Monday, May 13, 2019

ပအိုဝ်းနီ(ပအိုဝ်းတနျား)ဒေသသို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်









စာရေးသူမိမိသည် ပြီးခဲ့သည့် မတ်လတွင် ပအိုဝ်းနီဒေသသို့ အလည်အပတ်ရောက်ရှိခဲ့ရာ ပအိုဝ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသအကြောင်းကို အကျဉ်းချုံးအနည်းငယ် မျှဝေပေးချင်ပါသည်။ ပအိုဝ်းနီသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိပြီးတိုင်းရင်းသားဖြစ်သည်။ ပအိုဝ်းနီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု(ကောင်တန်ပန်ပီး) ဒေသနှင့် လင်းခေးမြို့နယ်၊ လွိုင်လုံကျေးရွာအုပ်စု(ကောင်တန်ပန်တဝီး) ဒေသတွင် အများဆုံးနေထိုင်ကြပြီး အစပထမတွင် ပအိုဝ်းနီတိုင်းရင်းသားများသည် ပန်တဝီးဒေသနှင့် ပန်ပီးဒေသတွင်သာ စုစည်းနေထိုင်ပြီး စစ်ဘေးစစ်ဒဏ်ကြောင့် တိမ်းရှောင်ရင်း သံလွင်မြစ်တစ်ကြောတွင်သာမက နေရာဒေသအနှံ့သို့ ရောက်ရှိကြသည်ဟု သိရှိရပါသည်။

ပအိုဝ်းနီနေထိုင်ရာဒေသကို သွားရောက်လည်ပတ်နိုင်မည့် လမ်းကြောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး - လွိုင်လင် - နမ့်စန် - လင်းခေး - မိုင်းပန်လမ်းပိုင်းမှ တစ်ကြောင်း၊ တောင်ကြီး - ဆိုက်ခေါဝ်(ဆီဆိုင်မြို့နယ်) - မောက်မယ် - လင်းခေး လမ်းပိုင်းမှ တစ်ကြောင်း သွား၍ရပါသည်။ လင်းခေး မြို့နယ် အရှေ့တောင်ဘက် တောင်တန်းပေါ်တွင်ရှိသည့် ပန်တဝီးဒေသကို သွားမည်ဆိုပါက တောင်ကြီး - ဆိုက်ခေါဝ် - မောက်မယ် - လင်းခေး - မောက်အွန်လောဝ်ရွာ လမ်းပိုင်းမှသွားခြင်းဖြင့် လမ်းကြောင်းတိုပြီး အဆင်ပြေပါသည်။ လင်းခေးမြို့ကို ဝင်စရာမလိုတော့ပါ။  မောက်အွန်လောဝ်ရွာတွင်ရှိသည့် နမ့်တိန်းချောင်း ပေါ်ရှိ ဆိတ်ကမ်း(ကူးတို့)ငယ်လေးတွင် ကမ်း၏တစ်ဖက်သို့ ရောက်ရှိနိုင်ရန် စက်လှေဖြင့် ကူးရပါသည်။ ဆိုင်ကယ်တစ်စီး(၂၀၀၀)နူန်းနှင့် ကားငယ်တစ်စီးလျှင် (၁၀၀၀၀)နူန်းဖြင့် ကမ်းကူးရန် နေ့စဉ်နေ့တိုင်း စက်လှေထားရှိပါသည်။

နမ့်တိန်းချောင်း၏ အရှေ့ဖက်ကို ရောက်ပြီးလျှင် (၁)မိုင်ကျော်သည် မြေပြန့်လမ်းဖြစ်ပြီး ကျန်သည့်လမ်းသည် တောင်တက်လမ်းဖြစ်ကာ ကောင်တန်ပန်တဝီးအထိ စုစုပေါင်း (၁၄)မိုင် ခရီလမ်းတက်ရပါသည်။ လိုင်းကားမရှိပါ။ တောင်ပေါ်ကိုတက်ရန် ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် သော်လည်းကောင်း၊ ကားဖြင့်သော်လည်းကောင်း တက်နိုင်ပါသည်။ ဆိုင်ကယ်ကယ်ရီ ဌားနိုင်ပါတယ်။ ဆိုင်ကယ်ပိုင်ရှင် လိုက်ပို့ပေးမည်ဖြစ်ရာ တစ်ဦးလျှင် (၁၀၀၀၀)ပေးရပါသည်။ ကားဖြင့်သွားမည်ဆိုပါက 4wdပါသည့်ကားသည် ပိုအဆင်ပြေနိုင်မည်ဖြစ်ပြီး (၁၄)မိုင်နှင့် တံတားများသည် ကျေးလက်လမ်းဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လွှတ်တော်ဘတ်ဂျက်တို့ဖြင့် တံတားများတည်ဆောက်ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ မြေသားလမ်းချဲ့ခြင်းနှင့်  ဒေသခံမှ ကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်ထားသည့် လမ်းဖြစ်သည်။ လမ်းဘေးဝဲယာ တစ်လျှောက်တွင်  တောသဘာဝပီပီ တောတောင်များထူထပ်ပြီး သစ်မျိုးစုံ ဖြင့် ပြည့်နှက်လျှက်ရှိနေပါသည်။ (၁၄)မိုင်လမ်းဆုံးလျှင် တောင်ထိပ်တွင်ရှိသည့် ပအိုဝ်းနီတိုင်းရင်းသားတို့ ၏ နေထိုင်ရာဒေသ ကောင်တန်ပန်တဝီးကို ရောက်ရှိမည်ဖြစ်သည်။

ပအိုဝ်းနီသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပြီး တောင်စောင်း၊ တောင်မြင့်တွင်ရှိသည့် တောင်ယာများကို လုပ်ကိုင်ကြပါသည်။ အများစုသည် လမ်းခရီး၏ ခက်ခဲကြမ်းတမ်းမှု၊ သယ်ယူစရိတ်ကြီးမားမှုကြောင့် မိမိတို့မိသားစု ဝမ်းစာဖူလုံရေးအတွက် တောင်ယာစပါးကို အဓိကထားစိုက်ပျိုးကြပါသည်။ မွေးမြူရေးလုပ်ငန်းဖြစ်သည့် ကြက်၊ နွား၊ ဝက်များကို မွေးမြူသကဲ့သို့ အခြားသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပန်းမန်များကိုလည်း ဓာတုဓာတ်မြေသြဇာမထည့်ဘဲ သဘာဝမြေသြဇာဖြစ်သည့် မြေဆွေး၊ နွားချေး၊ ဝက်ချေးဖြင့် စိုက်ပျိုးကြသည်ကို တွေ့ရှိပါသည်။ ပအိုဝ်းနီဒေသတွင်ရှိသည့် မိသားစုအများစုသည် မီးဖိုချောင်တွင် မရှိမဖြစ်၊ မပါမပြီး ဆားတစ်မျိုးတည်းကိုသာ ဝယ်ယူရသည်ကို တွေ့ရှိ၊ ကြားသိရပါသည်။ အိမ်သုံးပစ္စည်းကိရိယာအဖြစ် ခြင်းတောင်း၊ ပလိုင်း၊ ဖျာအစရှိသည့်တို့ကို ကိုယ်တိုင်ယက်လုပ်ခြင်းနှင့် တောင်ယာ၊ ခြံများအတွက် အသုံးပြုရန် ပေါက်ပြားကိုသာ ဝယ်ယူကြပြီး ကျန်သည့် ထွန်တုံး၊ ထွန်ခြစ်များကိုလည်း ဘိုးဘွားစဉ်ဆက်မှ ယနေ့အထိ လက်ဆင့်ကမ်း ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။

ပအိုဝ်းနီတိုင်းရင်းသားများ၏ မရှိမဖြစ်သုံးရမည့် အသုံးအဆောင်ပစ္စည်း၊ အိမ်တွင်းမှုပစ္စည်းများကို မိုင်းပန်မြို့မဈေးနှင့် လင်းခေးမြို့မဈေးအထိ သွားရောက်ဝယ်ယူကြရပါသည်။ ရှေးခေတ်တွင် ပစ္စည်းများကို ဝန်တင်နွားနှင့် ဝန်တင်မြင်းတို့ဖြင့် တင်ဆောင်ကြရပြီး ယခုနောက်ပိုင်းတွင် နွားနှင့်မြင်းတို့ကို မွေးမြူမှု နည်းပါးလာခြင်းကြောင့် ဆိုင်ကယ်ဖြင့် တင်ဆောင်လာကြသည်ကို တွေ့ရှိရပါသည်။ ပအိုဝ်းနီသည် ရိုးသားပွင့် လင်းခြင်း၊ ဖောရွေခြင်းများရှိသကဲ့သို့ အလုပ်ကိုကြိုးစားကာ ဂုဏ်ပကာသနကင်းသည့် တိုင်းရင်းသားများ ဖြစ်ပြီး နေထိုင်မှုအဆောက်အဦးကို ဒေသရှိ သစ်ပင်၊ ဝါးပင်များကို ယူပြီး အဆောက်အဦးများ ပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။

ပအိုဝ်းနီတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများအတွက် ချည်သားနှင့် ပိတ်စများကို ကိုယ်တိုင်ယက် လုပ်သူရှိသလို ထိုင်း(ယိုးဒယား)နိုင်ငံကိုလည်း မှာယူကြသည်ကို တွေ့ရှိရသည်။ ဝတ်စားမှုပုံစံသည် ခေါင်းပေါင်းကို ပအိုဝ်းတိုင်းရင်းသားနှင့် ဆင်တူ(အရောင်မျိုးစုံ)ပြီး အပြင်တစ်ထပ်တွင် လက်ရှည်ရင်ဖုံး၊ အလယ် တစ်ထပ်တွင် ပိတ်စရောင်စုံအစင်းဖြင့် ချုပ်ဝတ်ကြပြီး လုံချည်များမှာ ချည်မှင်အနီရောင်ကို အခြားသော ကြက်သွေးရောင်၊ နက်ပြာရောင်များဖြင့် ရောပြီး ချုပ်ဝတ်ကြသည်။ ဘာသာစကားအားဖြင့် ပအိုဝ်းဘာသာနှင့် ရှမ်းဘာသာကို  ပြောဆိုသုံးနူန်းကြသည်။ ပအိုဝ်းတိုင်းရင်းသားဖြစ်သော်လည်း ပထဝီအနေအထားအရ ရှမ်းတိုင်းရင်းသားများနှင့် အနေနီးသောကြောင့် အချို့ကျေးရွာနှင့် မိဘများသည် ကလေးများကို ရှမ်းစကားဖြင့်သာ တတ်ကျွမ်းအောင် အရင်ဦးဆုံး သင်ပေးလေ့ရှိသည်။ ထို့ကြောင့် များသောအားဖြင့် လူငယ်ပိုင်းများသည် စကားပြောသည့်အခါတွင် ရှမ်းအသံ(စကား)ဖြင့် ဝဲသွားသည်ကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်းရှိ သွေးချင်းညီနှောင်တိုင်းရင်းသားများ ပအိုဝ်းနီဒေသကို တမင်တကာ သွားရောက်လည်ပတ်၍သော်လည်းကောင်း၊ လမ်းကြုံ၍သော်လည်းကောင်း၊ သွားရောက်မည်ဆိုပါက ၎င်းဒေသ၏ အလှအပများကို တွေ့ရှိခံစားနိုင်မည်ဖြစ်သကဲ့သို့ ၎င်းတို့၏ နေထိုင်မှု၊ ရိုးရာဓလေ့များကိုပါ သိရှိနိုင်မည်ဖြစ်ပြီး စာရေးသူမိမိအနေဖြင့် ပအိုဝ်းနီဒေသသို့ သွားရောက်လည်ပတ်မည့် သွေးချင်းများအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသောကြောင့် ရေးသားတင်ပြရခြင်း ဖြစ်သည်။

ခွန်တလျူး/ ခမ်းလွယ်လုံ(ပင်လောင်း)
Powered by Blogger.