Friday, February 22, 2019

ပအိုဝ်းလူမျိုးတို့၏ တပို့တွဲလ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်

Photo- Credit

ဤဆောင်းပါးတွင် မိမိရေးသားတင်ပြလိုသောအကြောင်းအရာသည် ကမ္ဘာပေါ်တွင် နေထိုင်သောတိုင်းရင်းသားလူမျိုးများသည် ဘာသာစကားအရကွဲပြားခြင်း၊ ယဉ်ကျေးမှုအရကွဲပြားခြင်း၊ ဘာသာရေးအရကွဲပြားကြသော်လည်းစသည်တို့သည် အချင်းချင်းနားလည်မှုနှင့် အတူတကွနေထိုင်ကြသည်ကိုတွေ့မြင်နေပါသည်။ လူမျိုးတိုင်းသည် မိမိယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရရာသီအလိုက်ပွဲများကိုကျင်းပနေပါသည်။ ထို့ကြောင့် မိမိတို့လူမျိုးတို့သည်လည်းမည်မျှပင် တိုးတက်ခေတ်မီပြောင်းလဲနေသောခေတ်ဖြစ်စေ ယဉ်ကျေးမှုအမွေအနှစ်များကိုအထူးစောင့်ရှောက်သင့်သည်ကိုလည်းသိရှိစေလိုပါသည်။ လူမျိုးတစ်မျိုးတိုင်းတွင် ယဉ်ကျေးမှုအရရိုးရာလက်မှုပညာ၊ ရိုးရာအဆိုအက၊ ရိုးရာအဝတ်အစား၊ ရိုးရာအတီးအမှုတ်၊ ရိုးရာအစားအစာ၊ ဝတ်စားဆင်ယင်မှု၊ အပြောအဆိုစသဖြင့် ယဉ်ကျေးမှုကိုယ်စီရှိကြပါသည်။ ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ်၊ ရေမြေသဘာဝ၊ ကိုးကွယ်သည့် ဘာသာ၊ ဓလေ့ထုံးစံတို့ကိုလိုက်၍ လူမျိုးတစ်မျိုးနှင့် တစ်မျိုးယဉ်ကျေးမှုခြင်းမတူကြပေ။ အချို့တူညီသည့် အစိတ်အပိုင်းများလည်းမရှိမဟုတ် အနည်းငယ်ရှိကြပါသည်။ ယဉ်ကျေးမှု၏ သဘောသဘာဝသည် ပျံ့နှံ့စီးဆင်းတတ်သည့် သဘောရှိပါသည်။

ပထမဆုံးအနေဖြင့် ပအိုဝ်းလူမျိုးများ၏ တပို့တွဲလတွင် လုပ်ဆောင်လေ့ရှိသောဓလေ့ထုံးစံများကိုရေးသားတင်ပြစေလိုပါသည်။ တပို့တွဲလတွင် ဆောင်းရာသီဖြစ်သောကြောင့် မိမိတို့ရိုးရာအနေနှင့် မီးပုံပွဲများပြုလုပ်ခြင်း၊ ယာဂုများအလှူအတန်းပြုလုပ်ခြင်းစသည့်ဓလေ့များရှိကြပါသည်။ နှစ်စဉ်နှစ်တိုင်းရိုးရာအစဉ်အလာကိုတစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းသကဲ့သို့မိမိတို့ ဓလေ့ကောင်းတစ်ခုဖြစ်သောတပို့တွဲလတွင် ကျင်းပသောပွဲများကိုလည်းစဉ်ဆက်မပြတ် နှစ်စဉ်နှစ်တိုင်းမရိုးနိုင်အောင် ပြုလုပ်နေကြပါသည်။

ပအိုဝ်းလူမျိုးများသည် နှစ်စဉ်နှစ်တိုင်းတပို့တွဲလပြည့်နေ့တွင် အိမ်တိုင်းအိမ်တိုင်းကောက်ညှင်း၊ ကြံသကာ၊ မြေပဲနှင့် ပြုလုပ်ထားသော ယာဂုဟုခေါ်သော ရှေးရိုးအစားအစာတစ်မျိုးကိုစားချင်စဖွယ် ပြုလုပ်လှူဒါန်းကြပါသည်။ ယာဂုကိုကောက်ညှင်း၊ ကြံသကာရည်များဖြင့် ရောနှောကာ နှပ်အောင်ချက်ပြုတ်ပြီး လင်ဗန်းထဲတွင် ညီညာအောင်ထည့်၍အအေးခံပြီးသည်နှင့်မိမိတို့ လိုချင်သောပုံစံများကိုလိုအပ်သလိုဓားဖြင့်ဖြတ်ယူစားသောက်နိုင်သောအစားအစာတစ်မျိုးဖြစ်ပါသည်။ ထို့နောက် မိမိတို့ရိုးရာအစားအစာများကိုတပို့တွဲလပြည့်နေ့တွင် မိမိတို့ကျေးရွာရှိဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးများ၊ အဖိုးအဖွားများ၏ အိမ်သို့လည်းကောင်းတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ပြီးလှူဒါန်းသောဓလေ့သည်လည်းအစဉ်အလာကြီးမားစွာထွန်းကားလာခဲ့ပါသည်။မိမိတို့၏ ရိုးရာအစားအစာများကိုစဉ်ဆက်မပြတ်အမြတ်တနိုးထိန်းသိမ်းလာခဲ့ပြီးမပျောက်ကွယ်သွားစေရန် ရည်ရွယ်၍ ပြုလုပ်နေကြသည်မှာဂုဏ်ယူဖွယ်ဓလေ့တစ်ခုအဖြစ် တွေ့မြင်နေရပါသည်။

ဆက်လက်၍ပအိုဝ်းလူမျိုးတို့သည် တပို့တွဲလတွင် မိမိအိမ်အတွက် တစ်နှစ်စာထင်းသိုလှောင်ရန် လုပ်ငန်းစတင်နေသည်ကိုလည်း မြင်တွေ့နေရပါသည်။ ထင်းများကို ဖြတ်တောက်ပြီးခွဲစိတ်ကာနေပူထဲတွင် ခြောက်သွေ့အောင်လှန်းပြီးအိမ်အောက်(သို့မဟုတ်) အိမ်ဘေးတွင် တဲပုံစံပြုလုပ်ပြီးသိုလှောင်ထားပါသည်။ ယင်းလုပ်ငန်းသည်အိမ်သားများအားလုံးတက်ညီလက်ညီလုပ်ကိုင်ရပြီးအချိန်အားဖြင့် နှစ်လအချိန်ယူရပါသည်။ ရရှိလာသောထင်းများထဲမှ ထင်းဦးထင်းဖျားအဖြစ် ဗုဒ္ဓမြတ်စွာဘုရားအားရည်စူး၍ မီးလှုံနိုင်ရန် အအေးဆုံးလဖြစ်သည့် တပို့တွဲလပြည့်ညတွင် မီးပုံပွဲများ၊ မီးလှုံပွဲစသည်ဖြင့် ထင်းမီးပူဇော်ပွဲကိုကျင်းပကြပါသည်။ ကျေးလက်ဒေသ၌ ထင်းမီးပူဇော်ရာတွင် တောင်ထိပ်ရှိဘုရားစေတီပတ်ဝန်းကျင်တွင် အပြိုင်အဆိုင် ကလေးလူကြီး၊ လူငယ်မရွေးထင်းမီးပူဇော်ပွဲပြုလုပ်ကြပါသည်။ ယခင်ကတောင်ကြီးမြို့ပေါ်စေတီတော်တွင်လည်းထင်းမီးပူဇော်ခြင်းဓလေ့ကိုပအိုဝ်းတိုင်းရင်းသားများ၊ တခြားတိုင်းသားများသာမက ဗုဒ္ဓဘာသာဝင်များအားလုံးသည် အတူတကွ စည်းလုံးညီညွတ်မှုဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့သည်ကိုလည်းသိရှိရပါသည်။နောက်ပိုင်းတွင် ဆုတောင်းပြည့်စေတီတော်သာမကတောင်ကြီးမြို့၏ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာဘုရားတွင်လည်း မြို့လုံးကျွတ် ထင်းမီးပူဇော်သည့်ဓလေ့ကို ယနေ့အထိစည်းကားသိုက်မြိုက်စွာကျင်းပလျက်ရှိနေသည်ကို မြင်တွေ့နေရပါသည်။ ထိုနေ့တွင် ဘုရားသို့ထင်းမီးပူဇော်ပြီးကုသိုလ်ယူရန်အတွက် ဘုရားသို့ မိသားစုအလိုက်၊ အုပ်စုအဖွဲ့လိုက်၊ အပျိုလူပျိုများ၊ လူကြီးမိဘများလာရောက်ကြပါသည်။ ထို့ကြောင့် ထင်းမီးပူဇော်ပွဲသည် ပအိုဝ်းကျေးလက်ဒေသများရှိဘုရားစေတီများတွင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပကုသိုလ်ယူလေ့ရှိသောရိုးရာပွဲတော်တစ်ခုဖြစ်လေသည်။

ထို့ကြောင့် တပို့တွဲလသည် ပွဲလမ်းသဘင်များကျင်းပသောကာလများလည်းဖြစ်ပါသည်။ တပို့တွဲလသည် ပေါက်ပန်းများပွင့်သောရာသီဖြစ်ပြီး ထမနဲထိုးပွဲကိုလည်း မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များအားလုံး ထပ်တူကျင်းပနေသည်ကိုလည်း တွေ့မြင်နေရပါသည်။ မည်မျှပင်တိုးတက်ပြောင်းလဲနေသောခေတ်ကာလဖြစ်သော်လည်း တပို့တွဲလသည် ပအိုဝ်းလူမျိုးတို့၏ ယနေ့တိုင်ရှင်သန်နေသော ယဉ်ကျေးမှုဓလေ့ထုံးစံတစ်ခုအဖြစ်တည်ရှိနေပါသည်။ ထို့ကြောင့် ချစ်မိတ်ဆွေများသည် ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာကျေးရွာများ၊ မြို့များတွင် လာရောက်လေ့လာပြီး ပအိုဝ်းလူမျိုးတို့၏ တပို့တွဲလတွင် လှုပ်ရှားနေသောပုံရိပ်များ၊ လပြည့်နေ့တွင် ပြုလုပ်သောယာဂုများကိုလည်းသုံးဆောင်နိုင်ပြီး ညဘက်တွင် တောင်ထိပ်ပေါ်ရှိစေတီများအနီးဝန်းကျင်တွင်လည်းထင်းမီးပူဇော်နေသည့် ပုံရိပ်များကိုကြည့်ရှု့နိုင်ပါသည်ဟုတိုက်တွန်းလိုပါသည်။

ဆာ;မူ;ပေ; (စန္တာ;ခမ်း)
Powered by Blogger.