တွေ့ဆုံသည့်အချိန်တွင် မိမိ၏ ဝတ်စားဆင်ယင်မှုပုံစံများ၊ ကိုယ်နုတ်အမူအရာ အပြောအဆို များကို  သတိထားဆင်ခြင်ရန် အလွန်အရေးကြီးပေသည်။ အဝတ်အစားဝတ်ဆင်ရာတွင် မိမိ၏ ဂုဏ်၊ နေရာဒေသ၊ ကာလ၊ ရာထူး၊ လုပ်ငန်းနှင့်လျှော်ညီမှုရှိအောင် ဝတ်ဆင်တတ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် လူများသည် မိမိ၏ ဝတ်စားဆင်ယင်မှုပုံစံကို ကြည့်၍ မိမိသည် ဘယ်လိုလူစားမျိုးဖြစ်ကြောင်းကို အကဲခတ်သုံးသပ်ကြလိမ့်မည်ပင်ဖြစ်သည်။ အဝတ်အစားသည် လူကိုဖန်ဆင်းသည်။ ထို့အပြင်  တစ်ဦးနှင့်တစ်ဦး မိတ်ဆက်စကားဆိုရာတွင် ထိုသူမှ မေးစေလို သည့် အကြောင်းအရာများကို မေးမြန်းပေးခြင်း၊ ထိုသူပြောသည့်စကားများကို ဂရုတစိုက် နားထောင်ပေးခြင်း၊ ထိုသူနှင့် စကားပြောနေချိန်တွင် မျက်နှာချင်းဆိုင်၍ပြောဆိုခြင်းများ လုပ်ဆောင်ပေးရန် လိုအပ်ပေသည်။ လူတိုင်း အခြားသူများ၏ အကြောင်းထက် မိမိအကြောင်း ကိုသာ ပို၍စိတ်ဝင်စားလျက်ရှိတတ်ကြပေသည်။ ဤသို့ တစ်ပါးသူက ပြောသောအကြောင်းအရာ များကို ဂရုတစိုက်နားထောင်ပေးခြင်းဖြင့် ထိုသူ၏ ယုံကြည်မှု၊ ရင်းနှီးမှုကိုလည်း လျှင်မြန်စွာရရှိနိုင် မည်ဖြစ်သည်။ ထို့ကြောင့် ဗီယင်နာမြို့သား စိတ်ပညာဆရာကြီး အယ်ဖရက် အတ်ဒလာက “တစ်သက်တာတွင် ကိုယ်တိုင်ဒုက္ခအများဆုံးတွေ့ရ၍ အခြားတစ်ဖက်သားတို့ကိုလည်း ဒုက္ခအများ ဆုံးပေးသောသူသည် တစ်ဖက်သားတို့၏ ကိစ္စများတွင် စိတ်မဝင်စားသောသူသာလျှင်ဖြစ်၏”ဟု ရေးသားထားသည်ကို လေ့လာဖတ်ရှုခဲ့ရပေသည်။

(၂) အချက်အနေဖြင့် တစ်ပါးသူအားလှိုက်လှဲစွာချီးမွမ်းပြောဆိုခြင်း
လူသားတို့၏ ပင်ကိုယ်ဗီဇအရ ဤအချက်ကို မနှစ်သက်သည့်လူ ရှိမည်ပင်မဟုတ်ပါ။ လူတိုင်းသည် အများထက်အရာရာတွင် ပို၍သာလွန်ကြောင်း၊ တော်ကြောင်း၊ တတ်ကြောင်းကို ထုတ်ဖော်ပြသလိုသည့်ဆန္ဒရှိကြသည်။ အများက အထင်ကြီးခြင်း၊ လေးစားခြင်း ခံယူလိုကြသည် မှာ သဘာဝပင်ဖြစ်သည်။ အလားတူပင် စာဖတ်ပရိတ်သတ်တို့သည်လည်း ပုထုဇဉ်လူသားများ ဖြစ်ကြသည်နှင့်အညီ အများ၏ ယုံကြည်ခြင်း၊ လေးစားခြင်း၊ အထင်ကြီးခြင်း၊ ချီးကျူးပြောဆိုခြင်း ကို ခံယူလိုသည့်စိတ် ရှိကြပေမည်။  အခြားတစ်ဖက်တွင် လူအများ၏ ပြစ်တင်ဝေဖန်ခြင်း၊ ရှုံ့ချ ခြင်း၊ ကဲ့ရဲ့ခြင်း၊ အထင်သေးခြင်းကို မခံယူလိုကြသော မာနရှိသည့် သတ္တဝါတစ်မျိုးလည်းဖြစ် သည်။ မိမိတို့သည် လူသားများပင် ဖြစ်ကြသည်။ လူသားများဖြစ်ကြသည်နှင့်အညီ မိမိကို အခြား သူများမှ အထင်အမြင်သေးသည့် ကိုယ်နုတ်အမူအရာများကို မနှစ်မြို့သကဲ့သို့ အခြားသူများ သည်လည်း ၎င်းနည်းတူပင် ခံယူလိုကြမည်မဟုတ်ပါ။ လူတိုင်းသည် ၎င်းနှင့်ထိုက်တန်သည့် ချီးမွမ်းခြင်းကို ခံယူလိုကြသည်။  တစ်ပါးသူ၏ အထင်ကြီးခြင်းကို ခံယူလိုကြသည်။  ထို့ကြောင့် တစ်ပါးသူ သဘောကျအောင်လုပ်ဆောင်ရာတွင် ထိုသူ၏အကြောင်းကိုပြော၍ ချီးမွမ်းပြောဆိုပေး ခြင်းဖြင့် အခြွေအရံမိတ်ဆွေသင်္ဂဟပေါများခြင်း၊ စိတ္တသုခအစဉ်တိုးတက်ခြင်းတို့နှင့် ပြည့်စုံပေလိမ့် မည်။

(၃) အချက်အနေဖြင့် သူတစ်ပါးနှင့်ငြင်းခုံခြင်းမပြုပါနှင့် ဇွတ်ငြင်းတာကို အမြဲရှောင်ပါ။ ငြင်းခုံခြင်းကို များသောအားဖြင့် အသင်းအဖွဲ့များ၊ အစုအဖွဲ့အများ၊ စုပေါင်း၍ လုပ်ဆောင် ရသည့်အလုပ်များတွင် တွေ့ရလေ့ရှိပါသည်။ မိမိတို့၏ အယူအဆ၊ သဘောထားများနှင့် ကွဲလွဲ နေသူများအား ပြောဆိုဆက်ဆံရာတွင်လည်း အပြန်အလှန်ငြင်းခုံစရာများ ရှိတတ်ကြပေသည်။  ငြင်းခုံခြင်းသည် မကောင်းသည့်အရာဟု ထင်မြင်၍မရသကဲ့သို့ ကောင်းမွန်သည့်အရာဟုလည်း ထင်မြင်၍မရနိုင်ပေ။ အချို့သောကိစ္စများတွင် ငြင်းခုံဆွေးနွေးမှသာလျှင် အဖြေရသော ပုစ္စာများဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ငြင်းခုံခြင်းသည် များသောအားဖြင့် ဇာတ်သိမ်းမလှ တတ်ကြသည်ကို တွေ့ရှိရပါသည်။ ငြင်းခုံသောသူများသည် ငါသာလျှင်မှန်သည်ဟု မိမိကိုယ်မိမိ တစ်ထစ်ချယုံကြည်ကြပြီး အလျှော့မပေးတတ်ကြသည်ကို တွေ့ရတတ်၏။ ငြင်းခုံခြင်းအားဖြင့် သင်မည်သည့်အခါမျှ အမြတ်မရှိနိုင်ပေ။ ငြင်းခုံ၍ သင်ရှုံးလျှင် အရှုံးသာအဖတ်တင်ပြီး သင်နိုင် လျှင်လည်း သင်အတွက်မည်သည့် အကျိုးမျှရရှိလာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် တစ်ပါးသူအား နိုင်အောင်ငြင်းနိုင်သည့်အစွမ်းများ ရှိလင့်ကစား ထိုသူကိုအနိုင်ပေးလိုက်ခြင်းသည် ကောင်းမြတ်သော မိတ်ဆွေသင်္ဂဟပေါများစေကြောင်း မင်္ဂလာတစ်ပါးပင်ဖြစ်သည်။

(၄) နောက်ဆုံးအချက်ဖြစ်သည့် ပြုံးရွှင်သောမျက်နှာမရှိသူသည် ဈေးမရောင်းရ
ဤစကားပုံသည် တရုတ်တို့ ကျင့်သုံးလျက်ရှိသည့် အောင်မြင်စေကြောင်း လက်နက် ကောင်းတစ်လက်ဟု ဆိုလျှင်မှားမည်ပင် မဟုတ်ပေ။ မှန်ပေသည် ပြုံးရွှင်ခြင်းသည် မိမိအတွက် သော်လည်းကောင်း အပြုံးခံရသူအတွက်သော်လည်းကောင်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာ ခြင်း၊ ပျော်ရွှင်ခြင်းကို ပေးစွမ်းစေ၏။ ပြုံးခြင်းသည် မိမိအတွက် ဘာမျှမပင်ပန်းပေ။ မည်သည့်အရာ မျှလည်း လျှော့မသွားသည့်အပြင် အပြုံးခံရသူအတွက် များစွာသောအကျိုးကိုဖြစ်စေ၏။ ပြုံးခြင်း သည် လျှပ်တစ်ပြတ်မျှသာကြာသော်လည်း တစ်ခါတစ်ရံ အပြုံးခံရသူအတွက် ထိုအပြုံးကို တစ်သက်လုံးရင်ထဲ၌ စွဲမြဲစေနိုင်သည်။ ပြုံးခြင်းနှင့်ကင်း၍ တစ်သက်လုံးနေနိုင်လောက်အောင် ချမ်းသာကြွယ်ဝသောသူဟူ၍ မရှိသကဲ့သို့ ထိုပြုံးခြင်း၏ အကျိုးကို မခံစားနိုင်လောက်အောင် ဆင်းရဲသူဟူ၍လည်း မရှိပေ။ ပြုံးခြင်းသည် အိမ်တွင်း၌ ချမ်းသာသုခကိုပေး၏။ အလုပ်ခွင်တွင် မျက်နှာပွင့်လန်းစေ၏။ မိတ်ဆွေအချင်းချင်းအထိမ်းအမှတ်ဖြစ်စေ၏။ ပြုံးခြင်းသည် မောပန်းနေသူ ကို အမောပြေစေ၏။ စိတ်အားငယ်သူကို စိတ်အားတက်စေ၏။ ဝမ်းနည်းသူကို ဝမ်းသာစေ၏။ လူတို့၏ အတိဒုက္ခများကို ကုသရန်အတွက် အကောင်းဆုံးသော သဘာဝဓမ္မနည်းဖြစ်၏။ သို့ရာတွင် ပြုံးခြင်းကို ဝယ်၍သော်လည်းကောင်း၊ တောင်း၍သော်လည်းကောင်း၊ ချေးဌား၍သော်         လည်းကောင်း မရနိုင်ပေ။ ပေးသူကသဒ္ဓါကြည်ဖြူစွာမပေးလျှင် ရသူမှာလည်း အကျိုးမထင်ချေ။ တစ်စုံတစ်ယောက်သောသူအား ပြုံးကာရယ်ကာဆက်သွယ်ပြီးလျှင် ထိုသို့ပြုံးခြင်းကြောင့် ရရှိလာ သောအကျိုးထူးများမှာ တစ်ပါးသူကို စိတ်ချမ်းသာမှုပေးစေနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုဆက်ဆံရေးကောင်မွန်းသောလူတစ်ယောက်ဖြစ်လိုလျှင် ပြုံးတတ်အောင်လုပ်ဆောင်ဖို့ လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ အကုန်ရေးသားတင်ပြရလျှင် ပြီးဆုံးနိုင်လိမ့် မည်မဟုတ်ပေ။ လူမှုဆက်ဆံရေးပညာသည် အလွန်ပင်ကျယ်ပြန့်လှသော ဘာသာရပ်တစ်ခုပင် ဖြစ်သည်။  အထက်ဖော်ပြပါ အချက်များသည် မိမိလေ့လာသိရှိထားသည့် လူမှုဆက်ဆံရေးနှင့် ပတ်သက်သည့်အကြောင်းအရာအချို့ကိုသာလျှင် ရေးသားတင်ပြခြင်းဖြစ်ပြီး ထပ်မံဖြည့်စွက် အကြံပြုလိုသည်များရှိပါက ဖြည့်စွက်အကြံပြုပေးစေလိုကြောင်း မေတ္တာရပ်ခံပန်ကြားလျက် ဤဆောင်းပါးကို ဒီနေရာတွင် နိဂုံးချုပ်အဆုံးသတ်လိုက်ပါသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို 

Powered by Blogger.