Wednesday, June 12, 2019

တိုင်းရင်းသားစာပေသင်ကြားသောနေ့စားလပေး ကျောင်းဆရာ/ဆရာမများကိုပညာရေးဌာနဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂)ရက်


အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသော နေ့စားလပေး ကျောင်းဆရာ၊ ဆရာများကို ပညာရေးဌာနဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်သွားမည် ဖြစ်ကြောင်း ဇွန်လ (၁၁) ရက်တွင် ကျင်းပသည့်​ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ် မြောက်အစည်းအဝေးတွင် သိရသည်။

တိုင်းရင်းသားစာပေသင်ကြားသော နေ့စားလပေးဆရာ၊ ဆရာမများကို အခြေံပညာဦးစီးဌာန နေပြည်တော်မှ လုပ်အားခအဖြစ် တစ်ရက် လျှင် ၄၈၀၀ ကျပ်ဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်ကာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေဘာသာသင် ဆရာ/ဆရာမနေ့စားလပေးများအား တရားဝင်ဝန်ထမ်းအဖြစ် ခန့်အပ်ရန်အစီစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်းကို နမ္မတူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က ကြယ်ပွင့်ပြမေးခွန်းဖြင့်မေးမြန်းပြီး ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ပြည်​နယ်​လူမှု​ရေးဝန်​ကြီးကပြန်​လည်​​ဖြေကြား​ပေးခဲ့သည်။

“ ဘွဲ့ရထားသည့် ဆရာတွေကို မူလတန်းအတတ်သင် စာပေးစာယူ သင်တန်းကိုတက်ရောက်စေပြီး သင်တန်းဆင်းပြီးပါက ပညာရေး ဝန်ကြီးဌာန တိုင်းရင်းသာလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနသို့ ညှိုနှိုင်းပြီး အမြဲခန့်ဝန်ထမ်းအဖြစ် ခန့်ထားပေးရန်စီစဉ်လျက်ရှိပါတယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားစာပေသင်ကြားသောဆရာ/ဆရာမများသည် ပညာရေးဝန်ကြီးဌာနမှဖွင့်လှစ်သော သင်ကြားမှု လေ့ကျင့်မှုများ၊ သင်တန်းများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာတာဝန်များ၊ အခြားဘာသာသင်ကြားနိုင်ရန်သင်ကြားမှု နည်းစနစ်များကို တက်ရောက်ခွင့်ရှိသော်လည်း တရားဝင်ဝန်ထမ်းမဟုတ်သောကြောင့် သင်ကြားရေးပိုင်းတွင် ထိရောက်စွာ ထမ်းဆောင်နိုင်ရန် အားနည်းနေသေးကြောင်း သိရသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အခြေခံပညာနဝမတန်းမှဘွဲ့ရအထိ တိုင်းရင်းသား စာပေသင်ကြားပေးသည့် နေ့စားလပေးဆရာပေါင်း (၈၂၆)ဦးကို ခန့်အပ်သင်ကြားစေခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားစာပေသင်ကြားသည့် နေ့စား၊ လပေး ဆရာ၊ဆရာမများ သည် မိမိတို့သင်ကြားပေးသည့်ကျောင်းတွင် လိုအပ်သောအတန်းများ စာသင်ကြားခြင်း၊ ရုံးလုပ်ငန်းများကို ကူညီဆောင်ရွက်ရခြင်း၊ အချို့သော ကျောင်းများတွင် အတန်းပိုင်ဆရာအထိ တာဝန်ယူသင်ကြားပေးရခြင်းမျိုးလည်းရှိကြောင်းသိရသည်​။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သည် တိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မည်ဟုပါရှိ​ကြောင်းသိရသည်​။

သတင်း နန်းဆု​ဗွေ
Crd>>>khamsarngor
Powered by Blogger.