Tuesday, June 11, 2019

သားတစ်ယောက်၏နောင်တ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်


မိမိဤဆောင်းပါးကို ရေးသားသည့်အချိန်တွင် မိမိတွင်မိဘနှစ်ပါးစလုံး မရှိတော့ပါ။ မိခင်သည် မိမိအသက်(၉)နှစ်ခန့်တွင်ကွယ်လွန်ပြီး ဖခင်သည်၂၀၁၈-ခုနှစ်သီတင်းကျွတ်ကာလအခါကြီးရက်ကြီးအလွန်တွင် ကျောက်ကပ်ရောဂါဖြင့် ဆုံးပါးသွားခဲ့ရပြန်သည်။

မိခင်ဆုံးပါးချိန်တွင် မိမိမှာကလေးအရွယ်မျှသာဖြစ်၍ မည်သည့်အရာမျှမခံစားရသော်လည်း ဖခင်ဆုံးပါးချိန်မှာတွင် မြင့်မိုရ်တောင် ပြိုလဲသည့်အလား မိမိ၏ရင်ထဲတွင်အထီးကျန်စွာ ဟာလာဟင်းလင်းပြင်လို ဖြစ်တော့သည်။ ငွေ၏တန်ဖိုးသည် ငွေမရှိ၍ ငွေလိုအပ်ချိန်တွင် သိလာလိမ့်မည် ဆိုသကဲ့သို့ မိဘများမရှိတော့သည့်အချိန်မှသာလျှင် မိဘတို့၏ဂုဏ်ကျေးဇူးတရားများ (တန်ဖိုးများ)ကို ထဲထဲဝင်ဝင်နားလည်လာသည်ဟု ဆိုလျှင်မှားမည်မထင်ပါ။ သို့သော် အခါနှောင်းခဲ့လေပြီ၊ မိမိ၏ဘဝသည် ငယ်စဉ်အခါမှစ၍ ပန်းခင်းသောလမ်းကိုမလျှောက်လှမ်းရဘဲ အခက်ခဲများစွာဖြင့်ဆူးခင်းသောလမ်းကိုသာ လျှောက်လှမ်းရသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ မိမိအိမ်ထောင်ကျပြီး(၃)နှစ်မြောက်မှာပင် အဖေသည်ကျန်းမာရေးချူချာ လေတော့သည်။ မိမိသည်လည်း သားသမီးစားဝတ်နေရေးအတွက်လုံးပမ်းနေရ၍ အဖေ၏ကျန်းမာရေးကိစွ ကြည့်ရှုဂရုစိုက်ရန် အားနည်းခဲ့ပေသည်။ ဖခင်ဆုံးပါးသည့်အခါ မိမိပိုင်ဆိုင်ရသည့်အရာသည်ကား နောင်တတရားဆိုသည့် အရှုံးသာကျန်ခဲ့လေသည်။ ထို့ကြောင့် မိမိ၏စာဖတ်ပရိသတ်များအနေဖြင့် မိမိလို နောင်တမျိုးပိုင်ဆိုင်သော သားသမီးမျိုးမဖြစ်ရလေအောင် ရေးသားတင်ပြသွားပါမည်။

မိမိသည်မွေးချင်းငါးဦးအနက် အကြီးဆုံးသားဖြစ်ပြီးကျန်လေးယောက်မှာမိန်းကလေးများဖြစ်ကြသည်။ အငယ်ဆုံးသုံးယောက်သည်လူမမယ်အရွယ်တွင်ဆုံးပါးသွားကြ၍ ယခုအချိန်တွင်မောင်နှမနှစ်ဦးသာရှိပါတော့သည်။ မိမိအသက်(၉)နှစ်ခန့်တွင် အမေကွယ်လွန်ပြီးနောက် အဖေသည်မိမိတို့မောင်နှမနှစ်ဦးအား စောင့်ရှောက်မှုမပြုဘဲ အဖိုးအဖွားဆီပစ်ထားပြီး စိတ်ထင်ရာလျှောက်သွားခဲ့ပါသည်။ မိမိတို့မောင်နှမ နှစ်ယောက်သည်လည်း မိဘမေတ္တာငတ်မွတ်၍ ရေနှင့်ထိတွေ့မှု မရှိသောအပင်များသည် ညိုးနွမ်းသကဲ့သို့  မိမိကိုလည်းအများအမြင်တွင် သနားစရာအဖြစ်သော်လည်းကောင်း၊ ကစားဖော်ကစားဖက်အချင်းချင်းကြားတွင်လည်း မကြာခဏအနိုင်ကျင့်ခံရပါသည်။ မိမိသည်အဖေနှင့်နောက်ဆုံးတွေ့ရသည့်အချိန်သည် မိမိတို့ အားပစ်ထားပြီး တစ်လခန့်အကြာတွင်ဖြစ်သည်။ ထိုသို့တွေ့ရာတွင် မိမိအားမုန့်ဖိုး(၃၀၀)ကျပ်ပေး၍ ထွက်သွားပါတော့သည်။ ပတ်ဝန်းကျင်ပြောစကားအရ ထိုအချိန်သည်အဖေသည် အဖွဲ့အစည်းတစ်ခုသို့ဝင်ရောက်တာဝန်ထမ်းဆောင်နေပြီဟု သိရပါသည်။ ထိုနေ့မှစ၍ မိမိအသက်(၂၀)နှစ်ပြည့်ခါနီးအထိ တစ်ကြိမ်တစ်ခါမှမတွေ့ရတော့ပါ။ နှောင်ရှစ်နှစ်ကိုးနှစ်ခန့်အကြာမှကြားသိရသည်မှာ အဖေသည်ထိုသို့တာဝန်ထမ်းဆောင်ရင်း အခြားကျေးရွာတစ်ရွာမှအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုကာ သားသမီးသုံးဦးတောင်ထွန်းကားနေပြီဟု သိရပါသည်။

မိမိအသက်(၂၀)နှစ်ပြည်ချိန်တွင် (၁၀)နှစ်ကျော်မျှဝေးကွာခဲ့ရသောအဖေနှင့် ပြန်လည်ဆုံဆည်းခဲ့ရပါသည်။ တွေ့ခါစတွင် အဖေတို့မိသားစု၏စီးပွားရေးအခြေအနေသည် အတော်အသင့်ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်သည်။ နောက်ပိုင်းတွင်အဆင်ပြေမှုမရှိတော့ပါ။ မိမိသည်လည်း အခါကြီးရက်ကြီးများတွင် လှူစရာပစ္စည်းအချို့နှင့်ငွေကြေးအနည်းငယ်မှလွဲ၍ ဘာမှမထောက်ပံ့ခဲ့ပါ။ ရံဖန်ရံခါ စိတ်ထဲခံနေသော အရာတစ်ခုမှာ (၁၀)နှစ်လုံးလုံး သားသမီးတို့ကိုပစ်ထားခဲ့ပြီး သားသမီးအပေါ်ဖခင်ဝတ္တရားမကျေပြွန်သူဟု စိတ်နာသည့် အခါမျိုးလည်းရှိခဲ့လေသည်။ သို့သော် သားသမီးများအပေါ် ကျွေးမွေးစောင့်ရှောက်မှု မပြုခဲ့သော်လည်း မိမိတို့ကိုလောကလူပုံအလယ်တွင် တင့်တောင့်တင့်တယ်ဖြစ်အောင် တန်ဖိုးဖြတ်၍ မရသော ခြေလက်နှစ်ဖက်နှင့်မျက်စိ၊ နားတို့ကိုပေးခဲ့သော မိဘတို့၏ကျေးဇူးတရားသည်ကားဆပ်၍ ကုန်နိုင်မည်မထင်ပါ။ ထို့နောက် မိမိအိမ်ထောင်ကျပြီး(၃)နှစ်မြောက်တွင် အဖေသည်ကျန်းမာရေး ချူချာလာသည်။ မိမိအနေဖြင့် အဖေကိုကောင်းမွန်သောဆေးဝါးဓါတ်စာများနှင့်အနီးကပ်ပြုစုလိုပါသော်လည်း ဘဝကိုသုညမှစတင်ရခြင်းဖြစ်သောကြောင်း အဘက်ဘက်မှလိုအပ်ချက်ရှိသော အိမ်ထောင်ဦးစီးတာဝန်ကိုထမ်းရသည့်အတွက် အဖေ့ဆီသို့အရောက်အပေါက်နည်းခဲ့ပြီး လိုအပ်သောဆေးဝါးဓါတ်စာ စရိတ်စကနှင့်အနီးကပ်ပြုစုမှုများ မပြုလုပ်နိုင်ခဲ့ပေ။ အဖေသည် နောက်ဆုံးထိုရောဂါဖြင့်ပင် သေမင်း၏ ဆွဲခေါ်ရာသို့လိုက်ပါသွားခဲ့ပေသည်။ အဖေ၏နောက်ဆုံးထွက်သက်အချိန်တွင် (မိမိအပါအဝင်) တစ်နယ်တစ်ကျေးဆီရောက်ရှိနေကြသော သားသမီးတို့၏မျက်နှာကိုပင် မြင်တွေ့ခွင့်မရခဲ့သော အဖေ၏ နောက်ဆုံးထွက်သက်သည်ကား အဖေ့အတွက်မည်မျှမွန်းကျပ်၍ဝမ်းနည်းစရာဖြစ်နေသည်ကို တွေးရင်း နောင်တတရားများစွာဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။

နောင်တ တရားဆိုသည်မှာ နောင်မှရသည် ဆိုသည့်စကားပုံအတိုင်း သားသမီးများသည် မိဘတို့အားသက်ရှိထင်ရှားရှိနေသေးသည့်အချိန်တွင် စားချင်သောအစားအစာများကို မကြာခဏဝယ်ယူပေးပြီး ချက်ပြုတ်ပြင်ဆင်ပေးခြင်း၊ သွားလိုသောနေရာ၊ဖြစ်စေလိုသောအလိုဆန္ဒတို့ကို တတ်နိုင်သမျှဖြည့်ဆည်းပေးခြင်း၊ ပြောဆိုသောစကားတို့ကို မှားသည်/မှန်သည်ဟုပြန်မပြောဘဲ စိတ်ရှည်လက်ရှည်နားထောင်ပေးခြင်း စသည့်လိုအပ်သောပြုစုယုယမှုတို့ကို သားသမီးများဘက်မှ ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်သည်။ (မိဘများဆုံးပါးတော့မှ ဟိုဟာကျွေးချင်သည်ဟာ ကျွေးချင်ပါသော်လည်း မစားနိုင်တော့ပါ) မိမိသည် အထက်ပါအချက်တို့ကို အဖေရှိနေချိန်တွင် မဖြည့်ဆည်းခဲ့ရသည့်အတွက် မိမိကိုယ်ကိုသားမိုက်တစ်ယောက်ဟု အမည်တပ်လိုက်ရပါတော့သည်။

ထို့ကြောင့် စာဖတ်ပရိသတ်များအနေဖြင့် သက်ရှိထင်ရှားရှိနေသေးသည့် မိမိတို့၏ကျေှးဇူးရှင်မိဘနှစ်ပါးတို့ကို ကောင်းမွန်စွာပြုစုပါ၊ မိဘတို့၏မျက်ရည်တစ်စက်သားသမီးတို့၏ဆင်းရဲတစ်သက်ဆိုသည့် အတိုင်း မိဘတို့အားစိတ်ဆင်းရဲစေသောအပြုအမှုတို့ကို မပြုလုပ်မိစေရန်ကြိုးစားစေလိုသည့်အပြင် မိမိလို နောင်တ တရားများသာပိုင်ဆိုင်သောသားသမီးမျိုးမဖြစ်အောင် မိဘများအပေါ်ဝတ္တရားကျေပြွန်ပါစေဟု ဆုတောင်းရင်းနိဂုံးချုပ်အပ်ပါသည်။

မေတ္တာဖြင့်
ခွန်ဗေစိန်
Powered by Blogger.