ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့မှ ကြီးမှူးကျင်းပဖွင့်လှစ်သော (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့်သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို မေလ (၁၂) ရက် နေ့လည် (၁၂)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့ ၊ နောင်တောင်းပရဟိတပ်ဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့်သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို နမောတဿ (၃)ကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် တက်ရောက်လာသည့်ဧည့်သည်တော်များ၊ ဆရာတော်၊ သံဃာတော်များ နှင့်သင်တန်းသား/သူများတို့သည် ရတနာသုံးပါးကန်တော့၍ ငါးပါသီလခံယူကာ ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့ဥက္ကဋ္ဌ ၊ ဆီဆိုင်မြို့ ၊ ဇာဝနာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသ ထံမှသြဝါဒနာယူကြသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက သင်တန်းဆင်းအမှာစကားပြောကြားပြီး ၊ သင်တန်းသား/သူများ ကိုယ်စား တောင်ကြီးမြို့၊ ပေါမူကျေးရွာမှ နန်းငယ်ထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နောက်သင်တန်းထူးချွန်ဆုရရှိသည့် သံဃာတော်များ၊ သင်တန်းသား/သူများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့်ဒေသအဆင့် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် သင်တန်းဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများတို့က သင်တန်းဆင်းလက်မှတ်နှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
၎င်း နောက်လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ သင်တန်းဆင်းအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် သင်တန်းသား/သူများတို့သည် (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို " နီ ပအိုဝ်း နီ "သီချင်းသီဆို၍ ပိတ်သိမ်းခဲ့သည်။
အဆိုပါ(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တောင်ကြီး ၊ ညောင်ရွှေ ၊ ရပ်စောက် ၊ ရွာငံ ၊ ကျောက်တလုံး ၊ ပင်လောင်း ၊ နောင်တရား ၊ ဆီဆိုင် ၊ မောက်မယ် ၊ လွိုင်လင် ၊ နမ့်စန် ၊ မိုင်းပန် ၊ ဟိုပုံး ၊ ကလော၊ ပင်းတယ ၊ဖယ်ခုံ ၊ လွိုင်ကော် ၊ ရန်ကုန် ၊ ရေတာရှည် ၊ မန္တလေး ၊ လင်းခေး ၊ ဇရပ်ကြီး စသည့်မြို့နယ်များတို့မှ အုပ်ချုပ်သူနည်းပြ ၊ ဆရာတော် ၊ သံဃာတော်များနှင့် သင်တန်းသား/သူ စုစုပေါင်း (၂၄၆၉)ဦးတို့သည် ၂၀၁၉ ခုနှစ် ၊ မေလ(၆)ရက်နေ့မှ မေလ(၁၂)ရက်နေ့အထိ တက် ရောက်သင်ကြားခဲ့ကြပြီး ၊ လာမည့်(၃၆)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းကို ဆီဆိုင်မြို့နယ် ၊ ဆိုက်ခေါင်စံပြကျေးရွာတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)
09252795079
Like On Facebook
Follow On Twitter
Subscribe On RSS