Thursday, April 4, 2019

ဤနေ့ရက်ကိုဂုဏ်ပြုပါ၏

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်


ကမ္ဘာလောကကြီးထဲတွင် အသက်ရှင်နေထိုင်သည့် ပုရွက်ဆိတ်၊ ကြွက်၊ ငှက်၊ ကျွဲ၊ နွား၊ ခွေး၊ ဝက်၊ သမင်၊ ဒရယ်၊ ကျား၊ ကျားသစ်၊ ခြင်္သေ့၊ ဆင် စသည့် တိရိစ္ဆာန်မျိုးနွယ်စုတို့သည် တစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ တိုက်ခိုက်တွန်းလှန်ကြခြင်းများရှိစမြဲပင်ဖြစ်သည်။ ထို့အတူနတ်၊ ဗြမ္မာ၊ သီကြားမင်းတို့သည်လည်း တိုက်ခိုက်နေကြစမြဲဖြစ်သည်။ လူဆိုသည့်အမျိုးသည်လည်း ကမ္ဘာဦးစကတည်းကပင် မျိုးနွယ်စုတစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့သည်မူဝါဒ၊ ပေါ်လစီ၊ နေထိုင်မှုပုံစံစနစ်၊ အတွေးအခေါ်အယူအဆ၊ ကိုးကွယ်ယုံကြည်မှု၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် အကြောင်းကိစ္စရပ်များကြောင့်လည်း နိုင်ငံကြီးနှင့်နိုင်ငံငယ်၊ လူမျိုးကြီးနှင့်လူမျိုးငယ်၊ လူအများစုနှင့်လူအနည်းစုတို့သည်ယနေ့တိုင်အောင် တိုက်ခိုက်နေကြခြင်း၊ ပိုင်ဆိုင်မှုနယ်မြေလုယူသိမ်းပိုက်ခြင်း၊ နည်းပညာဖြင့် ယှဉ်ပြိုင်အနိုင်ယူကြခြင်းစသည်တို့ကို တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြန်အလှန်အနိုင်ကျင့်မှုများပြုလုပ်နေကြဆဲ ဖြစ်ပါသည်။

မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဧရိယာမပျက်စီးမပျောက်ကွယ်ရအောင်သူတစ်ပါး၏ ညှင်းပန်းနှိမ့်စက်မှုမခံရအောင် နိုင်ငံအလိုက်၊ လူမျိုးအလိုက်၊ ဒေသအလိုက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေကြပါသည်။ ထိုကဲ့သို့ ကာကွယ်ရန်လည်းတာဝန်ကိုယ်စီရှိကြပါသည်။ မိမိကိုယ်ကိုကာကွယ်ခြင်း၊ မိမိလူမျိုးကိုကာကွယ်ခြင်း၊ မိမိနိုင်ငံကိုကာကွယ်ခြင်းတို့သည် လောကအမှန်တရားပင်ဖြစ်ပါသည်။ တိုင်းပြည်၊ နိုင်ငံများတွင် လူမျိုးများရှိနေသရွေ့မည်သည့်အချိန်အခါတွင်ဖြစ်စေ တိုက်ပွဲမျိုးစုံကိုရပ်ဆိုင်း၍ရမည်မဟုတ်ပေ။ သို့သော်လူတို့၏အတွေးအခေါ်၊ ယဉ်ကျေးမှုတိုးတက်လာပြီးနောက်ပိုင်းတွင် သွေးထွက်သံယိုတိုက်ခိုက်မှုမျိုးနည်းပါးလာပြီး နည်းပညာယှဉ်ပြိုင်မှုများ၊ နည်းပရိယာယ်အသစ်များနှင့်ပြောင်းလဲအနိုင်ယူလာကြသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် အနောက်ဥရောပနိုင်ငံများမှာ ထိုနည်းလမ်းကိုအသုံးပြုလာကြသည်။ ဒီမိုကရေစီထွန်းကားပြီးသော နိုင်ငံများတွင်လည်း လက်နက်ဖြင့်တိုက်ခိုက်ပြီးသွေးထွက်သံယိုနည်းလမ်းဖြင့် အနိုင်ပြုခြင်းများမပြုလုပ်တော့ဘဲအများလက်ခံပြဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှ မိမိတို့၏ အခွင့်အရေးများကို ကြိုးစားရယူလာကြသည်။

မိမိတို့မြန်မာနိုင်ငံသည် ခေတ်အစဉ်အဆက်တွင် အင်းအားကြီးသူက အင်းအားငယ်သူကိုတိုက်ခိုက်ပြီးအနိုင်ရယူသကဲ့သို့ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးဖြစ်သော်လည်း ယနေ့ထိတိုင်အောင် တိုင်းရင်းသားညီအစ်ကိုများအချင်းချင်းသည် တန်းတူညီမျှမှုရရှိနိုင်ရန်အတွက် လက်နက်ကိုင်၍ တိုက်ခိုက်နေကြဆဲဖြစ်ပါသည်။ ထိုသို့အချင်းချင်းတိုက်ခိုက်မှုများကြောင့် ပြည်ထောင်စုတစ်ခုလုံးဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေခဲ့ပြီးကမ္ဘာ့အလယ်တွင် ပြည်သူလူထုမှ လူမှုစီးပွားနှိမ့်ကျမှုဘဝဒဏ်ကို ယနေ့တိုင်အောင် ခံစားနေကြရသည်။

လွတ်လပ်ရေးရပြီးခါစတွင် တိုင်းရင်းသားများ၏ အခွင့်ရေးနှင့်ပတ်သက်ပြီး ၁၉၄၇-ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပထမဦးဆုံးဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကချင်လူမျိုး၊ ကယားလူမျိုး၊ ကရင်လူမျိုးနှင့် ရှမ်းလူမျိုးများအတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကိုထည့်သွင်းရေးဆွဲပေးခဲ့သည်။ ၁၉၇၄-ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ချင်းလူမျိုး၊ မွန်လူမျိုးနှင့် ရခိုင်လူမျိုးများအတွက် ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုထပ်မံပြဌာန်းပေးခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၁၉၈၈-ခုနှစ်မှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးအပြောင်းအလဲပြုလုပ်ရန် ပြည်သူလူထုများတောင်းဆိုလာခဲ့သည့်အခါတိုင်းရင်းသားများ၏ နိုင်ငံရေးအရ နိုးကြားတက်ကြွလာသည့်အတွက် နိုင်ငံတော်အနေဖြင့် စည်းလုံးညီညွတ်ရေးသာလျှင် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာအဆိုးအကောင်းကိုဖန်းတီးနိုင်ကြောင်းကိုနားလည်လက်ခံလာသည့်အတွက် ၁၉၉၃-ခုနှစ်၊ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် တပ်မတော်အစိုးရမှဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်းတွင် လူဦးရေအနေအထားနှင့် နယ်မြေဒေသအနေအထားများအပေါ်မူတည်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသတ်မှတ်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် အခြေခံမူတွင် ထည့်သွင်းဆွေးနွေးခွင့်ပြုခဲ့ရာမှ အစုအဖွဲ့အလိုက် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ကိုယ်စားလှယ်များဆွေးနွေးတင်ပြတောင်းဆိုမှုများကြောင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုသည့်အခါတွင် “ဝ”လူမျိုး၊ ပအိုဝ်းလူမျိုး၊ ဓနုလူမျိုး၊ ပလောင်လူမျိုး၊ ကိုးကန့်လူမျိုး၊ နာဂလူမျိုးများအတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကိုထည့်သွင်းပြဌာန်းပေးခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် သက်ဆိုင်ရာတိုင်းရင်းသားများမှ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသပါရှိသည်ကိုတွေ့မြင်သည့်အခါ သာမန်အားဖြင့် လွယ်လွယ်ကူကူရရှိသည်ဟုထင်မြင်ရသည်။ တကယ့်လက်တွေ့တွင်မူသက်ဆိုင်တိုင်းရင်းသားကိုယ်စားလှယ်များမှ ထိုကဲ့သို့အခွင့်အရေးများရရန်အတွက် သက်ဆိုင်ရာမိမိတို့ တိုင်းရင်းသားခေါင်းဆောင်များက ကြိုးစားဆောင်ရွက်ရသကဲ့သို့ ခွင့်ပြုပေးသည့်နိုင်ငံတော်မှလည်းအခြေခံမူ၊ အစုအဖွဲ့ကော်မရှင်များအသီးသီးတွင် အကြေအလည်အသည်းအသန် ဆွေးနွေးငြင်းခုံပြီးမှသာရရှိလာခဲ့ခြင်းဖြစ်သည်မှာအမှန်ပင် ဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါရှိလာရန်အတွက်လည်းအချို့သောပုဂ္ဂိုလ်များကလွယ်လွယ်ကူကူရရှိလာခဲ့သည်ဟုထင်မြင်ကြသည်။ တကယ့်လက်တွေ့တွင်မူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါဝင်လာနိုင်ရန်အတွက် ပအိုဝ်းခေါင်းဆောင်များကအသည်းအသန်ကြိုးစားခဲ့ရပါသည်။ ပထမဦးစွာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အရေးကြီးပုဂ္ဂိုလ်များမှာညီလာခံကိုယ်စားလှယ်များသာ ဖြစ်ပါသည်။ ပအိုဝ်းခေါင်းဆောင်များသည် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ညီလာခံကိုယ်စားလှယ်များဖြစ်သည့် အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်အစုအဖွဲ့၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အစုအဖွဲ့၊ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြောက်ခြင်းခံရသောကိုယ်စားလှယ်အစုအဖွဲ့၊ တိုင်းရင်းသားလူမျိုးများကိုယ်စားလှယ်အစုအဖွဲ့၊ တောင်သူလယ်သမားများကိုယ်စားလှယ် အစုအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းအစုအဖွဲ့ စသည့် ကိုယ်စားလှယ်အစုအဖွဲ့တို့တွင် အရည်အချင်းပြည့်ဝသောမိမိတို့ပအိုဝ်းလူမျိုးများပါဝင်နိုင်အောင် ကနဦး ကြိုးစားခဲ့ရသည်။ ထိုမှတဆင့် ညီလာခံတွင် ဆွေးနွေးမည့်အခြေခံမူများသည် မိမိတို့အမျိုးသားအခွင့်အရေး၊ အခွင့်အလမ်းများရရှိရန် အစုအဖွဲ့တွင် ပါဝင်သောကိုယ်စားလှယ်များမှ အကြေအလည်ဆွေးနွေးခဲ့ရသည်။ ထိုညီလာခံကိုယ်စားလှယ်များဆွေးနွေးနိုင်ရန်အတွက် လိုအပ်သောမိမိတို့ ပအိုဝ်းလူမျိုးများ၏ ဒေတာအချက်အလက်များကို နောက်တန်းတွင်ကျန်ရစ်သောခေါင်းဆောင်ကြီးများ၊ ခေါင်းဆောင်လတ်များ၊ ခေါင်းဆောင်ငယ်များ၊ နောက်လိုက်များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြရသည်။ ထိုကဲ့သို့သောဒေတာအချက်အလက်များမရရှိပါက ကိုယ်ပိုင်အုပ်ချုပ်ရဒေသရရှိမည့် အခွင့်အရေးများသည်လည်းဆုံးရှုံးသွားမည်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ညီလာခံကိုယ်စားလှယ်များနှင့် ပြည်သူလူထုတို့ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိလာခဲ့ခြင်းဖြစ်သည်ကိုမည်သူမျှ ငြင်းဆို၍မရနိုင်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရရရှိလာသည့် ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ဦးဆောင်၍သော်လည်းကောင်း သက်ဆိုင်ရာတိုင်းရင်းသားများမှ မိမိအစီအစဉ်ဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာမိမိတို့ပြည်နယ်နေ့ကိုနေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး နှစ်စဉ်အခမ်းအနားများ၊ ပွဲလမ်းသဘင်များစည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြဌာန်းထားသော်လည်းသက်တမ်း(၁၀)နှစ်ကျော်ရှိလာသည့်တိုင် မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိခဲ့သည့်တိုင်းရင်းသားများမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့ကိုကျင်းပပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ အမြော်အမြင်ရှိသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကြီးဦးအောင်ခမ်းထီဦးဆောင်သည့်အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီမှ ၂၀၁၈-ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဗဟိုစစ်ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးမှ ၁၉၉၅-ခုနှစ်၊ ဧပြီလ(၇)နေ့၊ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရဦးဆောင်ပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် ညီလာခံအစုအဖွဲ့နှင့် ညီလာခံကိုယ်စားလှယ်များကိုယ်စားပအိုဝ်းတိုင်းရင်းသားများအတွက် ရသင့်ရထိုက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိနိုင်ရန်အတွက် တောင်းဆိုသည့်နေ့ကိုအကြောင်းပြု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီမှ သတ်မှတ်သည့် ဧပြီလ(၇)ရက်နေ့ကိုပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမွေးဖွားသည့်နေ့အဖြစ် ယခုနှစ်မှ စတင်ပြီးပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဦးစီးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းပြည်လူထုများမှ အခမ်းအနားစတင်ကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိနေကြသည်။

လက်ရှိမြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားများတန်းတူအခွင့်အရေးရရှိရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကိုကျင်းပလျှက်ရှိနေပါသည်။ (၂၁)ရာစုပင်လုံညီလာခံမှတစ်ဆင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းတန်းတူအခွင့်အရေးရရှိရန် ပါဝင်တက်ရောက်ခွင့်ရရှိသောကိုယ်စားလှယ်များသည် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရန်အတွက် အမြော်အမြင်ရှိစွာဖြင့် တိုင်းရင်းသားတိုင်းရသင့်ရထိုက်သည့် တန်းတူအခွင့်အရေးများကိုအခြေခံရမည့်မူများတွင် ထည့်သွင်းစဉ်းစားပေးရန်လိုအပ်မည်ဖြစ်ပါသည်။ ပြည်နယ်ရှိသောလူမျိုးများသည် မိမိပြည်နယ်အတွက်သာစဉ်းစားခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသရရှိပြီးသောလူမျိုးများသည်လည်းမိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသအတွက်သာစဉ်းစားခြင်းမျိုးမဟုတ်ဘဲ ပြည်နယ်မရှိသေးသောလူမျိုးများအတွက် ပြည်နယ်ရရှိလာရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသမရရှိသေးသောလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသရရှိလာရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသန္တရအစိုးရရရှိလာရန် စသည့် အခြေခံရမည့် အကြောင်းအရာများကိုအခြေခံမူများတွင် ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မည် ဖြစ်ပါသည်။ သို့မှသာ ငြိမ်းချမ်းပြီးရေရှည်တည်မြဲသော ပြည်ထောင်စုကြီးတည်ဆောက်ပေါ်ပေါက်လာနိုင်မည် ဖြစ်ပေသည်။

နိဂုံးချုပ်အနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ပအိုဝ်းခေါင်းဆောင်ကြီးများ၊ အမျိုးသားညီလာခံကိုယ်စားလှယ်ကြီးများနှင့် မိဘပြည်သူလူထုများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့ ဖြစ်ပေါ်အောင် ကြိုးစားဆောင်ရွက်ပေးသည့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဦးအောင်ခမ်းထီနှင့် အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင်များ၊ လာမည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ့ကိုဦးဆောင်ကျင်းပပြုလုပ်မည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းလူမှုအဖွဲ့အစည်းများနှင့် နေရာဒေသအသီးသီးတွင် အခမ်းအနားပြုလုပ်ကျင်းပမည့် မိဘပြည်သူများအားဤဆောင်းပါးဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ခွန်ခမ်းညာ
Powered by Blogger.