Wednesday, April 3, 2019

ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်လာသော ပြည်ထောင်စုငယ် (သို့) ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄)ရက်








မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(ဂ)အရ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်စသည့် မြို့နယ်(၃)မြို့နယ်ကို စုစည်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြု ပြဌာန်းပေးခဲ့၏။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ ချင်း၊ ကရင်၊ အင်းသား၊ ဓနု၊ လီရှော၊ မွန်၊ လီဆူ၊ တောင်ရိုး၊ ကယန်း၊ စသဖြင့် တိုင်းရင်းသားများဖြင့် အေးအတူ၊ ပူအမျှ အေးချမ်းစွာ စုစည်းနေထိုင်ကြသောနေရာ(သို့) နယ်မြေတစ်ခုဟု ဆိုလျှင် မှားမည်မထင်ပေ။ ထို(၃)မြို့ နယ်တွင် ၇၂% ရာခိုင်နှုန်းမှာ ပအိုဝ်းလူမျိုးများဖြစ်ပြီး ကျန်ရှိသော ၂၈% ရာခိုင်နှုန်းမှာ ညီနောင်တိုင်းရင်းသားများ အသီးသီးနေထိုင် လျက်ရှိကြောင်း တွေ့မြင်ရပါသည်။ ထို့ကြောင့် ၄င်းဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအမည်ဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့ခြင်းသာဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ပအိုဝ်း၊ ပလောင်၊ ဓနု၊ ကိုးကန့်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟူ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(၁)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၅)ခုကို ပြဌာန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော်မှ ပြဌာန်းပေးခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများထဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာသော ဒေသတစ်ခုဟု ပြောနိုင်ပါသည်။ ဤသို့ ဖွံ့ဖြိုးတိုးတက်လာရသည်မှာ အကြောင်းတရားများစွာ ရှိမည်မှာ မလွဲဧကန်ပင် ဖြစ်၏။

နိုင်ငံတစ်နိုင်ငံ(သို့)ဒေသတစ်ခု ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရခြင်းမှာ ထိုနိုင်ငံ၊ ထိုဒေသကို ဦးဆောင်သော ခေါင်းဆောင်၏ ပေါ်လစီမှန်ကန်မှုနှင့် ထိုနိုင်ငံဒေသအတွင်း နေထိုင်ကြသော နိုင်ငံသား (ပြည်သူ)တို့၏ ရိုးသားကြိုးစားမှုတို့အပေါ် များစွာ မူတည်နေလိမ့်မည် ဖြစ်သည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေဖြင့် ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသကို ဦးစီးသော ဒေသအစိုးရအဖွဲ့များ၏ ကြိုးစားအားထုတ်မှုနှင့် ဒေသအတွင်း နေထိုင်ကြသော ညီနောင်တိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်မှုများကြောင့်ပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဦးစီးနေသော ဥက္ကဋ္ဌဖြားခွန်စံလွင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပတ်သက်၍ “ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများ အေးအတူ၊ ပူအမျှ စုပေါင်းနေထိုင်သော ပြည်ထောင်စုငယ်တစ်ခုသာ ဖြစ်ကြောင်း” (၁၇)နှစ် ကြိမ်မြောက် ကယန်းအမျိုးသားနေ့တွင် ပြောကြားခဲ့ဖူးပါသည်။ ထိုဒေသဦးစီးဥက္ကဋ္ဌ၏ စကားအရဆိုလျှင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပအိုဝ်းလူမျိုးများကပင် ပိုင်ဆိုင်သည်မဟုတ်သကဲ့သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရန်မှာလည်း ပအိုဝ်းလူမျိုးနှင့်ပင် က်ဆိုင်သည်မဟုတ်ဘဲ ဒေသတွင်း နေထိုင်ကြသော ညီနောင်တိုင်းရင်းသားများ အပေါ်သာသက်ဆိုင်နေကြောင်း တွေ့မြင်နိုင်ပါသည်။ ဤသည်မှာ ဒေသဦးစီးဥက္ကဋ္ဌ၏ ညီနောင်တိုင်းရင်းသားများအပေါ် ကျောသား၊ ရင်သားမခွဲခြားသော တန်းတူအခွင့်အရေးပေးသော စိတ်စေတနာသဒ္ဓါတရားကို မြင်တွေ့နိုင်ပါသည်။ ထိုအချက်သည် ဒေသငြိမ်းချမ်းရေးကို များစွာအထောက်အပံ့ပေးသည်ဟု မြင်မိပါသည်။

ထို့အပြင် ဒေသတစ်ခုငြိမ်းချမ်းရခြင်းမှာ ထိုဒေသတွင် အများစုနေထိုင်ကြသော လူမျိုးစု၏ စိတ်သဘေထားနှင့် ဓလေ့ရိုးရာများပေါ်တွင် များစွာ မူတည်နေလိမ့်မည်ဟု ယူဆမိပါသည်။ ပအိုဝ်းလူမျိုးများသည် ခေတ်အဆက်ဆက်မှ ဘဝကံကြမ္မာဆိုးများကို ဖြတ်သန်းကြုံတွေခဲ့ရသူများ ဖြစ်သောကြောင်း ကိုယ်ချင်းစာတရား၊ သူတစ်ပါးအပေါ် နားလည်ပေးနိုင်စွမ်း၊ ရိုးသားဖြူစင်မူ အစရှိသော စိတ်သဘောထားများကို ပိုင်ဆိုင်ထားသူများပင် ဖြစ်ကြသည်။ တဖက်တွင်လည်း အပြန်အလှန် စုပေါင်းလုပ်ဆောင်တတ်သော ယဉ်ကျေးမှုဓလေ့များကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်ကြပြန်ပါသည်။ ထို့ကြောင့် ပအိုဝ်းအများစုနေထိုင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငြိမ်းချမ်းပြီး တိုးတက်ရခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။

တစ်ဖက်တွင်လည်း ပအိုဝ်းခေါင်းဆောင်ကြီး၏ အမြော်အမြင်ကြီးမှုနှင့် ကျင့်သုံးသော မူဝါဒမှန်ကန်မှုတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်လာရခြင်း၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပြည်သူလူထုများ ဘဝလုံခြုံမှုရှိရန်၊ စစ်ဘေး စစ်ဒဏ်မှ ကာကွယ်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ၁၉၉၁-ခုနှစ်တွင် ငြိမ်းချမ်းရေးရယူခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်၏အကူအညီဖြင့် သော်လည်းကောင်း၊ ပြည်တွင်းပြည်ပအလှူရှင်(NGO)များနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ ကိုယ်ထူကိုယ်ထ(ကိုယ့်အားကိုယ်ကိုး)ဖြင့် သော်လည်းကောင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

ငြိမ်းချမ်းရေးရယူခဲ့ခြင်းကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပေ။ ၁၉၉၃-ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီအစိုးရက မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရန်အတွက် အမျိုးသားညီလာခံကျင်းပမည့် အကြောင်းကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက ကြားသိခဲ့ရပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပအိုဝ်းလူမျိုးများ၏ ရပိုင်ခွင့်များကို ထည့်သွင်းဆွေးနွေးနိုင်ရန် ဖြားတန်စင်ဖါအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ငြိမ်းချမ်းရေးရယူခဲ့ခြင်းမှာ အဓိက အကြောင်းတရားတစ်ခုပင် ဖြစ်နေပါသည်။ ထို့ကြောင့် ဖြားတန်စင်ဖါအောင်ခမ်းထီက ၁၉၉၃-ခုနှစ်မှ ၂၀၀၇-နှစ်အထိ ပြုလုပ်သော အမျိုးသားညီလာခံများတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် မရှိသေးသော လူနည်းစုတိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြဌာန်းပေးရန် ဆွေးနွေးပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယခုကဲ့သို့ ရှင်သန်ပေါ်ပေါက်လာခဲ့ရသည်မှာ ပအိုဝ်းခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမှုသည်လည်း ပါဝင်နေပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဦးစီးရန်အတွက် နိုင်ငံတော်အစိုးရက ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဒေသတွင်းပြည်သူများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကို  ရွေးချယ်ပေးခဲ့ခြင်းကြောင်း ယခုကဲ့သို့ ဥက္ကဋ္ဌဖြားခွန်စံလွင်ဦးဆောင်သောအဖွဲ့များက စီမံအုပ်ချုပ်ခွင့်ရခဲ့ခြင်းသာ ဖြစ်သည်။ ဥက္ကဋ္ဌဖြားခွန်စံလွင်သည် ဒေသဦးစီးဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့်အချိန်တွင် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် ရေတို၊ ရေရှည် မဟာဗျူဟာ စီမံကိန်းများရေးဆွဲကာ နိုင်ငံတော်အစိုးရဖြင့်တစ်နည်း၊ NGOအလှူရှင်များနှင့်တဖုံ၊ ကိုယ်ထူကိုယ်ထဖြင့် တစ်မျိုးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ လမ်းပန်းဆယ်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ စီးပွားရေးစသော လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့သည်။

ဒေသဦးစီးအဖွဲ့များ၏ ကြိုးပမ်းအားထုတ်ပေးခဲ့မှုကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပညာရေးကဏ္ဍ၌ အထက်တန်းကျောင်း(၂၃)ကျောင်းနှင့် အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ မူကြိုကျောင်း စုစုပေါင်း(၈၃၂)ကျောင်း ရှိလာခဲ့ပြီးဖြစ်ကြောင်း ဒေသဦးစီးအဖွဲ့မှ ထုတ်ပြန်ထားသော ၂၀၁၅-ခုနှစ်စာရင်းအရ သိရပါသည်။ ထို့ပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်းကိုလည်း ပအိုဝ်းအမျိုးသားပိုင်(ဒဲဉ်သီးဗွေ)ကွင်းတွင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူဦးရေမှာ (၆၀၂၉)ဦးရှိကြောင်းသိရသည်။ တစ်ဖက်တွင်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတရားရုံးပါ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးလာရခြင်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဦးစီးနေသော ဒေသဦးစီးအဖွဲ့၏ အခန်းကဏ္ဍသည် အသက်သွေးကြောတစ်ခုပင် ဖြစ်နေပါသည်။

ထို့ကြောင့် “ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသသည် အခြားနေရာဒေသများအတွက် ဖွံ့ဖြိုးတိုးတက်မှု စံပြ ဖြစ်လာနိုင်သည်” ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု (၅)နှစ်စီမံကိန်း ကူညီရေးဆွဲပေးခဲ့သော မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ Myanmar Institute for Integrated Development (MIID)မှ အဖွဲ့ခေါင်းဆောင် Mr. Phil Young က ဒေသဦးစီး ဥက္ကဋ္ဌဦးခွန်စံလွင်ကို ချီးကျူးပြောဆိုခဲ့ဖူး၏။ Mr. Phil Youngသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးမှုအခြေအနေများကို ကိုယ်တိုင်မြင်တွေ့ရသူဖြစ်သောကြောင့် ထိုချီးကျူးစကားကို ပြောခဲ့ဟန်တူသည်။ ထိုသို့ ချီးကျူးခံရသော်လည်း တစ်ဖက်တွင် လိုအပ်ချက်များစွာနှင့် ဆက်လက်လုပ်ဆောင်ရ မည့်လုပ်ငန်းများစွာ ရှိနေသေးသည်မှာ မလွှဲဧကန်ပင်ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပေါ်လာသည့်နောက်ပိုင်း ယခုအချိန်ထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု ရှိလာခဲ့သည်ကို ဒေသတွင်း နေထိုင်ကြသော ပအိုဝ်းလူမျိုးများနှင့် ညီနောင်တိုင်းရင်းသားများက ဂုဏ်ယူထိန်းသိမ်းရမည်ဖြစ်သည်။ ပအိုဝ်းခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမှု၊ ဒေသတွင်းနေထိုင်ကြသော ပအိုဝ်းလူမျိုးများနှင့် ညီနောင်တိုင်းရင်းသားများ၏ လက်တွဲပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသဦးစီးအဖွဲ့များ၏ ကြိုးစားအားထုတ်မှုကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှင်သန်ဖွံ့ဖြိုးလာသော ပြည်ထောင်စုငယ်တဖွယ် ဖြစ်နေပါတော့သည်။

ယခုနှစ်တွင် ၁၉၉၅-ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၊ ကျိုက္ကဆံကွင်းတွင် ကျင်းပသော အမျိုးသားညီလာခံ၌ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက တိုင်း/ပြည်နယ်မရှိသေးသော တိုင်းရင်းသားလူနည်းစုအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(သို့မဟုတ်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထည့်တွင်းသတ်မှတ်ပေးရန် အဆိုတင်သွင်း တောင်းဆိုခဲ့သည့်နေ့ကို အစွဲပြု၍ ဟိုပုံးမြို့၌ ပထမဆုံးအကြိမ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့ ပြုလုပ်မည်ဟု ကြားသိရပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့သည် နေရာဒေသအသီးသီးရှိ ပအိုဝ်းလူမျိုးအားလုံးနှင့် ဒေသတွင်း နေထိုင်ကြသော ညီနောင်တိုင်းရင်းသားများအားလုံး သက်ဆိုင်သောနေ့ တစ်နေ့ပင်ဖြစ်သည်။ ထို့ကြောင့် ဟိုပုံးမြို့၊ ဒေသဦးစီးရုံး၌ ပထမဆုံးအကြိမ်ပြုလုပ်မည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့ကို ဂုဏ်ပြုသောအားဖြင့် နေရာဒေသအသီးသီးရှိ ပအိုဝ်းလူမျိုးများနှင့် ဒေသတွင်းညီနောင်တိုင်းရင်းသားများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ဤဆောင်းပါဖြင့် တိုက်တွန်းလိုက်ရပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.