Tuesday, March 26, 2019

“သူခိုး၊ ဓါးမြထက် ဆိုးတဲ့ရန်သူ”

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်


နွေရာသီလို့ ဆိုလိုက်သည်နှင့် ပူပြင်းသော ရသကိုပေါ်လွင်စေပါသည်။ နွေရာသီ၏ ပူပြင်းလှသော ဒဏ်ကြောင့် သစ်ပင်များ၊ ပန်းပင်များ၊ စသည့်အပင်များ၏ သစ်ရွက်များ အပူဒဏ်ကြောင့် ခြောက်သွေ့ကာ မြေခခဲ့ရပေသည်။ ချောင်း၊ မြစ်၊ အင်းအိုင် စသည့်ရေများ ခန်းခြောက်လာကာ သက်ရှိသတ္တ၀ါများလည်း ရေအခက်အခဲများ ကြုံတွေ့ရမည်ပင်ဖြစ်သည်။

ပူပြင်းလှသည့် နေရောင်ခြည်အောက်တွင်လည်း ချွေးတစီးစီးကျကာ စားဝတ်နေရေးဝမ်းစာအတွက် ကြိုးစားပမ်းစားလုပ်ကိုင် လုံးပန်းနေရသော တောင်သူလယ်သမားများ၊ အလုပ်သမားများလည်း အထူးပင် ဂရုစိုက်ရပေမည်။ ၄င်းအပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ချွေးငုပ်သွားခြင်း စသည့်ရောဂါများ ရတတ်ပေသည်။ ပူပြင်းသည့် နေ့များမှာ အရက်သေစာ သောက်စားတတ်သူများလည်း ရေပိုငတ်စေသည့်အပြင် အပူရှပ်ခြင်း ဖြစ်ပေါ်စေတတ်သောကြောင့် ရှောင်ကြဉ်စေလိုပါသည်။ ဖြူဖြူဖွေးဖွေး၊ နုနုထုထု၊ ၀င်းဝင်းပပ၊ ရွှင်းရွှင်းလဲ့လဲ့ ပိုင်ဆိုင်ထားတဲ့ အသားရည်ပိုင်ရှင်လည်း အပြင်ထွက်လျှင် နေပူဒဏ် ကာကွယ်ရန်အတွက် ထီး(သို့မဟုတ်) ဦးထုပ်ဆောင်းသင့်သည်။

ပွင့်လင်းရာသီဆိုသည့်နွေရာသီကာလသည် ကျောင်းပိတ်ရက်ကာလ ဖြစ်သည့်အတွက် မိမိတို့ကလေးများကို မီးဆော့မကစားရလေအောင် မီးခြစ်ကအစ ဂစ်အိုးများ၊  အားသွင်းကြိုးများ၊ လမ်းသွားလမ်းလာ ဆေးလိပ်သောက်တတ်သည့် အကျင့်များကို ပေါ့ပေါ့တန်တန် မလုပ်သင့်၊ မထားသင့်သော ကာလဖြစ်သည်။

မိမိတွင်ရှိသော စည်းစိမ်ဥစ္စာရွှေငွေရတနာများကို ရန်သူဓါးပြသူခိုးလုယက်ရာတွင် အနည်းနဲ့အများစားစရာ ကျန်ရှိပါသော်လည်း မီးဘေးအန္တရာယ်နှင့် ကြုံသည့်အခါဝယ် ဘာမျှစားစရာထားစရာမရှိပဲ အတိဒုက္ခရောက် ကြရလေသည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးနေရာအနှံ့အပြားသည် မီးဘေးအန္တရာယ်ကြောင့် ကိုယ်ပိုင်ပစ္စည်း ဥစ္စာနှင့်တကွ နိုင်ငံတော်ဘဏ္ဍာမြောက်များစွာ ဆုံးရှုံးရလေသည်။ လေပြင်းမုန်တိုင်းတိုက်ခြင်း၊ မီးကြွင်း မီးကျန်များထားခြင်း၊ ပေါ့လျော့ခြင်းတို့ကြောင့် မဖြစ်သင့်သည့် အပြောင်းအလဲများ  ဖြစ်တတ်သည်ကို လူတိုင်းဂရုစိုက်ရမည့် အချက်ဖြစ်သည်။

မီးဘေးအန္တရာယ်နှင့် မလွဲမသွေ ကြုံလာမိပါက ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ သဲအိတ်ရေအိတ်များချိတ်ထားခြင်း၊ လုပ်ငန်းများကို မလွဲမသွေလုပ်ဆောင်ရမည် ဖြစ်သည်။

မီးဘေး၏ဆိုးရွာသောသက်ရောက်မှုများကိုရှောင်ရှားနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် ရှောင်စရာဆောင်စရာများကို ဖတ်ရှုလေ့လာမှတ်သားထားရမည်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် ဆက်သွယ်နိုင်သည့် အရေးပေါ်ဖုန်းနံပါတ်များကိုလည်းထားရှိရမည်ဖြစ်သည်။

အချို့သောကျေးရွာများနှင့် မြို့နယ်များတွင် မီးဘေးအန္တရာယ် မကျရောက်ရလေအောင် မီးနှင့်ပတ်သက်ပြီး အိမ်တိုင်းလိုက်နာရမည့် စည်းကမ်းချက်များကိုထုတ်ပြန်ထားလေသည်။ ထိုထုတ်ပြန်ထားသည့်အတိုင်း လိုက်နာကြသည့်အခါ များစွာစိတ်သက်သာရာရရှိလေသည်။

မီးဟူသည် စားဝတ်နေရေးအတွက် အသုံးဝင်သကဲ့သို့ ရန်သူငါးပါးထဲတွင် တစ်ပါး အပါအ၀င် ဖြစ်လေသည်။ မီးဘေးအန္တရာယ် ကာကွယ်ရာတွင် မိမိနေထိုင်ရာဒေသအလိုက် လူနေမှု အခြေအနေများကိုကြည့်ပြီးဆုံးဖြတ်ချက်များကိုမမှားရလေအောင် ကြိုတင်ပြင်ဆင်မှုများအစီအမံများနှင့် ကယ်ဆယ်ရေးပစ္စည်းကိရိယာများကိုကြိုတင်ထားရှိရမည်ဖြစ်သည်။

နွေရာသီကာလ၏ အကြောက်ရဆုံးသော၊ အလွန်ပင် ဂရုစိုက်ရမည့်အရာမှာ မီးဘေးအန္တရာယ် ပင်ဖြစ် သည်။ မီးလောင်မူဖြစ်လျှင် အလွန်ပင်ထိန်းရခက်သည်။ မီးခြစ်ဆံတစ်ဆံဟာ ဖယောင်းတိုင် မီးထွန်းလင်းနိုင် သကဲ့သို့၊ လောင်ကျွမ်းနိုင်သော လောင်စာကို တွေ့ရှိပါကလည်း ပြာအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ မီးခြစ်ဆံတစ်ဆံလည်း ကြောက်စရာကောင်းသကဲ့သို့ မြွေသေးပေမည့်လည်း အဆိပ်ရှိပါသည်။ “ အမှိုက်ကအစ ပြသဒ်မီးလောင်” ဆိုသကဲ့သို့ အသေးအမွှား အမှိုက်ကအစ အကုန်လုံးပြောင်နိုင်သည်။ ထို့ကြောင့်လည်း “ မီးဘေးရှောင် မလောင်ခင်တား၊ သင့်ကြောင့် မီးမလောင်ပါစေနှင့်” စသည့် စကားပုံများ ပေါ်ထွန်းလာစေခဲ့သည်။

ဥတုရာသီတောကိုမှီ၏ ဆိုသည့်အတိုင်း သဘာဝတောတောင်များ ရေမြေအရင်းအမြစ်များ၊ ဂေဟစနစ်များ မပျက်စီးရလေအောင် မီးကိုသတိထားကြရမည်။ တောမီးရှို့ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ထင်းလောင်စာ အလွန်အကျွံအသုံးပြုခြင်းများကို အတတ်နိုင်ဆုံးရှောင်ကြဉ်၍ ကျေးရွာမှာဖြစ်စေ၊ မြို့ပြတွင်ဖြစ်စေ သစ်ပင်များ ပြန်လည်စိုက်ပျိုးနိုင်မှသာလျှင် လူ့လောက လူ့ပတ်ဝန်းကျင်တွင် သတ္တ၀ါများ အပါအ၀င် လူနေထိုင်မှု အားလုံးတည်ငြိမ်အေးချမ်းပြီး သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ပေးပြီးသား ဖြစ်ကြောင်းရေးသားတင်ပြရင်း “ ရန်သူငါးပါးထဲမှာ၊ အင်မတန်၊ ဆိုးဝါးလှတာ၊ မညှာတာ၊  ဘယ်သူမှမထောက်တာ၊ သူခိုးဓါးမြထက် ဆိုးတဲ့၊ ရန်သူဟာ၊ ဒီဇမ္ဘူတခွင်မှာ၊ ရန်သူမီးကို၊ အစဉ်အမြဲ၊ သတိပြုပါ” တေးသံရှင်ဦးထွန်းရွှေ သီဆိုခဲ့သည့် “မီးသတိပြုပါ” သီးချင်းကိုညဉ်းသွားရင်း သူခိုး၊ ဓါးမြထက်ဆိုးတဲ့ ရန်သူ မီးဘေးအန္တရာယ် ဆောင်းပါးကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရလေသည်။

နန်းဟွမ်ပေး (တောင်,ကီ;ဆ,ကွဉ်;)
Powered by Blogger.