Sunday, December 2, 2018

အနာဂါတ်မိမိတို့နေထိုင်ရာဒေသတွင် အများယုံကြည်ယုံကြည်လေးစားရသောခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်အတွက် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ဗောင်းဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နောင်တရားမြို့နယ်ရုံး(ရုံးတာဝန်ခံ)၊ ပင်လောင်းမြို့နယ်ရုံး(ရုံးတာဝန်ခံ)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နောင်ပီကျေးရွာအုပ်စုရှိဒေသခံ များပူးပေါင်း၍ ခေါင်းဆောင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဗောင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး သြဝါဒ စကားနာယူခဲ့ပါသည်။ ထို့နောက် အလံတော်အားအလေးပြုပြီး ပအိုဝ်းအမျိုးသားသီချင်းကို ပြိုင်တူသီဆိုခဲ့ပါသည်။ ဆက်လက်ပြီး နောင်ပီကျေးရွာအုပ်စု၊ တာဝန်ခံဖြစ်သူ ဦးခွန်ထွန်းတီးမှ အဖွင့်အမှာစကားပြောကြားပေးရာတွင် ယခုသင်တန်းသည် သင်တန်းနည်းပြများမှ အပင်ပန်းခံ၊ အချိန်ကုန်ခံ၊ မိဘများ၏ ပံ့ပိုးမှုများဖြင့် သင်ယူရရှိလာသည့်ပညာများကို သင်တန်းသူ/သားများအနေဖြင့် သိရှိတတ်မြှောက်နိုင်စေရအလေရည်ရွယ်၍ လာရောက်မျှဝေပေးခြင်းဖြစ်သောကြောင့် သင်တန်းသူ/သားများမှ အလေးထားလိုက်နာမှတ်သားရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ပင်လောင်းမြို့နယ်ရုံး(ရုံးတာဝန်ခံ) ခွန်တီးမောင်မှ သင်တန်းသူ/သားများအား အားပေးစကားပြောကြားပေးရာ၌ ယနေ့သင်တန်းတက်ရောက်လာကြသည့်လူငယ်များသည် နောင်တစ်ချိန်တွင် မိမိတို့ကျေးရွာ၊ မိမိတို့လူမျိုးများကို ဦးဆောင်ကြရမည်ဖြစ်ပြီး ပုခုံးပြောင်းတာဝန်ကို လွှဲပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်ကြသည်နှင့်အညီ လက်ရှိအချိန်တွင် ပညာကိုကြိုးစားသင်ယူကြရမည်ဖြစ်ပြီး ယခုကဲ့သို့သော သင်တန်းများအပြင် အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်သင်တန်းများကိုလည်း တက်ရောက်ရန်လိုအပ်ကြောင်းနှင့် သင်ခန်းစာများ ဆွေးနွေးပို့ချသည့်အချိန်တွင်လည်း ပူးပေါင်းပါဝင်ဆွေးနွေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ နောင်တရားမြို့နယ်၊ ရုံးတာဝန်ခံ နန်းတင်ဦးမှ သင်တန်းနည်းပြများနှင့် တက်ရောက်လာသည့်သင်တန်းသူ/သားများအား အပြန်အလှန်မိတ်ဆက်စေခဲ့ကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ယခုခေါင်းဆောင်မှုသင်တန်းကို ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ (၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် လူထုတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် စည်းရုံးခြင်းစသည့် ဘာသာရပ်ခေါင်းစဉ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စုမှ နောင်ပီရွာ၊ ဗောင်းမော်ဒုံရွာ၊ ပဆျားမွူးရွာ၊ ထီကန်လောင်းရွာ၊ ဗောင်းကျောင်းနားရွာ၊ ဗောင်းပြူးလောင်းရွာ၊ ဘန့်ဗိန်းရွာ၊ ဗောင်းရေချိုရွာ၊ ထီရီးသင်ရွာ၊ လျိဉ်ဖိုရွာ၊ ဆောင်းခါးရွာ၊ ထီပါးရွာနှင့် စင်းကပ်ရွာမှ သင်တန်းသား(၅၃)ဦးနှင့် သင်တန်းသူ(၅၇)ဦး စုစုပေါင်း သင်တန်းသူ/သား(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ပအိုဝ်;မူ;ဗွာ
မျင်,မိုရ်;ခမ်း
Powered by Blogger.