Tuesday, February 5, 2019

ပအိုဝ်းဓမ္မကထိကသင်တန်းအပတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်




တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ မြေဖြူကမ္မဌာန်းကျောင်းတိုက်တွင် ပအိုဝ်းဘာသာစကားဖြင့် သင်ကြားသောပအိုဝ်းဓမ္မကထိကသင်တန်းအပတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၅) ရက်နေ့၊ နံနက် (၇း၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပထမတောင်ကျောင်းကြီးတိုက်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ပအိုဝ်းဓမ္မကထိက သြ၀ါဒါစရိယဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသိယဆရာတော်ထံမှ သရဏဂုဏ်သုံးပါးနှင့်တကွ ရှစ်ပါးသီလတော်မြတ်ကိုခံယူခဲ့ပြီးနောက်ဆရာတော်မှ သြဝါဒစကားများမှာကြားရာတွင် အဆင့်ရှိပြီးအနံ့မရှိသောပန်းကဲ့သို့ မဖြစ်စေရန် သင်းတန်းသားများအနေဖြင့် မိမိသိရှိစေလိုသောအသိပညာဗဟုသုတများကို မသိလျှင်မေးမစင်လျှင်ဆေးဆိုသည့်အတိုင်းမေးမြန်သင့်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ကြိုးစားအားထုတ်သင်ယူကြရန် လိုအပ်ကြောင်းမိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ အရိယဝံသမြို့ဦးကျောင်းတိုက် ပအိုဝ်းဓမ္မကထိက သြ၀ါဒါစရိယဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဣန္ဒကသြဝါဒစကားမိန့်ကြားရာတွင် မြတ်စွာဘုရားဟော်ကြားတော်မှုခဲ့သော တရားအတိုင်းအကုသိုလ်မှန်သမျှ ရှောင်ရှားသင့်ကြောင်း၊ ကုသိုလ်မှန်သမျှ ပြည်စုံအောင် လုပ်ဆောင်သင့်ကြောင်း၊ ဖြူစင်သောစိတ်ထားများထာရှိရန်လိုအပ်ကြောင်း၊ အသီးအပွင့်များပိုမိုပွင့်လန်းနိုင်အောင် သင်တန်းဆရာနှင့် သင်တန်းသားများအနေဖြင့် နှစ်ဦးနှစ်ဖက် ကြိုစားကြရန်လိုအပ်ကြောင်းစသော သြဝါဒစကားများကိုမြွက်ကြားပေးခဲ့ပါသည်။

အေးစေတီပရိယတ္တိစာသင်တိုက် ပအိုဝ်းဓမ္မကထိကသြ၀ါဒါစရိယ(အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)ဆရာတော်ဘဒ္ဒန္တလက္ခဏသမီဘိဝံသက သြဝါဒစကားမြွက်ကြားရာတွင် လူတိုင်းတွင် သီလ၊ သမာဓိ၊ ပညာများ ပြည့်စုံရန် လိုအပ်ကြောင်း၊ မြွေမြွေချင်းခြေမြင်ဆိုသည့်အတိုင် ပရိယတ္တိအရည်အချင်းပြည့်စုံမှုရှိမရှိကိုပရိယတ္တိအချင်းချင်းသာသိနိုင်ကြောင်း၊ ပဋိပတ္တိသည်လည်း ပဋိပတ္တိအချင်းချင်းသာလျှင် သိနိုင်ကြောင်း၊ ဓမ္မကထိကသင်တန်းတွင် တရားဟောပုဂ္ဂိုလ်များအတွက် တရားဟောနည်းများ၊ တရားအားထုတ်နည်းများ၊ နည်းမျိုးစုံပါဝင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိကိုယ်တိုင် ကြိုးစားအားထုတ် သင်ယူသင့်ကြောင်းစသောသြဝါဒစကားများမြွက်ကြားခဲ့ကြောင်းသိရပါသည်။

ထို့နောက် စန္ဒာရာမအလိုတော်ပြည့်ကျောင်းပအိုဝ်းဓမ္မကထိက အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ က ပအိုဝ်းဓမ္မကထိကသင်တန်းဖွင့်လှစ်ခြင်းအကြောင်းရင်းများမိန့်ကြားရာတွင် ပအိုဝ်းဓမ္မကထိကသင်တန်းဖွင့်လှစ်ခြင်းသည် ယခုနှစ်ဆိုလျှင် (၇) နှစ်ရှိပြီးဖြစ်၍ အမှတ်စဉ် (၁၂) ရောက်ရှိပြီးဖြစ်ကြောင်း၊ သင်ကြားပို့ချပြီးသောသင်တန်းသားဦးရေများ (၄၀၀) ခန့်ရှိပြီး ဖြစ်ကြောင်း၊ ဓမ္မကထိကသင်တန်းသားများအနေဖြင့်လည်းအကြည်ညိုပျက်စေမည့် အနေအထိုင်၊ သွားလာ၊ ပြောဆိုမှုများကိုလည်းဆင်ခြင်ကြရမည်ဖြစ်ကြောင်း၊သင်တန်းမှ ရရှိလာသောအသိပညာ၊ ဗဟုသုတများကိုမိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုများအတွက် ပြန်လည်အသုံးချရမည်ဖြစ်ကြောင်းသင်တန်း၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာသင့်ကြောင်းစသော သြဝါဒစကားများမြွက်ကြားခဲ့ကြောင်းသိရပါသည်။

ပအိုဝ်းဓမ္မကထိကသင်းတန်းအမှတ်စဉ် (၁၂) ကိုကထိကဆရာတော် (၂၁)ပါး၊ သင်တန်းသားသံဃာတော်များမှာတောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ကျောက်တလုံကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ လွယ်လင်မြို့နယ်၊ မောက်မယ်မြို့နယ်တို့မှ သံဃာတော် (၅၅)ပါး၊ ပအိုဝ်းမော်အဖွဲ့ (၁၉) ဦးတက်ရောက်သင်ယူလျှက်ရှိကြောင်းသိရပါသည်။

အဆိုပါသင်တန်းကို ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၅)နေ့မှ (၁၅)ရက်နေ့အထိသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။ သင်တန်းကာလတွင် ရပ်နီးရပ်ဝေးမှ ဒါယကာဒါယိကာမများအနေဖြင့် မိမိတို့စေတနာသဒ္ဓါတရားအားလျော်စွာ နံနက်ဆွမ်းနေ့ဆွမ်းများကို မြေဖြူကမ္မဌာန်းကျောင်းတိုက်အတွင်း လာရောက်ဆက်ကပ်လှူဒါန်းနိုင်ပါကြောင်း သင်တန်းဖြစ်မြောက်ရေးအဖွဲ့ ပြောကြားချက်အရသိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.