Wednesday, May 1, 2019

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်နိုင်ရန် သင်တန်းပြုလုပ်မည့် အစီအစဉ် ဆွေးနွေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ(၂)ရက်


အထူးဒေသ(၆)၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးတွင် လာမည့်ဇွန်လအတွင်း ဟိုပုံးမြို့၊ နောင်တောင်းပရဟိတကျောင်းတွင် ပြုလုပ်မည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်နိုင်ရန် သင်တန်းပြုလုပ်မည့် အစီအစဉ်ကို ဧပြီလ ၃၀ရက်နေ့ နံနက်ပိုင်းအချိန်၌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင်က အဖွင့်အမှာစကားပြောကြားရာ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအနေဖြင့် ပါတီဖွဲ့စည်းရာတွင် (၁၀)နှစ် ပြည့်တင်းတော့မည်ဖြစ်ကြောင်း၊ နိုင်ငံရေးစနစ်များ အစဉ်ပြောင်းလဲလာရာ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ခေတ်အလိုက် ကျွမ်းကျင်မှုများလိုအပ်ကြောင်း၊ ပအိုဝ်းလူမျိုး ရိုးရာဓလေ့ထုံးစံများဖြစ်သည့် သီတင်းကျွစ်၊ တန်ခူးစသည့် အခါကြီးရက်များတွင် ဘုန်းကြီးကျောင်းများ သွားရောက်၍ တရားတော်နာခြင်းများက မပျောက်ပျက်သေးပဲ လက်ရှိအချိန်ထိ တည်ရှိနေကြောင်း၊ မိမိရိုးရာယဉ်ကျေးမှုမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း၊ယနေ့ခေတ်သည် မီဒီယာခေတ်ဖြစ်သည့်အလျောက် သွေးထိုးလှုံ့ဆော်မှုများရှိနေရာ မိမိအဖွဲ့အစည်း မပျောက်ပျက်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိအောင် တစ်မျိုးသားလုံး ကြိုးစားလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းအမျိုးသားများအနေဖြင့် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ကြိုးစားသင့်ကြောင်း၊ ကိုယ့်ရိုးရာဝတ်စုံ၊ ကိုယ့်အစားအစာများကို ကိုယ်ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်ကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် အမြဲတမ်းရှင်သန်ထက်မြက်နေဖို့အတွက် စွမ်းရည်မြှင့် သင်တန်းများ လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း စသည့်အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေက - ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍မရ၊ အဖွဲ့အစည်းတစ်ခုတည်းလည်း လုပ်ဆောင်လို့မရ၊ ဆက်စပ်ရာအားလုံး ပူးပေါင်းပြီး လုပ်ဆောင်ရကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ရွာဦးဘုန်းတော်ကြီးနှင့် ရွာသူကြီးများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အွိုင်း၊ မြို့နယ်စသည့် အဖွဲ့အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက စွမ်းရည်မြှင့်မားဖို့ လိုအပ်ကြောင်း၊ ပအိုဝ်းဒေသလိုအပ်ချက်များကို နောင်တောင်းပရဟိတကျောင်းဆရာတော်မှ သိမြင်ကာ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ နောင်တောင်းပရဟိတဆရာတော်အား အထူးကျေးဇူးတင်မိပါကြောင်း၊ လာမည့်ဇွန်လ နောင်တောင်းပရဟိတကျောင်းတွင် ထပ်မံဖွင့်လှစ်မည့် စွမ်းရည်မြှင့်သင်တန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဖွဲ့ဝင်များအနေဖြင့် မိမိမြို့နယ်၊ မိမိဒေသတွင် အမှန်တကယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်ပုဂ္ဂိုလ်၊ အနာဂတ်တွင် အားကိုးရနိုင်မည့် ပုဂ္ဂိုလ်များကို ရွေးချယ်စေလွတ်သင့်ပါကြောင်း စသည့် အမှာစကားများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းကိစ္စနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နောင်တောင်းပရဟိတကျောင်းတွင် ပအိုဝ်းဒေသတွင်း ရွာသူကြီးများနှင့် ဒေသ၊ မြို့နယ် တာဝန်ခံများ၊ တာဝန်ရှိပုဂ္ဂိုလ်များအား လွန်ခဲ့သည့် မတ်လနှင့်သင်္ကြန်မတိုင်ခင် ရက်များတွင် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး လာမည့်ဇွန်လ (၅-၇)ရက်များတွင် တသုတ်၊ ဇွန်လ ( ၁၇- ၁၉)ရက်များတွင် တသုတ်နှင့် ဇွန်လ (၂၆ - ၂၈) ရက်များတွင် တသုတ် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ပအိုဝ်းဒေသ မြို့နယ်အသီးသီးမှ ဥက္ကဋ္ဌ၊ ရုံးတာဝန်ခံများနှင့် ဗဟိုဌာနချုပ်ရုံး ဌာနအသီးသီးမှ ဌာနမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ရဲုင်းယံ
Powered by Blogger.