Tuesday, June 18, 2019

တိမ်မြုပ်နေသည့် ရိုးရာဓလေ့ကို ဖော်ထုတ်၊ ထိန်းသိမ်း၊ လက်ဆင့်ကမ်းကြပါစို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉)ရက်


ဥတုရာသီများသည် နာရီလက်တံကဲ့သို့ တရွေ့ရွေ့လည်ပတ်နေသကဲ့သို့ ခေတ်သည်လည်း အဆိုပါကဲ့သို့ပင် ပြောင်းလဲနေသည်။ ထို့အတူပင် လူသားတို့၏ နေထိုင်မှု၊ သွားလာမှု၊ ပြုမူမှု၊ စားသောက်မှု၊ ဝတ်စားဆင်ယင်မှုတို့သည်လည်း ကမ္ဘာကြီးသည် ရွာငယ်တစ်ရွာကဲ့သို့ ဖြစ်လာပြီဟု ဆိုကြသလို အနောက်နိုင်ငံမှ ယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုများကြောင့် ထပ်တူကျလာပါတော့သည်။ ထို့အတူပင် လူသားတို့၏ ရိုးရာယဉ်ကျေးမှုတို့သည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်မှေးမှိန် လာပါတော့သည်။

အထူးသဖြင့် ပအိုဝ်းလူမျိုးတို့ ပျောက်ကွယ်သွားသော ရိုးရာဓလေ့များထဲမှ အချို့ကို ပြန်လည်အမှတ်ရစေရန်၊ ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် ထိန်းသိမ်းလက်ဆင့်ကမ်းနိုင်ရန်အတွက် ပြန်လည်ဖော်ကျူးပေးလိုပါသည်။ ယခုလိုရေးသားဖော်ပြမှုကြောင့် ယနေ့ခေတ်လူငယ်တို့သည်လည်း မိမိအား ခေတ်နောက်ပြန်ဆွဲသည့် ရှေးရိုးစွဲသောသူဟု စွပ်စွဲပါလိမ့်သည်။ သို့သော် မိမိသည် ပြန်မရနိုင်တော့မည့် ရိုးရာများကို ရှေးထုံးကိုလည်းမပယ်နှင့် ဆိုသည့်စကားကို လက်စွဲကိုင်ကာ ရေးသားဖော်ထုတ် ခြင်းဖြစ်ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့် မိမိအသက်(၁၀)နှစ်ဝန်းကျင်ခန့် စက်ပစ္စည်းများ အထူးသဖြင့် ကား၊ မော်တော်ဆိုင်ကယ်များ ခေတ်မစားမီက အခါကြီးရက်ကြီးများဖြစ်သော သင်္ကြန်နှင့် သီတင်းကျွတ်ကာလများတွင် ဘုန်းတော်ကြီးကျောင်းကို တက်ခဲ့ကြသည့်ပုံရိပ်များကို အသက်နှစ် ဆယ်၊ သုံးဆယ်နှင့် အထက်ရှိ လူငယ်မောင်မယ်များ ပြန်မြင်ယောင်နေမိကြပါလိမ့်မည်။ အုပ်စုဖွဲ့လိုက် စည်းစည်းလုံးလုံးဖြင့် အိုးစည်ထမ်းသူထမ်း၊ ဗုံမောင်းထမ်းသူထမ်းဖြင့် ခြေလျင်ခရီးဖြင့် ဘုန်းတော်ကြီးကျောင်းတက်ကာ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ကြသည်။ တောတောင်ဖြတ်ကျော် လျှင်လည်း ငေါဝ်းတဲက်၊ ငေါဝ်းကဲ၊ ခရာ အသံဖြင့် တောတောင်တစ်ခွင်တွင် ညံလို့၊ လွမ်းဆွတ်တမ်းတဖွယ်ပင်ဖြစ်ပါတော့သည်။ ထို့အတူပင် လူပျိုတို့သည်လည်း မိမိသဘောကျသည့် အပျိုများနှင့် ယှဉ်တွဲကာ ခြေလျင်ဖြင့် လာလမ်းတစ်လျှောက်အတိုင်း လူပျိုအပျိုစကားပြော ပြန်ကြလေသည်။

ယခုအခါ အဆိုပါမြင်ကွင်းများအစား မော်တော်ကားများ၊ ဆိုင်ကယ်များဖြင့် အလောတကြီး တက်ကြကာ အိုးစည်ဗုံမောင်းများပင် တီးခတ်မှုမရှိသလောက်ရှားပါးပြီ။ အိုးစည်ဗုံမောင်းသံများ၊ ငေါဝ်းတဲက်၊ ငေါဝ်းကဲ၊ ခရာ အသံများအစား မော်တော်ကားအသံ၊ ဆိုင်ကယ်အသံများဖြင့် ဆူညံလာပါတော့သည်။ အရင်လိုလည်း လွမ်းဆွတ်ဖွယ်ရာ မရှိတော့ပေ။ ထို့အတူပင် လူပျိုတို့သည်လည်း မိမိသဘောကျသည့် အပျိုများနှင့် ယှဉ်တွဲကာ ခြေလျင်ဖြင့် လာလမ်းတစ်လျှောက်အတိုင်း လူပျိုအပျိုစကားပြောပြန်သည့် လမ်းများတွင်လည်း ခြောက်ကပ်ကပ် ဖြစ်နေပါတော့သည်။

ဆိုလိုသည်မှာ အဆိုပါရိုးရာဓလေ့များသည် ရှေးလူကြီးများက လမ်းစဖောက်ပေးခဲ့သော်လည်း ယခုအခါ ပျောက်ကွယ်လုနေပြီဖြစ်ပြီး ပြန်လည်ဖော်ထုတ်ပြီး လူငယ်များကို လက်ဆင့်ကမ်းရန် လိုအပ်နေပြီဖြစ်သည်။ ထို့အတူပင် အခြားသော ချစ်စရာကောင်းသည့် ရိုးရာဓလေ့များကိုလည်း ဆက်လက်ဖော်ထုတ်ရန်၊ ထိန်းသိမ်းရန်၊ လက်ဆင့်ကမ်းရန် အချိန်တန်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ခွန်ယွေးယဲင်(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.