Friday, December 7, 2018

ပြည်သူများ၏ အသံ၊ အခက်အခဲများသိရှိနိုင်ရန်နှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်မြို့နယ်လုံးဆိုင်ရာပြည်သူတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်






ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးနှင့် ကျောက်တလုံးကြီးမြို့နယ်ရုံးတို့မှ “မြို့နယ်လုံး ဆိုင်ရာပြည်သူတွေ့ဆုံပွဲကို” ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ခဲ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

တွေ့ဆုံပွဲတွင် ရှေးဦးစွာနောင်ခဲသံဃာတော်အားကန်တော့ပြီး သံဃာ့သြ၀ါဒကို ခံယူခဲ့ကြသည်။ ထို့နောက်  နံနက်(၁၀း ၃၀)တွင် အခမ်းအနားဖွင့်လှစ်ပြီး ကျောက်တလုံးကြီးမြို့နယ် ဒုဥက္ကဋ္ဌ ဖြားခွန်ဗိုလ်ကြုတ်မှ အဖွင့်အမှာစကားပြောကြားသွားပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူး ခွန်စောလွင်မှ ပြည်သူ့တွေ့ဆုံပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပအိုဝ်းအမျိုးသားဒီမိုကရေစီလမ်းစဉ် ကို အကျယ်တ၀င့် ဆွေးနွေးတင်ပြခဲ့ပါသည်။

ပြည်သူတွေ့ဆုံပွဲပြုလုပ်ရခြင်းသည် ပြည်သူများ၏အခက်အခဲများ သိရှိနိုင်ရန်၊ ပြည်သူ့အသံကို နားထောင်နိုင်ရန်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဆောင်ရွက်နေသော အမျိုးသားရေးလုပ်ငန်းစဉ်ကို ပြည်သူသို့ချပြနိုင်ရန်၊ ပအိုဝ်းအမျိုးသားဒီမိုကရေစီလမ်းစဉ်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းပြည်သူတို့မှ စည်းလုံးညီညွတ်စွာအတူလျှောက်လှမ်းသွားနိုင်ရန် တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်စောလွင်မှ ပြည်သူတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်ကို ပြောကြားသွား ပါသည်။ ဆက်လက်၍ ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်စောလွင်မှ ခေတ်အဆက်ဆက် ဆင်နွဲခဲ့ရသော စနစ်တော်လှန်ရေး၊ ပအိုဝ်းအမျိုးသားတော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖွဲ့စည်းခြင်းသမိုင်းအကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အမျိုးသားနိုင်ငံရေးမူဝါဒကို ပြည်သူသို့ အကျဉ်းချုံး တင်ပြဆွေးနွေးပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ဒေသတည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးကို အဓိကထားဆောင်ရွက်ပါကြောင်း၊ ပအိုဝ်းအမျိုးသား၏အရေးကို အဖွဲ့ချုပ်နှင့်ပြည်သူလက်တွဲညီစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားနိုင်ရန် ပအိုဝ်းဒေသသည် အစဉ်ငြိမ်းချမ်းနေရမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသား၏အင်အားသည် ပအိုဝ်းလူမျိုး အတွင်းမှာသာ ရှိသောကြောင့် အစဉ်စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း၊ ဘေးပယောကသွေးထိုးမှုကို ပအိုဝ်းပြည်သူအနေဖြင့် နိုင်ငံရေးအသိ၊ အမျိုးသားရေးသတိအစဉ်ရှိနေရမည်ဖြစ်ကြောင်း ပြောကြားသွား ပါသည်။

ထို့နောက်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ခွန်ကျော်ဌေးမှ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ၊ စားသုံးသူဘေးကင်းလုံခြုံရေးနှင့် စားသုံးသူ၏အခွင့်အရေးကို စားသုံးသူပြည်သူများသိရှိပြီး ဘေးကင်းလုံခြုံမှုရှိစေရန်၊ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ဝန်ဆောင်မှု(သို့မဟုတ်) ကုန်စည်ရယူသုံးစွဲမှုတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးတင်ပြ သွားပါသည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လွှတ်တော်ရေးရာဌာန ခွန်မောင်ထွန်းမှ လွှတ်တော်ဖွဲ့ စည်းပုံ၊ ဒေသဖွံ့ဖြိုးရေးအချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာ ထံသို့တင်ပြပုံနည်းလမ်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၏ ဌာနပေါင်းစုံမှ ဆောင်ရွက်နေသော လုပ်ငန်းများကို ပြည်သူမှသိရှိပြီး ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးတင်ပြ သွားခဲ့ပြီး နောင်ခဲ-ထီနဲ့ ဆက်သွယ်သည့် ကျေးလက်လမ်းပေါ်ရှိ သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘတ်ဂျတ်နှစ်တွင် နိုင်ငံတော်မှ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်သူများသိရှိနိုင်ရန် တင်ပြသွားပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဥပဒေရေးရာဌာန ခွန်ထွိုင်းမှ တောင်သူများသိရှိရန်လိုအပ်သော လယ်ယာမြေဥပဒေအကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) လျှောက်ထားပုံအကြောင်းနှင့် ပအိုဝ်းဒေသအတွင်း ပြည်ပနိုင်ငံသို့ လူကုန်ကူးမှုဖြစ်စဉ်မရှိစေရေး၊ ပြည်ပသို့ အလုပ်သွားလုပ်ရာတွင် တရားဝင်နည်းလမ်းဖြင့်သာ သွားရောက်နိုင်ရေး၊ ပြည်ပတွင် မိမိတို့အလုပ်သမားအခွင့်အရေး မဆုံးရှုံးရစေ ရေး၊ မိမိတို့တစ်ဦးချင်းစီ၏ အခွင့်အရေးရရှိခံစားနိုင်ရန်နှင့် အမျိုးသားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေး တရားဝင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုသော တရားဝင်အေဂျင်စီနှင့်သာ ပြည်ပသို့ သွားရောက်ရန် လိုအပ်ကြောင်းအကျယ်တ၀င့် တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် တင်ပြဆွေးနွေးမှုအပြီးတွင် တက်ရောက်လာသည့် ပြည်သူများမှသိရှိလိုသည့်အကြောင်း အရာနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သို့ ပြောကြားလိုသည့်အကြောင်းအရာ အခန်းကဏ္ဍရပ်အလိုက် ကို အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီးနောက် အထူးဒေသ(၆) ပအိုဝ်းအုပ်ချုပ်ရေး အွိုင်းဥက္ကဋ္ဌ ဖြားခွန်နေထွန်းမှ ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်စကားကိုပြောကြားသွားပြီး အခမ်းအနားကို (၂း ၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။
တွေ့ဆုံပွဲတွင် နောင်ခဲကျေးရွာအုပ်စုမှ ပြည်သူ(၁၀၀၀)ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

အလားတူ မြို့နယ်လုံးဆိုင်ရာတွေ့ဆုံပွဲကို ကျောက်တလုံးကြီးမြို့နယ်၊ ဆောင်းဖိုးကျေးရွာအုပ်စု၊ ဆောင်းဖိုးကျေးရွာတွင်လည်းကောင်း၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာတွင်လည်းကောင်း၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေပင်ကျေးရွာတွင်လည်းကောင်း၊ အသုံးတော်ကျေးရွာအုပ်စု၊ နမ်းကွတ်ကျေးရွာတွင် လည်းကောင်း၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားကျေးရွာတွင်လည်းကောင်း ပြည်သူ့တွေ့ဆုံပွဲကို ပြုလုပ်ကြောင်း သတင်းရရှိပါသည်။

စောခွန်ခွန်၊ ခွန်ဝေးထွိုင်း
တောင်ကြီး
Powered by Blogger.