Thursday, April 25, 2019

ဆုံမှတ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်

Photo-Credit

အတိတ်သည် ပစ္စုပ္ပန်ကိုပိုမိုလွယ်ကူစွာ နားလည်သဘောပေါက်စေနိုင်သည်သာမက အနာဂါတ်တွင် မည်ကဲ့သို့ဖြစ်လာနိုင်မည်ဆိုသည်ကိုလည်း ကြိုတင်မှန်းဆနိုင်ရန်အတွက် ရှေးကာလဖြစ်ရပ်သည် အလွန်အရေးကြီးပါသည်။ အတိတ်ကာလဟူသည် လူတစ်ဦးချင်းမှသည် လူမျိုး၊ နိုင်ငံ/တိုင်းပြည်ဟုဆိုပြီး သူနှင့်သက်ဆိုင်ရာ အတိတ်ကာလသည် မလွှဲမသွေရှိကြမည်ဖြစ်သည်။ အတိတ်ဟူသည် ကောင်းသည့်အတိတ်ရှိသကဲ့သို့ နာကျည်းဝမ်းနည်းစရာအတိတ်တွေလည်း ရှိကြမည်ဖြစ်သည်။ ပအိုဝ်းလူမျိုးနှင့်ပတ်သက်သော အတိတ်ကာလသမိုင်းသည် ယနေ့ခေတ် ပအိုဝ်းလူငယ်များအတွက် လေ့လာသင်ယူစရာ သင်ခန်းစာများစွာရှိနေပါသည်။

အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များသည် အတိတ်ကရင်နစ်စရာ သမိုင်းသင်ခန်းစာကို အစဉ်သတိရနေရန်လိုအပ်သည်။ လူမျိုးတစ်မျိုးသည် စစ်ရှုံး၍ဖြစ်စေ၊ အင်အားကြီးသူကမတရားအနိုင်ကျင့်ခံရသည်ဖြစ်စေ မိမိလူမျိုးသည် တခြားလူမျိုးတစ်မျိုး၏ ၀ါးမြိုခြင်းကိုခံရပြီဆိုပါက ၀ါးမြိုခြင်းခံရသည့် လူမျိုးနှင့် သက်ဆိုင်သော အရေးကြီးသည့်အရာ၊ တန်ဖိုးရှိသောသက်သေအထောက်အထားဟူသမျှသည် အစအနမကျန်အောင် ဖျက်ဆီးပစ်ခြင်းခံရမည်ဖြစ်သည်။

တစ်ချိန်တစ်ခါက ပအိုဝ်းလူမျိုးသည် သူရိယစန္ဒာမင်းမှစ၍ မနူဟာမင်းအထိ မင်းဆက်ပေါင်း (၁၅၈)ဆက်အထိ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကျဌါန်းနှင့် ဘုန်းရှိန်သမ္ဘာကြီးမြင့်စွာဖြင့် ခမ်းနားထည်ဝါစွာဖြင့် နေလာခဲ့ကြသော လူမျိုးတစ်မျိုးဖြစ်သည်။ ဘာသာသာသနာကိုလည်း အထူးအလေးမြတ်ထားသောလူမျိုးလည်းဖြစ်သည်။ သုဝဏ္ဏဘုမ္မိသထုံနေပြည်တော်ကို အစိုးရသော မနူဟာမင်းလက်ထက်တွင် အနော်ရထာမင်းကို စစ်ရှုံးသောကြောင့် ပအိုဝ်းလူမျိုးတို့အထွတ်အမြတ်ထားရာ ပိဋကတ်သုံးပုံနှင့်အတူ စေတီပုထိုး၊ ဆင်းတုတော်၊ အနုပညာလက်ရာ၊ အထိမ်းအမှတ်အဆောက်အဦးတို့သည် သုဝဏ္ဏသထုံနေပြည်တော်နှင့် အတူရှိရှိသမျှအရာရာအားလုံးဖျက်ဆီးခြင်းခံခဲ့ရသည်။

ပအိုဝ်းလူမျိုးသည် တိုင်းပြည်ပျက်စီးခြင်းနှင့်အတူ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်ဟူသမျှသည် ဘာမှမကျန်အောင် ဖျက်ဆီးခံခဲ့ရသည်သာမက ကိုယ့်လူမျိုးကိုယ့်ဘာသာစကားကိုပင် ပြန်မပြောရဲလောက်သည်အထိ ကိုယ့်သမိုင်းကိုကိုယ်ပြန်မပြောချင်လောက်အောင်ပင် သမိုင်းနာခဲ့ရသောလူမျိုးဖြစ်သည်။ လူမျိုးရှိလျှင် စာပေဘာသာစကားလည်းရှိရမည်ဖြစ်သည်။ စာပေဘာသာစကားမရှိလျှင် လူမျိုးလည်းပျောက်ကွယ်သွားမည်ဖြစ်သည်။ လူမျိုးမရှိလျှင်လည်း တိုင်းပြည်လည်းအလိုလိုပျောက်ကွယ်သွားမည်ဖြစ်သည်ကို သုဝဏ္ဏဘုမ္မိသထုံနေပြည်တော်ပျက်စီးခြင်းက သက်သေပင်ဖြစ်သည်ကို ယနေ့ပအိုဝ်းလူမျိုး အစဉ်သတိရနေရန်လိုအပ်ပါသည်။

ပအိုဝ်းလူမျိုးတို့သည် စစ်ကိုမုန်း၍စစ်ကိုအလိုမရှိ၍ အေးအေးချမ်းချမ်းနေလိုသောစိတ်ဆန္ဒဖြင့် အခြားလူမျိုးများနှင့်ဝေးရာ သွားရလာရခက်ခဲသော မြင့်မားသောတောင်တန်းဒေသပေါ်တွင် သီးသန့်နေထိုင်လာခဲ့ကြသည်ကို ယနေ့ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်းဒေသတွင် မျက်မြင်သက်သေပင်ဖြစ်သည်။ ကိုယ့်ဝမ်းစာအတွက် အေးအေးချမ်းချမ်းနှင့် ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်နေသော ပအိုဝ်းလူမျိုးတို့အတွက် ကံကြမ္မာဆိုး၏နှိပ်စက်မှုဒဏ်သည် “ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာ”ဆိုသည့်အတိုင်း ပဒေသရာဇ်စနစ်ဆိုးကြီးနှင့်ထပ်မံကြုံတွေ့ရပြန်သည်။ ပဒေသရာဇ်များသည် ပအိုဝ်းပြည်သူလူထုအပေါ် အခွန်မတရားကောက်ခံရခြင်းနှင့်အတူ အကြောက်တရားဝင်လာအောင် ကျေးရွာများမီးရှို့ပစ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုခြင်း၊ မူးယစ်ဆေးဝါးများကိုရောင်းဝယ်ဖောက်ကားစေခြင်းသာမက စိုက်ပျိုးစေခြင်း၊ စားသုံးစေခြင်း၊ လောင်းကစားများပြုလုပ်စေခြင်းစသည်ဖြင့် လူညွန့်တုံးသွားစေရန် နည်းလမ်းမျိုးစုံဖြင့် ပအိုဝ်းလူထုသည် ဖိနိုပ်မှုဒဏ်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။

တိုင်းပြည်ပျောက်ဆုံးခဲ့ရသော်လည်း လူမျိုးမပျောက်ပျက်ရအောင် ဖိနိုပ်မှုဒဏ်အမျိုးမျိုးကြားမှ တစ်ချိန်တစ်ခါတုန်းက ပအိုဝ်းလူမျိုးဟုဆိုလျှင် “ဘယ်ကလဲမကြားဖူးဘူးဟု”အပြောခံခဲ့ရသော်လည်း ယနေ့ ခေတ်အခါ မြန်မာသာမက ကမ္ဘာ့အလယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအမှတ်သင်္ကေတနှင့် အတူ ပအိုဝ်းဟူ၍ လက်မထောင်နိုင်သည်အထိ ကိုယ်ကျိုးမဖက်ဘဲ အသက်သွေးချွေးများနှင့်ရင်းကာ ပအိုဝ်းလူမျိုးအတွက် အနစ်နာခံဦးဆောင်ဦးရွက်ကြိုးပမ်းပေးခဲ့သော ခေတ်အဆက်ဆက်အာဇာနည်ခေါင်းဆောင်ကြီးများကို ယနေ့ခေတ်လူငယ်များအနေဖြင့် မမေ့အပ်သင့်ပေ။ ပအိုဝ်းသမိုင်းကိုလည်းများများလေ့လာရန်နှင့် တိမ်မြုပ်ပျောက်ကွယ်နေသော ပအိုဝ်းသမိုင်းများကိုလည်း ပြန်လည်ဖော်ထုတ်ရမည်ဖြစ်သည်။ သမိုင်းသည်ပြီးခဲ့သောအတိတ်အကြောင်းအရာများဖြစ်သည်။ အတိတ်ကိုအတိတ်မှာထားခဲ့ရမည်မဟုတ်ပါ။ ယနေ့ ပစ္စုပ္ပန်နှင့် ပိုမိုတောက်ပကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်နိုင်ရန်အတွက် အတိတ်ကာလ၏ သင်ခန်းစာများသည် နောင်အနာဂတ်တွင် အကြောင်းအရာကောင်းများဖြစ်လာနိုင်ခြင်းကြောင့်ဖြစ်သည်။
   
လူငယ်များသည် တိုင်းပြည်၏အနာဂတ်ဖြစ်သည်။ နောင်အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကြီးကိုမြင်တွေ့လိုပါက အကျင့်စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်သောလူငယ်များကို များများမွေးထုတ်ပေးရန်လိုအပ်ပါသည်။ လူငယ်များသည်လည်း ကဏ္ဍပေါင်းစုံတွင် ထူးချွန်ထက်မြက်စေရန် စဉ်ဆက်မပျက်လေ့လာနေရန်လည်းအထူးလိုအပ်ပါသည်။ သို့မဟုတ်ပါက ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားအတိုင်း ယနေ့လူငယ်များကို ကောင်းကောင်းမမွေးထုတ်ပေးနိုင်သည်သာမက လူငယ်များသည်လည်း လုံ့လ၀ီရိယရှိစွာ စူးစမ်းလေ့လာခြင်းမရှိပါက အတိတ်ကာလက ကြုံတွေ့ခဲ့ရသောဖြစ် ရပ်ဆိုးသင်ခန်းစာမျိုးကို ယနေ့ပအိုဝ်းလူမျိုးတိုင်းမမေ့အပ်သင့်ပေ။

လက်ရှိမြန်မာ့နိုင်ငံရေးအကူးအပြောင်းကာလတွင် အကူးအပြောင်းကာလဆိုသည့်အတိုင်းအရွေ့တိုင်းတွင် ပအိုဝ်းလူမျိုးအတွက်ပါဝင်နေရန်လိုအပ်ပါသည်။ ခေတ်ကာလအနေအထားအရ လူမျိုးတစ်မျိုးတည်းသီးသန့်နေထိုင်ရပ်တည်ရန်မဖြစ်နိုင်ပါ။ ခေတ်ကာလနှင့်လိုက်လျောညီထွေစွာ ပြောဆိုနေထိုင်ရပ်တည်တတ်ရန်လိုပါသည်။ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍မရှိပါ။ ယနေ့မိတ်ဆွေဆိုသော်ငြားလည်း မနက်ဖြန်မှာရန်သူဖြစ်သွားနိုင်ပါသည်။ ခေတ်ကာလအခြေအနေရ မိတ်ဆွေရန်သူဟူ၍ ပုံသေကားချပ်တွက်ချက်မထားသင့်ပါ။ အပြောင်းအလဲတိုင်းမှာ အသင့်အနေထားဖြစ်နေရန်လိုအပ်ပါသည်။ သမာရိုးကျ မိရိုးဖာလာအတိုင်း နေထိုင်ကျင့်ကြံနေ၍မဖြစ်နိုင်တော့သည်ကို အတိတ်ကာလက သင်ခန်းစာသည် သက်သေခံဖြစ်သည်။

ထို့ကြောင့် အတိတ်ကာလကအဖြစ်အပျက်ကို သင်ခန်းစာယူပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ပအိုဝ်းအနာဂတ်ကိုတည်ဆောက်ပိုင်ဆိုင်နိုင်ရန် ပအိုဝ်းတမျိုးသားလုံး၏ အန္တိမရည်မှန်းချက်ဖြစ်သောပန်းတိုင်ကြီးဆီသို့ အရောက်လှမ်းနိုင်ရန်အတွက် ပအိုဝ်းလူမျိုးတိုင်း လူကြီးမှလူငယ်၊ လူငယ်မှလူကြီး စည်းစည်းလုံးလုံးနှင့် အချင်းအချင်းယုံကြည်နေရန်လိုအပ်သည်။ လူတစ်ဦးနှင့်တစ်ဦး အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့သည်လည်း အပြန်အလှန် ယုံကြည်မှုရှိနေရန်နှင့် သွားသည့်လမ်း မတူညီနိုင်သော်လည်း ရောက်မည့်ပန်းတိုင်သည် ဆုံမှတ်တူညီနေရန်အထူးလိုအပ်ပါသည်။ သို့မှသာ ပအိုဝ်းတမျိုးသားလုံးလိုချင်နေသည့် ပအိုဝ်းတမျိုးသားလုံး၏ စုစည်းနိုင်မည့် ဆုံမှတ်ကြီးဆီသို့ မဝေးသောကာလတွင် ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။      

ခြဲုင်းပေခွန် (စန္တာ;ခမ်း)
Powered by Blogger.