ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ်ပေါက်လာခြင်းသည် အခြားတိုင်းရင်းသားများနည်းတူ ၁၉၉၃-ခုနှစ်မှ ၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ)အစိုးရလက်ထက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ရေးဆွဲရန် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းနှင့် ညောင်နှစ်ပင်စခန်းတို့တွင် “အမျိုးသားညီလာခံ” တစ်ရပ်ကို ခေါ်ယူ ကျင်းပခဲ့ပါသည်။
၁၉၉၅-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့၊ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ)အစိုးရမှ ကြီးမူးကျင်းပသော အဆိုပါညီလာခံ တွင် အဖွဲ့အစည်းပေါင်းစုံ၊ အလွှာပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ပအိုဝ်း တိုင်းရင်းသားကိုယ်စားလှယ်(၃၆)ဦး တက်ရောက်ခဲ့သည်။ အဆိုပါ အမျိုးသားညီလာခံတွင် အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဥက္ကဋ္ဌ၊ ယခု ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ တင်သွင်းသော “ပြည်နယ်/တိုင်းမရှိသေးသော တိုင်းရင်းသားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများကို အစိုးရအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ပေးရန်” ဟူသော အဆိုကို တင်သွင်းခဲ့ပြီး အစိုးရနှင့်အခြား တိုင်းရင်းသားများ၏ အားပေးထောက်ခံမှု အများအပြား ရရှိခဲ့ပါသည်။ ထို့ကြောင့် အဆိုပါဆွေးနွေးပွဲရလဒ်များကိုအခြေခံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ၂၀၀၈-ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၂၀၀၈-ခုနှစ်၊ မေလ(၂၉)ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ လက်မှတ်ရေးထိုးကာ ကြေညာချက် အမှတ် (၇/၂၀၀၈)ဖြင့် အခြားသော(ဝ၊ ဓနု၊ ပလောင်၊ ကိုးကန့်၊ နာဂ)ညီနောင်တိုင်းရင်းသားများသည် ပအိုဝ်းတိုင်းရင်းသားတို့နှင့်အတူ အဆိုပါအခွင့်ရေးများကို ရရှိလာခဲ့ပါသည်။ ထို့ကြောင့် ၁၉၉၃-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းနှင့် ညောင်နှစ်ပင်စခန်း တို့တွင် ကျင်းပသော အမျိုးသားညီလာခံ၏ ရလဒ်ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ် သည်။
ထို့ကြောင့် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်အခွင့်အရေးများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်)၏ပုဒ်မ(၅၆)၊ ပုဒ်မခွဲ(က)အရ စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပုဒ်မခွဲ(ခ)အရ ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ပုဒ်မခွဲ(ဂ)အရ ရှမ်းပြည်နယ်ရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်အဖြစ် စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”၊ ပုဒ်မခွဲ(ဃ)အရ ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပုဒ်မခွဲ(င)အရ ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပုဒ်မခွဲ(စ)အရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း) မြို့နယ်တို့ကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့သည် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ မိမိတို့ရသင့်ရထိုက်သည့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်)၏ပုဒ်မ(၅၆) အရ ရရှိလာခဲ့ကြသည်ဟုဆိုလျှင် မှားမည်မထင်ပေ။
မိမိတို့ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ထိုပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စီမံအုပ်ချုပ်ရန် အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကို (၂၀၀၈-ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၇၆)၊ ပုဒ်မခွဲ(ခ)၊ (ဂ)၊ (ဃ)တို့အရ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်စံလွင်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ တပ်မတော်သား ကိုယ်စားလှယ်(၃)ဦး၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်(၁)ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်(၁)ဦးတို့က အဖွဲ့ဝင်များဖြစ်ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက အတွင်းရေးမှူး အဖြစ်တာဝန်ယူ၍ ဒေသဦးစီးအဖွဲ့ကို စုစုပေါင်း(၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ ရုံးစိုက်ရာမြို့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ဖြစ်သည်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပအပြီး (၃၀-၃-၂၀၁၁)ရက်နေ့မှစ၍ ဒေသဦးစီးအဖွဲ့၏ လုပ်ငန်းတာဝန်များကို စတင်ထမ်းဆောင်ခဲ့ ပါသည်။
တည်နေရာနှင့် အကျယ်အဝန်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)ခုနှစ် ပုဒ်မ (၅၆) ပုဒ်မခွဲ(ဂ)အရ ရှမ်းပြည်နယ်ရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်း၍ သတ်မှတ်ခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်(၃)မြို့နယ်ရှိသည့်အနက် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့သည် တောင်နှင့်မြောက်တဆက် တည်းတည်ရှိပြီး ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့သည်လည်း အရှေ့အနောက် ဆက်စပ်လျက်ရှိပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့ဘက်တွင် လွိုင်လင်ခရိုင်၊ အနောက်ဘက်တွင် တောင်ကြီးခရိုင်၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်နှင့် မြောက်ဘက်တွင် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်၊ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်တို့ တည်ရှိပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တည်နေရာအကျယ်အဝန်းမှာ (၃၃၀၄.၉၈၅) စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့မှ အနောက်သို့ (၁၀၄)မိုင်၊ တောင်မှမြောက်သို့ (၁၅၃)မိုင် ရှည်လျားပါသည်။
မြေမျက်နှာသွင်ပြင်အခြေအနေမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းကုန်းပြင်မြင့်ဒေသ တွင်တည်ရှိသဖြင့် တောင်ကုန်း တောင်တန်းများပေါများပြီး တောင်ကုန်းတောင်တန်းများ၏ကြားတွင် ချိုင့်ဝှမ်းလွင်ပြင်များရှိပါသည်။ ဟိုပုံး မြို့နယ်မှ ဆီဆိုင်မြို့နယ်အထိ ရှည်လျားသော နမ့်တဘက်ချောင်း၏ ဝဲယာတွင် ဟိုပုံးချိုင့်ဝှမ်းလွင်ပြင်သည် အလွန်ကျယ်ပြန့်သော လွင်ပြင်ဖြစ်ပါသည်။ ထိုလွင်ပြင်၏ အရှေ့ဘက်တွင်တည်ရှိသော မဲနယ်တောင်တန်းသည် ပေ(၈၂၀၀) မြင့်မားပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် နမ့်တဘက်ချောင်း၊ ဘီလူးချောင်း၊ ပေါင်းလောင်း ချောင်း၊ နောင်တရားချောင်းနှင့် လုံးပိုးချောင်းဟူ၍ ချောင်း(၅)ချောင်း ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ နမ့်တဘက်ချောင်းမှာ (၄၈)မိုင် ရှည်လျားပြီး မြောက်မှတောင်သို့ စီးဆင်းပါသည်။ ပေါင်းလောင်းချောင်း သည် အနောက်မှအရှေ့သို့ စီးဆင်းလျက်ရှိပြီး ကျန်ချောင်းများမှာ တောင်မှမြောက်သို့ စီးဆင်း လျက်ရှိပါသည်။ ထုံးကျောက်တောင်များပေါများပြီး ထုံးကျောက်မြေအတွင်း ငုတ်လျှိုးသွားသော ချောင်းငယ်များမှ ဖြစ်ပေါ် လာသော သဘာဝရေထွက်များမှာ ဒေသအတွင်း မြောက်များစွာရှိပါသည်။
နေထိုင်သည့်လူမျိုးနှင့် လူဦးရေမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူဦးရေ(၄၁၅,၀၀၀) ကျော် နေထိုင်လျက်ရှိပြီး အများဆုံးနေထိုင်လျက်ရှိသောလူမျိုးမှာ ပအိုဝ်းလူမျိုးများ ဖြစ်ပါသည်။ ပအိုဝ်း လူမျိုးများမှာ(၃)သိန်းကျော်၊ ရှမ်းလူမျိုးမှာ(၆)သောင်းကျော်၊ ဗမာလူမျိုးမှာ(၂၉၀၀၀)ကျော်နှင့် အခြား တိုင်းရင်းသားလူမျိုးများလည်း နေထိုင်လျက်ရှိကြသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ တောင်ရိုး၊ အင်းသား၊ ကယန်း၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ ဓနု၊ လီဆူ၊ မွန် အစရှိသည့် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်လျက်ရှိကြသည်။
ကိုးကွယ်သည့်ဘာသာများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအများစုသည် ဗုဒ္ဓဘာသာကို လူဦးရေစုစုပေါင်း၏ (၉၇.၈၅%)မှာ ကိုးကွယ်ကြပါသည်။ ထို့အပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသောဘာသာများကို ကိုးကွယ်သူများလည်းရှိသည်။ ဘာသာရေးအခြေအနေမှာ ပအိုဝ်းလူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးနှင့် အခြားအတူနေ တိုင်းရင်းသား လူမျိုးအများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါသည်။ ဘာသာရေးကို အထူးရိုသေကိုင်းရှိုင်းသော ဒေသဖြစ်၍ သေးငယ်သောဒေသများပင်လျှင် အလွန်ကြီးမားသော ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းကြသည်။ အခြားဘာသာကို ကိုးကွယ်သော လူမျိုးစုများမှာ အနည်းငယ်သာရှိပါသည်။
စီးပွားရေးအခြေအနေမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် များသောအားဖြင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော စီးပွားရေးဖြစ်ပါသည်။ ဒေသ၏ အဓိကထွက်ကုန်များမှာ အာလူး၊ စပါး၊ ကြက်သွန်ဖြူ၊ ပဲပုတ်၊ လက်ဖက်၊ သနပ်ဖက်၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်း၊ ဂျင်း၊ လိမ္မော်၊ သစ်တော်သီး၊ ထောပတ်သီး၊ ပန်းမျိုးစုံ၊ မုံလာနှင့် ဂေါ်ရခါးသီးတို့ ဖြစ်ပါသည်။ ဒေသအတွင်း လယ်မြေ (၅၄,၀၀၀)ဧကကျော်ရှိပြီး၊ ယာမြေ (၁၄၂,၀၀၀) ဧကကျော်ရှိပါသည်။
စိုက်ပျိုးရေးဆည်များမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် အတွက် ဆောက်လုပ်ထားသော အထက်ပေါင်းလောင်းတမံမှလွှဲ၍ အခြားဆည်ကြီးများမရှိပါ။ ရေထွက်များ၊ တောင်ကျချောင်းများနှင့် နမ့်တဘက်ချောင်းကို ကွန်ကရစ်ရေလွှဲတမံများဖြင့် ရေပေးသောဆည်(၈)ခု ရှိပါသည်။ ဟိုပုံးမြို့နယ်တွင် ဆည်(၄)ခု၊ ဆီဆိုင်မြို့နယ်တွင် ဆည်(၃)ခုနှင့် ပင်လောင်းမြို့နယ်တွင် ဆည်(၁)ခု စုစုပေါင်း ဆည်(၈)ခု ရှိပါ သည်။
ကျန်းမာရေးအခြေအနေမှာ ၂၀၁၁-၂၀၁၂ခုနှစ်တွင် ဒေသအတွင်း၌ (၂၅)ကုတင်ဆံ့ဆေးရုံ(၃)ရုံ၊ (၁၆)ကုတင်ဆံ့ဆေးရုံ(၁)ရုံ၊ ကျေးလက်ကျန်းမာရေးဌာန(၁၇)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၈၂)ခု၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန(၄)ခု၊ နယ်စပ်ဒေသဆေးခန်း(၂)ခု ရှိခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တည်ရှိမှုအခြေအနေမှာ (၁၁၅)ခုရှိပါသည်။ ဒေသအတွင်း အဖြစ်အများဆုံး ရောဂါ(၅)မျိုးမှာ ငှက်ဖျား၊ ဝမ်းလျှော၊ တီဘီ၊ ဝမ်းကိုက်နှင့် အသည်းရောင် ရောဂါများဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးအအခြေအနေများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေကြောင်း ခရီးစဉ်နှင့် ရေကြောင်းခရီးစဉ်မရှိပါ။ တောင်ကြီး-ပင်လောင်း မီးရထားလမ်းသည် ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်ကို ဖြတ်သန်းသွားပါသည်။ ဆီဆိုင်မြို့နယ် တွင် မီးရထားလမ်းအရှည် (၆၆)မိုင်ပါဝင်ပြီး ပင်လောင်းမြို့နယ်တွင် (၁၀၈.၅၈)မိုင် ပါဝင်ပါသည်။ ဒေသအတွင်း ရထားလမ်းအရှည်မှာ (၁၇၄.၅၈)မိုင် ရှိပါသည်။
အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပါသည်။ ပြည်ထောင်စုလမ်းမများဖြစ်သော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းနှင့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်းတို့သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြတ်သန်းသွားလျက်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သောလမ်းပိုင်း(၁၈)ခုရှိပါသည်။ မိုင်အရှည်မှာ စုစုပေါင်း(၄၈၅)မိုင် (၂)ဖာလုံ ရှိပါသည်။
ပြည်ထောင်စုလမ်းမကြီးများဖြစ်သည့် မိတ္ထီလာ-တောင်ကြီး -ကျိုင်းတုံ-တာချီလိတ်လမ်းနှင့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း လမ်းမကြီး(၂)ခုသည် ဒေသ အတွင်း ဖြတ်သန်းသွားလျက်ရှိသည်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည် ဟိုပုံးမြို့နယ် တစ်ခုတည်းကိုသာ ဖြတ်သွားပြီး ဒေသအတွင်း(၂၈)မိုင်(၇)ဖာလုံပါဝင်ပါသည်။ ရာသီအချိန်မရွေး သွားလာ နိုင်သော ကတ္တရာလမ်းမကြီး ဖြစ်ပါသည်။ တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်းမှာ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ်ကို ဖြတ်သန်းသွားပြီး ဒေသအတွင်း(၆၈)မိုင်(၄)ဖာလုံပါဝင်ပါသည်။ ထိုလမ်းသည် (၂၀၁၁-၂၀၁၂)ခုနှစ်တွင် ဟိုပုံးမြို့နယ်အတွင်းတွင်သာ လမ်းအနည်းငယ်ချောမွေ့ပြီး ဆီဆိုင်မြို့နယ်အပိုင်း၊ ကယားပြည်နယ် (နယ်စပ်)တို့တွင် လမ်းဆိုးလျက်ရှိပါသည်။ သို့သော် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူ၍ လမ်းများကို နှစ်စဉ်တိုးတက်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိသဖြင့် ယခင်လမ်းမပေါ်ရှိ ကျေးရွာများသာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခဲ့ပြီး ကျန်ရွာချင်းဆက်လမ်းများမှာ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပါ။
ပညာရေးအခြေအနေမှာ ၂၀၁၁-၂၀၁၂ခုနှစ် ဒေသအတွင်းတွင် အထက်တန်းကျောင်း(၁၂) ကျောင်း၊ အထက်တန်းခွဲကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၉၉)ကျောင်း၊ မူလတန်းကျောင်း(၃၈၄)ကျောင်း၊ မူလတန်းကျောင်းခွဲ (၂၄)ကျောင်း၊ တွဲဖက်မူလတန်းကျောင်း(၃၇)ကျောင်း စုစုပေါင်း(၅၉၂) ကျောင်းရှိခဲ့ပါသည်။ ပအိုဝ်းဒေသ အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မပေါ်ပေါက်မီကပင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် ပညာရေးဖွံ့ဖြိုးတိုးတက်မှသာ ဒေသဖွံ့ဖြိုးတိုးတက်လာမည်ကိုသိရှိ၍ ပညာရေးဖွံ့ဖြိုးတိုးတက် အောင် နယ်မြေသို့ ကွင်းဆင်းစည်းရုံးအားပေးမှုများရှိခဲ့သောကြောင့် ပညာရေးအခြေအနေမှာ အသင့် အတင့် ကောင်းမွန်ခဲ့ပါသည်။
ထို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပညာရေးအခြေအနေမှာ အဆင့်မြင့်ပညာ အတွက် ဒေသအတွင်းအပါအဝင် မဲဆန္ဒနယ်ပြင်ပအတွင်းရှိ ပအိုဝ်းတိုင်းရင်းသား များကိုယ်းစားပြု လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာဒီပလိုမာ အထူးသင်တန်းကျောင်းတစ်ကျောင်းကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ဖွင့်လှစ်ထား ပါသည်။ ထို့အပြင် ဟိုပုံးမြို့နယ်တွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း တည်ရှိပါသည်။ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းခွဲများ၊ အခြေခံပညာအလယ် တန်းကျောင်း များ၊ အခြေခံပညာအလယ်တန်းကျောင်းခဲများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အခြေခံပညာမူလ တန်းကျောင်းများ၊ မူကြိုကျောင်းများ (၈၃၁) ကျောင်းရှိပါသည်။
ထို့အတူပင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုံးမြို့နယ်တွင်ရှိသော ဘုန်းတော်ကြီး သင်ပညာရေး သင်တန်းကျောင်းဖြစ်သည့် နောင်တောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကြီးဆုံးသောဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ပြီး ကျောင်းသား/ သူဦးရေ စုစုပေါင်း(၁၅၂၉)ဦးနှင့် ဆရာ/မဦးရေ စုစုပေါင်း(၇၁)ဦးရှိပါသည်။ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာတွင်တည်ရှိသော ရတနာအောင်ဆုဘုန်းတော်ကြီးသင် ပညာရေးသင်တန်း ကျောင်းတွင် ကျောင်းသား/ သူဦးရေ စုစုပေါင်း(၂၂၈)ဦးရှိပြီး ဆရာ/မ ဦးရေ စုစုပေါင်း(၉)ဦးရှိပါသည်။ ထို့အပြင် ယခုအခါ ဆီဆိုင်မြို့နယ်၊ နောင်မွန်ပရဟိတကျောင်းနှင့် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၊ တင်းထက်ပညာဒါနကျောင်း၊ ဗောင်းပညာဒါနကျောင်းများလည်း ရှိနေပါသေး သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြေခံပညာကျောင်းများ၌ ဆရာ/မခန့်ထားမှု အခြေအနေများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်/မြို့များတွင် ကျောင်းဆရာ/မ အင်အားသည် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ထိ (၁၂၅၅)ဦးထိ တိုးတက်လာခဲ့ သော်လည်း ပညာရေးဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြုဦးရေ(၃၆၁၉)ဦး၊ ခန့်ထားဦးရေ(၃၁၉၃)ဦးနှင့် လစ်လပ် ဦးရေ(၄၂၃)ဦးရှိနေသည့်အတွက် ဒေသအတွင်းရှိကျောင်းသား/သူများ ပိုမိုအဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် ကျောင်းဆရာ/မအင်အား ထပ်မံလိုအပ်လျက်ရှိပါသေးသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း အတွင်းရှိ အဆောက်အဦးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ဒီပလိုမာ အထူးသင်တန်း ကျောင်း အား(၆-၁-၂၀၁၆)ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကျောင်းသား/သူ(၁၁၃)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ထိုကျောင်းမှဆင်းသော ဆရာ/မများအား ဒေသအတွင်းလိုအပ်သော နေရာများတွင်သာမက အခြားလိုအပ်သောနေရာများတွင်လည်း တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ် ပါသည်။
လျှပ်စစ်မီးရရှိရေးအခြေအနေများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်မှု အခြေအနေမှာလည်း ပင်လောင်းမြို့နယ်တွင် ကျေးရွာ၏ တော်တော်များများမှာ လျှပ်စစ်မီးရရှိနေပြီဖြစ်ပြီး ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်း အတော်အသင့် ရရှိနေပြီ ဖြစ်သကဲ့သို့ ထပ်မံရရှိရန်လည်း ကြိုးစားနေပြီဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ချက်များမှာလည်း ကုလသမဂ္ဂ ထောင်စုနှစ်ပန်းတိုင်(MDG)ရည်မှန်းချက်(၁)အရ (၁၉၉၀)ခုနှစ်မှ (၂၀၁၅)ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနှုန်းကို (၂၀၁၅)ခုနှစ်တွင် (၁၆%)သို့ရောက် အောင် လျှော့ချရမည်ဖြစ်ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိတို့ ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၆)ရပ်နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ အဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ကူညီထောက်ပံ့မှုများ၊ ဒေသအတွင်းတွင်တည်ရှိသည့် မြို့နယ် (၃)နယ်မှ ကော်မတီ(၃)ရပ် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှု လျှော့ချရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ယခုရေးသားဖော်ပြသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် ချက်များသည် ဒေသဦးစီးအဖွဲ့စတင်ပေါ်ပေါက်လာသည့်အချိန် (၃၀-၃-၂၀၁၁)ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်ထိ (၅)နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများကို အကျဉ်းချုပ် ရေးသားထားခြင်းပင်ဖြစ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ခုနှစ်အရသော်လည်းကောင်း၊ ၂၀၁၀-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြောက်ခြင်းခံရ၍လည်းကောင်း၊ (၃၁-၃-၂၀၁၁)ရက်နေ့တွင် ပေါ်ပေါက်လာ ခဲ့သောအဖွဲ့အစည်း ဖြစ်ပါသည်။ ဒေသဦးစီးအဖွဲ့ပေါ်ပေါက်လာပြီးနောက် (၅)နှစ်တာကာလအတွင်း ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သဖြင့် ပအိုဝ်းဒေသသည် အသင့်အတင့် တိုးတက်လာခဲ့ပါသည်။ သို့သော် မိုးနတ်မင်းသည် ဒေသတစ်ခုလုံးသို့ တပြိုင်တည်း နှံ့စပ်အောင် အေးမြသောမေတ္တာရေကို ပက်ဖျန်းမပေးနိုင်သကဲ့သို့ ဒေသဦးစီးအဖွဲ့သည်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ပါသော်လည်း နေရာအနှံ့ပြည့်စုံမှုမရှိသေးပါ ကဏ္ဍအလိုက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများလည်းရှိနေပါသေးသည်။ ထို့ကြောင့် ကျန်ရှိနေသောဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရအဖွဲ့၊ ပြည်တွင်းအလှူရှင်များ၊ နိုင်ငံတကာအလှူရှင်များ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုများ၏ ငွေအင်အား၊ လူအင်အားများဖြင့် ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု သန္ဓိဌာန်ချထားပြီဖြစ်သည်။
ထို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ ကြိုးစားအကောင် အထည်ဖော်ဆောင်မှုများကို ဂုဏ်ပြုရင်း နှစ်စဉ်ဧပြီလ(၇)ရက်နေ့တွင်ကျရောက်သည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့သည် ပအိုဝ်းတိုင်းရင်းသားတို့အတွက် အမြဲအမှတ်ရကြစေရန် လက်ဆင့်ကမ်းပြောပြခြင်း၊ အလံတများလွင့်ထူ၍ ကြိုဆိုဂုဏ်ပြုခြင်းစသည့် လှုပ်ရှားမှုများဖြင့် သမိုင်းတွင်ကျန်ရစ်စေရန် ဂုဏ်ပြုသင့်သည်။ သို့မှသာလျှင် နောင်မျိုးဆက်များအတွက် သမိုင်းကောင်းများ ကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း အသိပေးရင်း လာမည့် ၂၀၁၉-ခုနှစ်၊ ဧပြီလ(၇)ရက် နေ့(တနင်္ဂနွေနေ့)တွင် ကျရောက်မည့် “ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးဖွားသည့်နေ့” အား ဤဆောင်းပါးဖြင့် ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။
ကိုးကားချက်။ ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ (၃၀-၃-၂၀၁၁)ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်ထိ (၅)နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများစာအုပ်
ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Like On Facebook
Follow On Twitter
Subscribe On RSS