Tuesday, April 2, 2019

ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းဝင်သည့်နေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂)ရက်



ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီနှစ်များစွာကတည်းကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ပဲစုစည်းနေထိုင်ကြသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ပြည်ထောင်စုအတွင်းတိုင်းရင်းသားလူမျိုးပေါင်း(၁၀၀)ကျော်တို့သည် မတူညီသောပထ၀ီဝင်အနေအထားပေါ်တွင် မတူညီသောသမိုင်းကြောင်းများနှင့် ကွဲပြားခြားနားသောဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကိုယ်စီဖြင့် နေထိုင်လာကြပြီး တိုင်းပြည်တည်ဆောက်ရာ၌ လက်တွဲညီစွာပါဝင်ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ယနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် စုစည်းတည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ တိုင်းရင်းသားလူမျိုးများအနက် ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်တစ်မျိုးအပါအ၀င် ဖြစ်သည့်အပြင် ပြည်ထောင်စုလူဦးရေ၏ အဆင့်(၆) (သို့မဟုတ်)အဆင့်(၇)တွင် တည်ရှိသည့် လူမျိုးတစ်မျိုးဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၃)ခုရေးဆွဲ၍ အတည်ပြုပြဋ္ဌာန်းပြီး ကျင့်သုံးခဲ့/ဆဲ ဖြစ်ပါသည်။ ကျင့်သုံးပြီး ၁၉၄၇ နှင့် ၁၉၇၄ဖွဲ့စည်းပုံတွင် ပအိုဝ်းလူမျိုးသည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ရှိပြီးသော(အဆိုပါ ဖွဲ့စည်းပုံများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများမပါရှိပေ)အချို့ညီနောင်တိုင်းရင်းသားလူမျိုးများထက် လူဦးရေပိုများခြင်း၊ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း၊ မြန်မာစကားနှင့်မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း၊ ယဉ်ကျေးမှုတစ်မျိုးတည်းရှိခြင်း၊ ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုရှိသော လူစုရှိခြင်း၊ လူဦးရေအတော်အတန်ရှိခြင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ဒေသတစ်ခုအဖြစ်ဖြင့် မိမိတို့၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေထိုင်လိုသောဆန္ဒရှိခြင်း စသည့်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရသင့်ရထိုက်သော အခွင့်အရေးများ မရရှိခဲ့ပေ။

၁၉၄၇ ဖွဲ့စည်းပုံအရ ပြည်ထောင်စုကို ဖွဲ့စည်းထူထောင်ပြီးသည့်နောက် ၁၉၅၁ အခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအရ ၁၉၅၄ - ခုနှစ်တွင် ‘‘ ကော်သူလေးအထူးဒေသကိုကရင်ပြည်နယ်’’အဖြစ် တိုးမြှင့်သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် ၁၉၇၄ ဖွဲ့စည်းပုံတွင်လည်း ’’ချင်းဝိသေသတိုင်းကိုချင်းပြည်နယ်’’အဖြစ်လည်းကောင်း၊ ’’ရခိုင်တိုင်းကိုရခိုင်ပြည်နယ်’’အဖြစ်လည်းကောင်း၊ ’’ တနင်္သာရီတိုင်း(၁)ကိုမွန်ပြည်နယ်’’အဖြစ်လည်းကောင်း အသီးသီး သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ သို့ဖြစ်၍ ပြည်ထောင်စုကြီးတွင် ’’ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်’’တို့သည် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များအဖြစ်ပေါ်ထွန်းခဲ့ခြင်းသည် သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံညီညွတ်သည့် ညီနောင်တိုင်းရင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင်နေ့များပင်ဖြစ်သည်ဟုမှတ်ယူရမည် ဖြစ်ပါသည်။

၁၉၉၃ - ခုနှစ်မှ စတင်၍ ၂၀၀၇ - ခုနှစ်ထိ (၁၄)နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံတွင် အလွှာအသီးသီးမှ ညီလာခံကိုယ်စားလှယ်များနှင့် ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ညီလာခံ(၂)နှစ်မြောက် ’’၁၉၉၅ - ခုနှစ်၊ ဧပြီလ(၇)ရက်နေ့’’တွင် ကျိုက္ကဆံကွင်း၌ ကျင်းပသည့်ညီလာခံတွင် နောင်အတည်ပြုပြဋ္ဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယခင် ၁၉၄၇နှင့် ၁၉၇၄ ဖွဲ့စည်းပုံကဲ့သို့ သတ်မှတ်ချက်မူများနှင့် ပြည့်စုံညီညွတ်သည့် တိုင်းရင်းသားလူမျိုးများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ထပ်မံပေါ်ထွက်လာရန် ပအိုဝ်းတိုင်းရင်းသားများ၏ ကိုယ်စားလှယ်ဖြစ်သည့် လက်ရှိပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီသည် ’’ နိုင်ငံတော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးမရရှိသေးသော တိုင်းရင်းသားလူမျိုးများအတွက် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ သတ်မှတ်ချက်များနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ထည့်သွင်းသတ်မှတ်ပေးရန် ’’တောင်းဆိုဆွေးနွေးခဲ့ရာမှ သတ်မှတ်ချက်အခြေခံမူများနှင့် ပြည့်စုံညီညွတ်သည့် တိုင်းရင်းသားလူမျိုးများဖြစ်သည့် ’’ (က)နာဂ၊ (ခ) ဓနု၊ (ဂ)ပအိုဝ်း၊ (ဃ)ပလောင်၊ (င) ကိုးကန့် (စ) ‘‘ ၀ ’’ စသည့်တို့ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ’’၂၀၀၈ - ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၏ ပုဒ်မ ၅၆ ’’တွင် သတ်မှတ်ပေးသည်ကိုလေ့လာပါက တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

ထိုနေ့ထိုအချိန်သည် မျှော်မှန်းထားသည့်အဆင့် သတ်မှတ်ခြင်း မရှိသော်လည်း သတ်မှတ်ချက် အခြေခံမူများနှင့်အညီ ရသင့်ရထိုက်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်ပင် အဆိုပါ တိုင်းရင်းသားလူမျိုးများအတွက် ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာ တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင် နှစ်၊ လ၊ နေ့ရက်ကို ပိုင်ဆိုင်ခွင့် ရရှိသွားခြင်းဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ (၁၉၄၇ - ၁၉၇၄) ဖွဲ့စည်းပုံတို့တွင် မည်သည့်အခွင့်အရေးမျှ မရရှိခဲ့သည်ထက်သာလျှင် ယနေ့ကာလတွင် မိမိတို့သည် ၂၀၀၈ - ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုသည့် အိမ်ကြီး(၃)လုံးကို ရရှိပိုင်ဆိုင်ထားပြီးဟု ဆိုလျှင်မှားမည်မထင်။ သို့သော် ၎င်းအိမ်ကြီး ပြိုကျပျက်စီးခြင်း၊ ခြစားခြင်း၊ အခြားသူစိမ်းများအား ပေးအပ်ခြင်း၊ မိသားစုဝင်မဟုတ်သည့် သူစိမ်းများ မတက်ရောက်နိုင်အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည် မိမိအပါအ၀င် ပအိုဝ်းတိုင်းရင်းသားပြည်သူ အားလုံးတို့၏ တာဝန်ပင် ဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် ၂၀၁၀ နှင့် ၂၀၁၅ - ခုနှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာဒေသတွင်းနေ ပအိုဝ်းပြည်သူများနှင့် ညီနောင်တိုင်းရင်းသားများ၏ ထောက်ခံဆန္ဒမဲဖြင့်နေရာအားလုံးအနိုင်ရရှိခြင်းကြောင့် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည့်အပြင် ဒေသဦးစီးအဖွဲ့ပါ ဖွဲ့စည်း၍ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် ဒေသပြည်သူအကျိုးကို တတ်စွမ်းသမျှ ထမ်းဆောင်ကြသကဲ့သို့ ပြည်နယ်အတွင်း ဆက်စပ်မြို့နယ်များတွင်လည်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအစိုးရနှင့် အစိုးရမဟုတ်သည့် (NGO,INGO)တို့နှင့် ချိတ်ဆက်၍ ရရှိသည့် အကူအညီများဖြင့်နိုင်ငံတော်နှင့် ဒေသပြည်သူအကျိုးကိုထမ်းဆောင်လျက်ရှိသည်မှာထင်ရှားစွာတွေ့ရှိရပါသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိမှုသည် ၁၉၉၃ မှ ၂၀၀၇ ထိကျင်းပသည့် အမျိုးသားညီလာခံအားတက်ရောက်ခဲ့သောဦးအောင်ခမ်းထီဦးဆောင်သည့် ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်များ၏ ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်သကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီး ယနေ့ထိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဦးစီးအဖွဲ့ကိုမိမိတို့ ပအိုဝ်းတိုင်းရင်းသားများ၏ မိခင်အဖွဲ့အစည်းအစစ်အမှန်ဖြင့် ဖွဲ့စည်းနိုင်ခြင်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အား ထောက်ခံဆန္ဒမဲပေးကြသောဒေသတွင်းနေ ပအိုဝ်းပြည်သူများနှင့် ညီနောင်တိုင်းရင်းသားများ၏ အနှိုင်းမဲ့ ဆောင်ရွက်ချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အိမ်ကြီး(၃)လုံး၏ ပိုင်ရှင်သည် မိမိတို့ပအိုဝ်းလူမျိုးသည်သာ ဖြစ်သည့်အတွက် မိမိတို့၏အခြေအနေ၊ လိုအပ်ချက်၊ အခက်အခဲ၊ ပြဿနာများကိုမိမိတို့ပိုင်ရှင်ဖြစ်သူသည်သာအသိဆုံးဖြစ်၍ကိစ္စဟူသမျှစီမံခန့်ခွဲဖြေရှင်းမှသာအောင်မြင်တိုးတက်ဖြစ်ထွန်းမှုဆီကိုအလွယ်တကူလျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

ဤနေရာတွင် မိမိတို့၏ နေအိမ်ကိုအခြားသွေးသားမတော်စပ်သူများမှလာရောက်နေထိုင်ခြင်း၊ စီမံခန့်ခွဲဖြေရှင်းခြင်းများဆောင်ရွက်ပါကမည်ကဲ့သို့ ခံစားရမည်နည်းလက်ခံနိုင်မည်လားဆိုသည်မှာမိမိကိုယ်ကိုပြန်လည်မေးမြန်းစဉ်းစားဆင်ခြင်သုံးသပ်ကြရမည် ဖြစ်ပါသည်။ မိမိတို့၏ ရွာသူကြီးအားရွာတွင်းရှိ ပုဂ္ဂိုလ်များကို ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း၊ ခန့်အပ်ခြင်းမပြုပဲအခြားကျေးရွာ၊ အခြားပုဂ္ဂိုလ် များအားအထင်ကြီးလေးစားကာသူကြီးအဖြစ် တင်မိပါကမိမိတို့လက်ခံနိုင်မည်လား၊ ဖြစ်သင့်မဖြစ်သင့်၊ ဖြစ်နိုင်မဖြစ်နိုင်မိမိတို့ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ကြရမည် ဖြစ်ပါသည်။ ထိုသို့သောအဖြစ်မျိုးမဖြစ်စေရန်၊ မကြုံစေရန် ဆင်ခြင်တုံတရားများရှေ့ထားပြီးသတိကြီးစွာထားရန်လိုမည်ဖြစ်ပါကြောင်းအကြံပြုအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ၂၀၁၉ - ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် ကျရောက်သောပထမဆုံးအကြိမ်ကျင်းပမည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ်ပေါက်လာသည့်နေ့ (ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းဝင်နေ့တစ်နေ့)အားကျေးရွာတိုင်း၊ မြို့နယ်တိုင်းရှိ ပအိုဝ်းတိုင်းရင်းသားများ၏ နေအိမ်တိုင်းတွင် ပအိုဝ်းအမျိုးသားအလံတော်ကိုလွင့်ထူခြင်းဖြင့်အတူတကွ ဂုဏ်ပြုကြိုဆိုကြပါစို့ဟုတိုက်တွန်းလိုပါသည်။ အဆိုပါ နေ့ရက်မှအစပြု၍ နောင်တည်ဆောက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် မိမိတို့ပအိုဝ်းတိုင်းရင်းသားများ၏တိုးတက်ဖြစ်ထွန်းလာသည့် ခေတ်စနစ်နှင့်အညီအိမ်ကြီး(၃)လုံးဟုတင်စားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတစ်ဆင့် ထိုထက်မကရသင့်ရထိုက်သောအခွင့်အရေးများအားအခြားညီနောင်တိုင်းရင်းသားများနည်းတူရရှိနိုင်ရန်နှင့် နောက်ထပ်သမိုင်းဝင်မည့် နှစ်၊ လ၊ ရက်များကိုရယူပိုင်ဆိုင်နိုင်ရန် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

ခွန်နောင်နောင်
Powered by Blogger.