Monday, April 29, 2019

တက္ကသိုလ်လူငယ်များထံမှ အတုယူသင့်သည့် တစ်စိပ်တစ်ပိုင်းသော အရာတစ်ခု

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်


မျက်မှောက်ခေတ်ကာလတွင် မြင်တွေ့နေရသည့် အပြောင်းအလဲများစွာရှိသည့်အနက် တစ်ခုဖြစ်သော ပညာရေးဆိုင်ရာပြောင်းလဲမှုကို အနည်းကျဉ်းမျှဝေရင်း အတုယူသင့်ပုံကို တစ်ထောင့်တစ်နေရာမှ ဖော်ပြလိုပါသည်။ မြန်မာတစ်နိုင်ငံလုံး ခြုံငုံကြည့်လျှင်လည်း ပြောင်းလဲမှုများစွာရှိသည်ကို လူတိုင်းကြုံတွေ့ထိတွေ့မိမည်ဖြစ်သည်။ တိုင်းရင်းသားအားလုံးများသည်လည်း မိမိလူမျိုးအလိုက် တိုးတက်ဖွံဖြိုးအောင် အစဉ်ကြိုးစားပြောင်းလဲနေပြီဖြစ်သည်။ မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးစုအတွက် အတုယူဖွယ်ရာကောင်းသည့်အရာတစ်ခုကို စာရေးသူတစ်ဦး၏ အတွေးထင်မြင်ချက်အနေဖြင့် မျှဝေလိုပါသည်။

၂၀၁၅-ခုနှစ်နောက်ပိုင်းပညာသင်နှစ်အရတွေ့ရှိရသည့် ထူးခြားမှုတစ်ခုမှာအဆင့်မြင့်ပညာရေးတွင် ပညာလေ့လာဆည်းပူးသင်ယူနေသော ပအိုဝ်းတိုင်းရင်းသားများသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်တိုင်းရှိ အဆင့်မြင့်ပညာရေးကျောင်းတွင် အင်အားများလာသည်ကို တွေ့ရှိရပေသည်။ ထို့ပြင်ကျောင်းသူ/သားများ၏ အင်အားကို ပြသရုံတင်မက မိမိတို့၏ရိုးရာအစဉ်ဓလေ့ကိုပါ မြန်မာသိအောင် ကမ္ဘာသိအောင် တစ်ထောင့်တစ်နေရာမှ စွမ်းအားကို ပြသနေပြီဖြစ်သည်။ အဆင့်မြင့်ပညာရေးကောလိပ်၊ တက္ကသိုလ်တိုင်းရှိ ပအိုဝ်းတိုင်းရင်းသားလူငယ်များသည် မိမိတို့၏ ပအိုဝ်းရိုးရာ ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိမိတို့ ပညာသင်ယူဆည်းပူးနေသောကျောင်းတော်ရှိ လူငယ်များစုရုံးပြီး စည်းလုံးညီညာစွာ ပအိုဝ်းတိုင်းရင်းသားမောင်မယ် သစ်လွင်ကြိုဆို/ နှုတ်ဆက်/ ဆုနှင်းပေးအပ်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်ကြသည်။

ယနေ့ခေတ် ပအိုဝ်းတိုင်းရင်းသားမောင်မယ်များသည် နှစ်စဉ်မိမိတို့လူငယ်မောင်မယ်များ အချင်းချင်းပူးပေါင်း၍ ကျင်းပလျက်ရှိသော  ပအိုဝ်းတိုင်းရင်းသားမောင်မယ် သစ်လွင်ကြိုဆိုပွဲ/ နှုတ်ဆက်/ ဆုနှင်း ပေးအပ်ပွဲကို တစ်လှည့်စီလိုက်လံအားပေးခြင်းဖြင့် အချင်းချင်းပူးပေါင်းကာ စည်ကားတိုက်မြိုက်စွာ ကျင်းနိုင်ခဲ့ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းကျောင်းသူ/သားများသည် အထက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံမှ ပအိုဝ်းတိုင်းရင်းသားမောင်မယ်များအား လာရောက်လေ့လာဖျော်ဖြေရန် ဖိတ်ကြားပြီး အထက်မြန်မာပြည်ရှိ တက္ကသိုလ်၊ ကောလိပ်တိုင်းမှ ပြုလုပ်ကျင်းပရာတွင်လည်း အောက်မြန်မာပြည်တက္ကသိုလ်၊ ကောလိပ်ရှိ ပအိုဝ်းတိုင်းရင်းသားများကို ဖိတ်ကြားခြင်းဖြင့် အချင်းချင်းအပြန်အလှန် အားပေးခြင်း၊ လေ့လာခြင်းဖြင့် ပအိုဝ်းတိုင်းရင်းသားလူငယ်များ၏ စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်မှု၊ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှု၊ အချင်းချင်းရိုင်းပင်းကူညီမှုကို မြင်တွေ့နိုင်ပေမည်။

မိမိတို့လူမျိုးဖွံဖြိုးတိုးတက်ရန် အဓိကနေရာတွင် တာဝန်ကျသော လူငယ်မောင်မယ်များသည် ပအိုဝ်းလူမျိုးတွင် တအိုးတည်းသာရှိကြောင်း လူမျိုး၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ အင်အားများ၊ စွမ်းအားများကို နေရာအနှံအပြားတွင် စည်းလုံးညီညွတ်သော မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စွာဖြင့် ပြသနေပြီးဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အစရှိသည့် မည်သည့် အရေးတွင်မဆို လက်ရှိဦးစီး ဦးဆောင်ပြုပေးနေသော ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကြီးတို့၏ လုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း၊ ပုခုံးပြောင်း၍ တာဝန်ထမ်းဆောင်နိုင်သည့် လူငယ်များ ဖြစ်နိုင်ရန် ဤသို့သော စည်းလုံးမှု၊ အချင်းချင်း နားလည်မှုပြည့်ဝစွာ ရိုင်းပင်ကူညီမှုများဆက်လက်ထိန်းသိမ်းပြီး အစဉ်တိုးတက်အောင် ဖော်ဆောင်ရန် လိုအပ်ပေမည်။

ထို့ကြောင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် စည်းလုံးညီညွတ်သည့် လူမျိုးဖြစ်သည့် အလျှောက် ရည်မှန်းချက်ပန်းတိုင်တစ်ခုကို တစ်လှေတည်းစီးပြီး စည်းလုံးညီညွတ်စွာ ဖော်ဆောင်သွားရန် လိုအပ်ပေသည်။ ယခုလက်ရှိတွင် မည်သည့် အဖွဲ့အစည်း၊ မည်သည့်ဌာနတွင်မဆို အချင်းချင်းစိတ်ဝမ်းကွဲမှုများဖြစ်နေပြီး လိုရာခရီး၊ ရည်မှန်းချက် ပန်းတိုင်ရောက်ရန် နှောင့်နှေးစေခြင်းများ တွေ့မြင်ရပေမည်။ လူမျိုးတစ်မျိုးတွင် ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်း၊ ခရီးလမ်းတစ်လမ်းတည်းသာ အတူတကွပူးပေါင်းသွားလျှင် အောင်မြင်မှုကို လျှင်မြန်စွာဆွတ်ခူးနိုင်မည်ဖြစ်သည်။ မည်သည့်အရေးကိစ္စတွင်မဆို ဦးစီး ဦးဆောင်၍ ခေါင်းဆောင်မှုပြုလုပ်သူတိုင်းသည် မိမိလူမျိုး အဖွဲ့အစည်းတွင် စိတ်ဝမ်းကွဲမှုများ အချင်းချင်း မနာလိုမှုများ မဖြစ်စေရန်စောင့်ကြည့်၍ မိမိတို့၏ လိုရာခရီးကို အရောက်သွားရန် အစဉ်သတိပေးသင့်သည်။

ခေါင်းဆောင်အမျိုးမျိုးရှိသည့်အနက် တစ်ချို့သောခေါင်းဆောင်များသည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကောင်းစားရေးအတွက်သာလုပ်ဆောင်နေသော ခေါင်းဆောင်များရှိသကဲ့သို့ အများပြည်သူများ၏ကောင်းကျိုးကို ရှေးရှုပြီး အပင်ပန်းခံ၊ အနစ်နာခံလုပ်ဆောင်နေသည့် အများပြည်သူချစ်ခေါင်းဆောင်ကောင်းများသည် ဝေဖန်တိုက်ခိုက်မှုများ ပိုမိုခံရတတ်သည်။ ယခုလက်ရှိ ပအိုဝ်းလူမျိုးများတွင် လူမျိုးစုတစ်မျိုးတည်းသာဖြစ်နေသော်လည်း နိုင်ငံအရေးဖြစ်စေ၊ မီဒီယာအပိုင်းတွင်ဖြစ်စေ၊ လူမှုရေးတွင် ဖြစ်စေ မနာလိုမှုများသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုကို ပျက်စီးစေလို၍သော်လည်းကောင်း၊ သွေးစည်းညီညွတ်မှုကို ပိုမိုရရှိသည့် အဖွဲ့အစည်းပေါ်ရှုတ်ချလိုသောဆန္ဒဖြင့် အများပြည်သူ၏ ထောက်ခံယုံကြည်မှုများ လျော့လာစေရန် သွေးထိုးလှုံ့ဆော်မှုများ၊ အဆိုးမြင်ဝါဒများဖြင့် လမ်းမှားသွားနေသည့် အဖွဲ့အစည်းများလည်း တွေ့မြင်ရပေသည်။

လူမျိုးစုတစ်မျိုးလျှင် အဖွဲ့အစည်းမည်မျှရှိစေကာမူ မိမိတို့၏လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးလုပ်ဆောင်ရာ ရည်ရွယ်ချက်တစ်ခုတည်းသာထားရှိ၍ အပြန်အလှန်ဖေးမကူညီရင်း စည်းလုံးညီညွတ်မှုကို ပြသသင့်သည့်အချိန်ရောက်ပြီဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးအတွက် ကိုယ်ကျိုးမငဲ့၊ လူမျိုးအကျိုးသာအစဉ် စွမ်းဆောင်ပေးသော ခေါင်းဆောင်များကို အဆိုးမြင်ဝါဒပယ်ဖျက်ကာ အကောင်း မြင်ဝါဒများစွာဖြင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးရင်း လမ်းစဉ်တစ်ခုတွင်သာ အတူလျောက်လှမ်းသင့်ပြီ ဖြစ်သည်။ ယနေ့ခေတ် ပအိုဝ်းတိုင်းရင်းသားပညာတတ်လူငယ်များ နှစ်စဉ်ကျင်းပသည့် ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင်ကြိုဆိုပွဲ/နှုတ်ဆက်/ဆုနှင်းပေးအပ်ပွဲသကဲ့သို့ အချင်းချင်းဖေးမကူညီရင်း လူမျိုးဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကို ဖော်ဆောင်သွားရန် လိုအပ်သည်။

ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပအိုဝ်းလူမျိုးများ ရည်မှန်းချက်အောင်နိုင်ရေးအတွက် အချင်းချင်းစိတ်ဝမ်းကွဲမှုများမဖြစ်စေရန် အထူးသတိထားသင့်သည်။ လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် မညီညွတ်လျှင် လျင်မြန်စွာ ပျက်စီးတတ်သကဲ့သို့ ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် လူမျိုးခြားတို့အပေါ်ခင်မင်ဖော်ရွေ တတ်သော်လည်း ကိုယ့်လူမျိုးအချင်းချင်းအား ကူညီမှုနည်းပါးရုံမျှမက ညီအစ်ကို မောင်နှမချင်းကြီးပွားသည်ကိုပင် မနာလိုဝန်တိုဖြစ်၍ အချင်းချင်းတိုက်ခိုက်တတ်ကြသည်။ ဤကဲ့သို့ ဖြစ်ခြင်းသည်လူမျိုးခြားတို့ စိတ်ကြိုက်သွေးခွဲပြီး ဝါးမျိုနိုင်ကြသဖြင့် ဤစိတ်ဓာတ်များကို ဖျောက်ဖျက်ပစ်ရန် အချိန်တန်ပြီဖြစ်၍ လူမျိုးခြားတို့ ဝါးမျိုရန် ကြိုးစားလျှင်လည်း မျိုးချစ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ အတူပူးပေါင်း ကာကွယ်သင့်ကြောင်းနှင့် လိုရာပန်းတိုင်ကို အချင်းချင်း ဖေးမကူညီရင်း မိမိတို့ပအိုဝ်းလူမျိုးသည် တအိုးတည်းသာရှိကြောင်းကို အစဉ်သတိရှိ၍ သွေးကွဲနေမှုများကို ပြန်လည်ပူးပေါင်းရင်း လုပ်ငန်းဖော်ဆောင်ရန် အချိန်သင့်ပြီဖြစ်ကြောင်း ဖော်ပြလိုပါသည်။

နင်;ရက်ခမ်း          
Powered by Blogger.