တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်
ပအိုဝ်းလူမျိုးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တခြားတိုင်းရင်းသားလူမျိုးများနည်းတူ မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက တခြားညီနောင်တိုင်းရင်းသားများနည်းတူ အေးအတူ၊ ပူအမျှ ပူးပေါင်းနေထိုင်သော လူမျိုးဖြစ်သည်။ ပအိုဝ်းလူမျိုးသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းဓလေ့များဖြင့် ခေတ်အဆက်ဆက်ကတည်းက မိမိတို့၏ ယဉ်ကျေးမှုရိုးရာထုံးတမ်း ဓလေ့များကို အစဉ်ထိန်းသိမ်းစောင့် ရှောက်နေထိုင်လာခဲ့ကြသူများဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးအနက် လူဦးရေအရ ပအိုဝ်းလူမျိုးသည် အဆင့်(၅) သို့မဟုတ် အဆင့်(၆) တွင် တည်ရှိနေသည်ဟု သိရသည်။
ပအိုဝ်းလူမျိုးများသည် ရှေးယခင်ကတည်းက ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များဖြင့် နေထိုင်လာခဲ့ကြသူများဖြစ်သည်။ သူရိယစန္ဒာမင်းလက်ထက်တွင် ပအိုဝ်းလူမျိုး၏ဂုဏ်ရောင်များသည် နေမင်းကြီးပမာ ထွန်းလင်းတောက်ပနေခဲ့ကြသည်။ သူရိယစန္ဒာမင်းကြီး၏ခေတ်အလွန် ပအိုဝ်းလူမျိုးများ၏ နောက်ဆုံးမင်းဆက်ဟုဆိုရမည်ဖြစ်သော မနူဟာမင်းလက်ထက်တွင် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍပေါင်းစုံတွင် အားနည်းခဲ့ရပြီး တိုင်းပြည်ကြီးသည်လည်း အဘက်ဘက်မှ ချွတ်ခြုံကျခဲ့ရကာ ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်သည်လည်း သုဝဏ္ဏဘုမ္မိသထုံနေပြည်တော်ကြီးနှင့် အတူအမှောင်ကျခဲ့ရပြီးပအိုဝ်းပြည်သူများ၏ဘ၀သည်လည်း မိခင်ပျောက်သည့် သားငယ်လေးပမာ ဝမ်းနည်းပူဆွေးနေပြီး ခိုကိုးရာမဲ့ဖြစ် နေခဲ့ရသည်ကို သမိုင်းကသက်သေခံပင်ဖြစ်သည်။
ပအိုဝ်းလူမျိုးများသည် မနူဟာမင်းကြီး၏ ခေတ်အလွန် သထုံပြည်ကြီးပျက်သုဉ်းပြီးနောက် စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့ရပြီုးတကွဲတပြားစီဖြစ်ခဲ့ရသည်။ နေရပ်ကိုမစွန့်ခွာလို၍ သထုံတွင် ဇာတ်မြှုပ်နေထိုင်ခဲ့သူများ ရှိသကဲ့သို့၊ ရေကြည်ရာမြက်နုရာသို့ နေရပ်ကိုစွန့်ခွာပြီး ပြောင်းရွှေ့ရာတွင် တချို့သည် အထက်အညာဘက်သို့ရောက်ရှိသွားပြီး၊ အချို့မှာ ရှမ်းကုန်းမြေမြင့်ဘက်သို့ ပြောင်းရွှေ့သွားကြသည်။ သထုံမှ တက် လာသောပအိုဝ်းများသည် ရှမ်းကုန်းမြေမြင့်တွင် ရှိနှင့်နေပြီးသော ကွန်လုံပအိုဝ်းများနှင့်ပူးပေါင်းမိသွားကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိခဲ့ရသည်။ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံခဲ့ရသော ပအိုဝ်းလူမျိုးများသည် စစ်ကိုနားကျည်းသောစိတ်ကြောင့် လူသူအရောက်ပေါက်နည်းသော သွားရလာရခက်ခဲပြီး လမ်းပန်းဆက်သွယ်ရေးအဆင်မပြေသော မြေပြန့်မဟုတ်သောတောင်ပေါ်ဒေသနေရာမျိုးကို ရွေးချယ်ပြီးရွာတည်ကာ အခြားသောလူမျိုးများနှင့်ရောနှောမနေဘဲတစ်စုတစ်စည်းတည်း သီးခြားနေထိုင်လေ့ရှိခဲ့သည်ကို ယနေ့ပအိုဝ်းရွာ အများစုက သက်သေပင်ဖြစ်သည်။
အိမ်တအိမ်၊ မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီးမရှိလျှင် ပတ်ဝန်းကျင်၏အထင်သေးမှုကိုခံရမည် သာမက နိုင်ထက်စီးနင်းမှုဒဏ်ကိုလည်း မလွှဲဧကန်ကြုံတွေ့ရမည်ဖြစ်သည်။ ထိုနည်းတူစွာလူသာရှိပြီး ဦးဆောင်သူခေါင်းဆောင်မရှိသော ပအိုဝ်းလူမျိုးများသည်လည်း ခိုကိုးရာမဲ့ဖြစ်နေသော သားငယ်လေးပမာ ရောက်ရှိနေသောနေရာအရပ်မှာ မျက်နှာသာပေး ခြင်းမခံရသည့်အပြင် အနိုင်ကျင့်ခံရမှုသည်သာ ထပ်မံကြုံတွေ့ခဲ့ရသည်။ ပအိုဝ်းများအတွက် ပဒေသရာဇ်စနစ်ဆိုးကြီး၏ နှိပ်စက်မှုဒဏ်သည် ဘယ်သောအခါမှ မေ့ပျောက်၍ရနိုင်မည်မဟုတ်ပေ။ ထိုသို့ပဒေသရာဇ်စနစ်ဆိုးကြီး၏ နှိပ်စက်မှုဒဏ်ကို ခံခဲ့ရခြင်းမှာ ပအိုဝ်းလူမျိုးအများစုသည် အနေအေးခြင်း၊ ရန်မလိုတတ်ခြင်းအပြင် ပအိုဝ်းများသည် လူအင်အားအရ လူဦးရေများသော်လည်း ထိုစနစ်ဆိုးကြီးကို တွန်းလှန်ရန်အတွက် ဦးဆောင်မည့်သူဆိုသည့်ခေါင်းဆောင်ဟူသောပုဂ္ဂိုလ်မရှိခြင်းလည်းဖြစ်သည်။ သို့သော်လည်း လူမဆိုထားနှင့် တိရိစ္ဆာန်ပင်လျှင် ချောင်ပိတ်ရိုက်လျှင် ထွက်ပေါက်အတွက် နည်းမျိုးစုံကြံစည်မည်ဖြစ်သည်။ နောက်ဆုံးမှာ ပအိုဝ်းလူမျိုးများအတွက် မဟုတ်မခံသော ဦးဆောင်သူ အာဇာနည်ခေါင်းဆောင်များပေါ်ထွက်လာခြင်းကြောင့် ပဒေသရာဇ်စနစ်ဆိုးကြီးကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်။
ပဒေသရာဇ်ခေတ်အလွန်တွင်လည်း ပအိုဝ်းလူမျိုးများအတွက် ကောင်းမွန်အေးချမ်းစွာနေထိုင်လုပ် ကိုင်စားသောက်ခွင့်မရရှိခဲ့ပေ။ ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပျံ့နှံ့စွာနေထိုင်ကြသော်လည်း အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေအများဆုံးလူမျိုးဖြစ်သည်။ အမည်နာမအရ ရှမ်းပြည်နယ်ဟု မသတ်မှတ်ခင်ကတည်းက ပအိုဝ်းလူမျိုးများသည် အခြားတိုင်းရင်းသားများနည်းတူ ရှေးပဝေသဏီကတည်းကပင် ဤနေရာဒေသတွင် နေထိုင်လုပ်ကိုင်စားသောက်ခဲ့ကြသည်။ သို့သော် ပအိုဝ်းလူမျိုးများသည် အခြားတိုင်းရင်းသားများနှင့်အတူ အေးအတူပူအမျှ အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ပအိုဝ်းလူမျိုးများအပေါ် မနာလိုမုန်းတီးမှုများသည် တနေ့ထက်တနေ့ ပိုမိုပြင်းထန်လာခဲ့ပြီး ပအိုဝ်းလူမျိုးများအတွက် နေထိုင်စရာနေရာမရှိရစေရန် အကြမ်းနည်းအရသော်လည်းကောင်း၊ အနုနည်းအရသော်လည်းကောင်း နည်းမျိုးစုံဖြင့်ပအိုဝ်းပြည်သူလူထုအပေါ် ဖိအားပေးခဲ့ကြသည်။
ဖိအားဒဏ်အမျိုးမျိုးကြားတွင် ခေတ်အဆက်ဆက်မျိုးချစ်ပအိုဝ်းအာဇာနည်ခေါင်းဆောင်ကြီးများ သည်ပအိုဝ်းပြည်သူလူထုများ စိတ်ဓါတ်ကျအားငယ်ခြင်းမရှိရစေရန် အနုနည်းဖြင့်သော်လည်းကောင်း၊ အကြမ်းနည်းဖြင့်သော်လည်းကောင်း စစ်ကိုမုန်း၍စစ်ကိုတိုက်ထုတ်ရသည်၊ လက်နက်ကိုကြောက်၍ လက်နက်ကိုင်ရသည် ဆိုသည့်အတိုင်း နည်းမျိုးစုံဖြင့် အမျိုးသားရေးအတွက် ဖြေရှင်းခဲ့ရသည်။ နိုင်ငံတော်၏ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ၁၉၉၁ ခုနှစ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်သည် နိုင်ငံတော်အစိုးရထံ ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။ အစိုးရနှင့်ငြိမ်းချမ်းရေး ရယူခဲ့သည့်နောက် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်မှဦးဆောင်ပြီး “အမျိုးသားညီလာခံ” ကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းနှင့် ညောင်နှစ်ပင်ကွင်းတွင် ခေါ်ယူကျင်းပခဲ့သည်။ ညီလာခံတွင် အထူးဒေသ(၆)ပအိုဝ်းငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အဖွဲ့ကိုယ်စားလှယ်၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ၊ ရွေးကောက်တင်မြောက်ခြင်းခံရသောကိုယ်စားလှယ်အစုအဖွဲ့၊ တိုင်းရင်းသားလူမျိုးများကိုယ်စားလှယ်အစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းအစုအဖွဲ့များမှ စုစုပေါင်းကိုယ်စားလှယ်များ(၃၆)ဦး တက်ရောက်ခွင့်ရရှိခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၁၉၄၇၊ ၁၉၇၄နှင့် ၂၀၀၈-ခုနှစ်တွင် ရေးဆွဲခဲ့သော အခြေခံဥပဒေဟူ၍ သုံးကြိမ်ရှိခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် နိုင်ငံ၏ နိုင်ငံရေးအခြေအနေ ပထ၀ီအနေအထား၊ ယဉ်ကျေးမှု၊ နိုင်ငံတွင်းနေ လူမျိုးများ၏ အခြေအနေ လူနေမှုအခြေအနေ စသည်တို့နှင့်အတတ်နိုင်ဆုံးအံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲကြရသည်။ ထိုသို့အံဝင်ခွင်ကျဖြစ်နိုင်ရန်အတွက် ညီလာခံတွင် တိုင်းရင်းသားလူမျိုးတိုင်း၏ကိုယ်စားလှယ် ပါဝင်နိုင်ရန်လိုအပ်ပါသည်။ ပြီးခဲ့သည့် ၁၉၄၇-ခုနှစ်နှင့် ၁၉၇၄-ခုနှစ်အခြေခံဥပဒေရေးဆွဲရာတွင် ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်များမပါဝင်နိုင်ခဲ့သည့်အတွက် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ရသည်။ ထိုသင်ခန်းစာသည် ၁၉၉၃-ခုနှစ်တွင် ပြုလုပ်သည့် အမျိုးသားညီလာခံမှတစ်ဆင့်အခြေခံဥပဒေအသစ်ရေးဆွဲရာတွင် ပအိုဝ်းတိုင်းရင်းသားများအတွက် ရသင့်ရ ထိုက်သည့် အခွင့်အရေးများ မဆုံးရှုံးရစေရန် ခေါင်းဆောင်ကြီးများအနေဖြင့် အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ အကြောင်းမှာ ၁၉၉၃-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ ပြုလုပ်ခဲ့သော အမျိုးသားညီလာခံမှတစ်ဆင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပေဒေပေါ်ပေါက်လာခဲ့ပြီး ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း (၃)မြို့နယ်စုစည်းပြီး ပအိုဝ်းတိုင်းရင်းသားများအတွက် ကိုယ်စားပြု အမှတ်သင်္ကေတတစ်ခုအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဟူ၍ ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်သည်။
၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ တိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇)နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဟူ၍ပေါ်ထွက်လာခဲ့ပါသည်။ အထူးဒေသ(၆)သော်လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသော်လည်းကောင်း“ဥုံဖွ”ဟူ၍ရရှိလာခဲ့ခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက် ပအိုဝ်းခေါင်ဆောင်များနှင့် ပအိုဝ်းပြည်သူလူထုများ စည်းလုံးညီညွတ်စွာ အသက်သွေးချွေးများနှင့်ရင်းကာ ကြိုးစားခဲ့ကြ၍ရရှိခြင်းဖြစ်သည်။ တနည်းအားဖြင့် ပအိုဝ်းလူမျိုးများနှင့်ထိုက်တန်၍ ရရှိခြင်းလည်းဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက် ပိုမိုမြင့်မားသောအခွင့်အရေးကို ရရှိသင့်သော်လည်း နိုင်ငံ၏ နိုင်ငံရေးအခြေအနေ ပထ၀ီအနေအထား၊ ယဉ်ကျေးမှု၊ နိုင်ငံတွင်းနေ လူမျိုးများ၏ အခြေအနေ လူနေမှုအခြေအနေများကလည်းရှိနေသေးသောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ဖြင့်သာ ကျေနပ်နေရသည့်အခြေအနေဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ရရှိပြီးသောအခွင့်အရေးကို မဆုံးရှုံးရစေရန် ပို၍ပင်အရေးကြီးပါသည်။
၁၉၉၅ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး ကျင်းပသော အမျိုးသားညီလာခံ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးမရှိသေးသော တိုင်းရင်းသားများအတွက် ရသင့် ရထိုက်သော အခွင့်အရေးများအခန်းကဏ္ဍတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများ သတ်မှတ်ပေးပါရန် အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီမှ တင်ပြတောင်းဆိုခဲ့ခြင်းကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဆိုပြီး ရရှိလာခဲ့ခြင်းဖြစ်သည်။ ရရှိလာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှာ -
(၁) ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
(၂) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ
(၃) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၄) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ
(၅) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(၆) နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူ၍ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ရရှိပေါ်ပေါက်လာခဲ့သော ဧပြီလ(၇)ရက်နေ့ကို အစွဲပြုပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးနေ့အဖြစ်သတ်မှတ်ခဲ့သည်။
ထို့ကြောင့် ရရှိထားသောအခွင့်အရေးများကို မဆုံးရှုံးရစေရန်နှင့် ပိုမိုကောင်းမွန်သော အခွင့်အရေးများ ရရှိလာစေရေးအတွက် ပအိုဝ်းလူမျိုးတိုင်းသည် စဉ်ဆက်မပြတ် ကြိုးစားနေရန်လိုအပ်သည်။ အချင်းချင်းစည်းလုံးနေရန်လည်းလိုအပ်ပါသည်။ လူမျိုးတစိတ်တကိုယ်ဆိုသည့်အတိုင်း လူတိုင်းသည် အမြင်တူနေရန်မလွယ်ကူလှပေ။ ပအိုဝ်းလူမျိုးများအတွက် ကဏ္ဍပေါင်းစုံတွင် ပါဝင်နေရန်လိုအပ်သည်။ လုပ်သည့်အလုပ်၊ သွားသည့်လမ်းများလည်း တူညီနိုင်မည်မဟုတ်ပါ။ သို့သော် ပန်းတိုင်သည်တူညီနေရန်လိုအပ်ပါသည်။ ပအိုဝ်းလူမျိုး၏အခြေအနေ ပထ၀ီအနေအထားအရ အမြင်မတူငါ့ရန်သူဟု လုပ်နေမည်ဆိုပါက စည်းလုံးညီညွတ်မှုပျက်ပြားပြီး နောက်ဆုံးတွင် အင်အားကြီးသူများ၏ နိုင်ငံရေးအသုံးချခံဘ၀သာ ဖြစ်နေမည်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် သုဝဏ္ဏဘုမ္မိသထုံနေပြည်တော်ကြီး ပျက်စီးခဲ့ရသည်ကို အစဉ်သတိရနေရန်လိုကြောင်းကို ပအိုဝ်းလူမျိုးများအား သတိပေးရေးသားရင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှသည် ပအိုဝ်းလူမျိုးများအားလုံး လိုချင်နေသည့် မျှော်မှန်းချက်ကြီးဆီသို့ မဝေးတော့သည့်အချိန်ကာလတစ်ခုဆီသို့ ရောက်ရှိစေရန် လက်တွဲညီညီဖြင့်ဆက်လက်ချီတက်ကြပါစို့ ဟုတိုက်တွန်းလိုက်ရပါသည်။
ခြဲုင်းပေခွန်
စန္တာ;ခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS