Tuesday, June 4, 2019

ရင်လေးမိတယ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၄)ရက်


ယနေ့ခေတ် ဒီမိုကရေစီခေတ်ကြီးမှာ တိုးတက်ပြောင်းလဲသင့်တာမှန်ပေမယ့် အရာရာတိုင်း ပြောင်းလဲသွားမှာကို စာရေးသူမိမိအနေနဲ့ ရင်လေးမိစရာတွေရှိနေရပါတယ်။ အထူးသဖြင့် စာရေးသူမိမိတို့ရဲ့ ပအိုဝ်းတိုင်းရင်းသားလူမျိုးအတွက်ပါ။

ဒီမိုကရေစီခေတ်ကြီးရောက်လာတော့ နယ်မြေဒေသတွေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတာလည်းပြောစရာမရှိသလောက်ပါ။ တိုက်တွေ၊ ကားတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊ လူနေမှုအဆင့်အတန်းတွေ၊ ဝတ်စားယင်မှုတွေ၊ အပြောအဆိုတွေကအစပေါ့။ အနောက်တိုင်း အရှေ့တိုင်းစတဲ့ ယဉ်ကျေးမှုတွေလည်း ဝင်ရောက်လာတော့ စတိုင်ကျကျဝတ်ဆင်နိုင်မှ ခေတ်မှီတယ်ဆိုတဲ့ အမျိုးသားတွေ၊ ဟိုပေါ်ဒီပေါ်ဝတ်ဆင်နိုင်မှ လှတယ်ဆိုတဲ့ အမျိုးသမီးတွေ သူတို့ကိုသူတို့ အရမ်းခေတ်မှီ တိုးတက်တာပဲလို့ထင်နေကြမှာပဲ။ ဒါပေမယ့် မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့နယ်မြေဒေသ၊ မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှု၊ မိမိတို့ရဲ့လူမျိုးဂုဏ်အင်္ဂါရပ်တွေနဲ့ ကိုက်ညီမှုရှိမရှိဆိုတာ မစဉ်းစားမိကြပါဘူး။ အဲ့ဒီအတွက် အနာဂါတ်မှာ မိမိတို့ရဲ့လူမျိုးကိုယ်ပိုင်ဓလေ့ထုံးစံရိုးရာယဉ်ကျေးမှုတွေ ဝတ်စားဆင်ယင်မှုတွေ ပျောက်ကွယ်သွားမှာကို ရင်လေးမိတယ်။

ပထမဦးဆုံးအချက်အနေနဲ့ ယနေ့တိုးတက်လာတဲ့ ဒီမိုကရေစီခေတ်မှာ လူတိုင်းလိုလို မိုဘိုလ်းဖုန်းသုံးနိုင်ပြီး အင်တာနက်ကိုအလွယ်တကူအသုံးပြုလာနိုင်ကြပါပြီ။ အဲဒီအတွက် စာရေးသူတို့ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့နယ်မြေဒေသတွေမှာ သာရေး၊ နာရေး၊ လူမှုရေးစတဲ့အများနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ သိသိသာသာကြီးကိုပြောင်းလဲလာတာတွေ့ရှိရပါတယ်။ လူမှုရေးအရဆက်ဆံရေးတွေပြောင်းလဲသွားတယ်။ ကူညီလုပ်ကိုင်စရာတွေလုပ်ဖို့အချိန်မပေးနိုင်ကြတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတာတွေနည်းပါးလာတယ်။ ဦးဆောင်သူတွေပြောဆိုဆုံးမလမ်းညွှန်တာတွေကို ပြန်မပြောနားမထောင်ဖြစ်ကုန်ကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရတဲ့အချိန်ကို အလကားမထားတော့ဘူး၊ လက်ကို အငြိမ်မထားတော့ဘူး ဖုန်းကိုပွတ်ကြတယ်၊ အင်တာနက်နဲ့စကားပြောကြတယ် လူမှုရေးတွေနားမလည်ကြတော့ဘူး၊ လုပ်ရမယ့်အလုပ်တွေဂရုမစိုက်ကြတော့ဘူး ခေတ်နဲ့အညီတိုးတက်ပြောင်းလဲသင့်တာတွေ မှန်ပေမယ့် အနာဂါတ်မှာ မိမိတို့ရဲ့ကိုယ်ပိုင်ရိုးရာဓလေ့ထုံးစံတွေ တဖြေးဖြေးနဲ့မှေးမိန်ပျောက်ကွယ်သွားမှာကို စိုးရိမ်ရင်လေးမိပါတယ်။

ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပါရက်နှင့် ပအိုဝ်းလူမျိုးတို့ရဲ့ ကိုယ်ပိုင်ရိုးရာအဝတ်အစားရှိပါရက်နဲ့ ဝတ်စားဆင်ယင်ဖို့ ဝန်လေးတတ်ကြတယ်(ပအိုဝ်းဝတ်စုံကို မဝတ်တတ်ဘူး၊ ဝတ်ရင် အရမ်းပူတယ် မနေတတ်ဘူး၊ တခြားအဝတ်အစားလိုမျိုး Style မရှိဘူး၊ အလှအပမပေါ်လွင်ဘူး ဝတ်ရတာရိုးနေပြီ၊ ဝတ်ရင်ကိုယ့်ကိုယ်ကို လူအလယ်မှာ သိမ်ငယ်ရလို့ ခံစားကြတယ်၊ ပြောဆိုကြတယ်)၊ ဝတ်စားဆင်ယင်ဖို့ ဝန်လေးတတ်ကြတယ် စတာတွေဟာ မိမိလူမျိုးတို့ရဲ့ ကိုယ်ပိုင်ရိုးရာအဝတ်အစားတွေ အနာဂါတ်မှာ ပျောက်ကွယ်သွားမှာကို စာရေးသူတစ်ယောက်အနေနဲ့ စိုးရိမ်ရင်လေးမိပါတယ်။

ထို့အတူပါပဲ ပအိုဝ်းတိုင်းရင်းသားလူမျိုးတစ်ဦးဖြစ်ပါရက်နှင့် ကိုယ်ပိုင်စာပေရှိပါရက် မိမိလူမျိုးတို့ရဲ့ စာပေကို အကြောင်းအမျိုးမျိုးပြပြီး(ပအိုဝ်းစာပေကို သင်မယ်ဆိုရင် ဘယ်နေရာမှာ သွားသုံးမလဲ၊ မသင်လည်းရပါတယ် ဘာမှမဖြစ်ပါဘူး၊ မြို့ကြီးပြကြီးမှာနေနေတာပဲ အသုံးမဝင်ပါဘူး) မသင်ယူကြဘူး၊ မရေးကြဘူး စတာတွေဟာ မိမိလူမျိုးတို့ရဲ့ ကိုယ်ပိုင်စာပေဟာ အနာဂါတ်မှာ ပျောက်ကွယ်သွားမှာကို စိုးရိမ်ရင်လေးမိပါတယ်။
အဲဒီလိုပါပဲ ပအိုဝ်းတိုင်းရင်းသားလူမျိုးဖြစ်ပါရက်နဲ့ ကိုယ်ပိုင်ဘာသာစကားရှိပါရက်နဲ့ မိမိလူမျိုး ဘာသာစကားကို မပြောဆိုကြဘူး (မြို့ကြီးမှာနေတာမို့လို့၊ ဘွဲ့ရပညာတတ်မို့လို့၊ ချမ်းသာကြွယ်ဝတဲ့ လူကုံထံအသိုင်းအဝိုင်းမို့လို့)၊ ပအိုဝ်းဘာသာစကားကိုပြောဆိုဖို့ ဝန်လေးတတ်ကြတယ် စသဖြင့်ပေါ့။ အဲ့ဒါဆိုရင်တော့ အနာဂါတ်မှာ ပအိုဝ်းလူမျိုးတို့ရဲ့ဘာသာစကား ပျောက်ကွယ်သွားမှာကို စိုးရိမ်ရင်လေးမိပါတယ်။

နောက်တစ်ခုက မိမိတို့ပအိုဝ်လူမျိုးတွေဟာ မြို့ကြီးပြကြီးတွေမှာ အိမ်ထောင်ကြတယ်၊ တခြားလူမျိုးတွေနဲ့အိမ်ထောင်ကြတယ် အဲ့ဒါသိပ်ပြီးအပြစ်ပြောစရာမရှိပေမယ့် မွေးလာတဲ့ရင်သွေးကလေးတွေကို မိမိလူမျိုးတို့ရဲ့ ရိုးရာအဝတ်အစား၊ စာပေ၊ ဘာသာစကားတွေကို ဝတ်စားဆင်ယင်၊ သင်ယူ၊ ပြောဆိုသုံးနူံးဖို့ မတိုက်တွန်းကြတော့ဘူး၊ အားမပေးကြတော့ဘူး အဲ့ဒီလိုသာဆိုရင် အနာဂါတ်မှာ ပအိုဝ်းတိုင်းရင်းသားလူမျိုးကိုပြပါဆိုရင် ပြတိုက်ထဲမှာပဲ သွားကြည့်ကြရတော့မှာ ထင်ပါရဲ့။ ပြီးတော့ မိမိတို့ရဲ့ အဆောက်အဦးတွေ၊ လယ်ယာခြံတွေ၊ မြေတွေ ဈေးကောင်းရတယ်ဆိုပြီး တခြားလူမျိုးတွေကို  ရောင်းပေးတတ်ကြတယ် အဲ့ဒီအတိုင်းသာဆိုရင် အနာဂါတ်မှာ ပအိုဝ်းခမ်းထီဆိုတာ ဝေလာဝေးပဲ တွေးကြည့်ရင် စားရေးသူပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ ပအိုဝ်းလူမျိုးတို့ရဲ့အနာဂါတ်ဟာ ရင်လေးစရာ ဖြစ်ရပါတယ်လေ။

ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ ဦးဆောင်မယ့်သူတွေတော့ရှိပါတယ် ဒါပေမယ့် ပြောဆိုဆုံးမတာတွေ၊ လမ်းညွှန်မှုတွေ၊ အကြံပေးတာတွေ ဦးဆောင်သူတွေကလုပ်နေပေမယ့် ခုခေတ်က ဒီမိုကရေစီခေတ်လေ ကိုယ်လုပ်ချင်တာလုပ်မယ်၊ ကိုယ်ရေးချင်တာရေးမယ်၊ ကိုယ်ပြောချင်တာပြောမယ်စတဲ့အဲဒီလိုအသံတွေကြားနေရပါတယ်။ စာရေးသူမိမိတို့ဒေသမှာကြားသိရတဲ့အဖြစ်အပျက်တစ်ခုဆိုရင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ အလှူငွေကောက်ခံတာကို ထည့်စရာမလိုဘူး ဒါလူတစ်ဦးချင်းစီရဲ့လွတ်လပ်မှုပဲဆိုပြီး ဒီမိုကရေစီဆိုတဲ့စကားလုံးဝေါဟာရအဓိပ္ပာယ်ကို တလွဲနားလည်သဘောပေါက်ပြီး လွတ်လပ်တယ်ဆိုတာတစ်ခုပဲ သိတဲ့ကြလူတွေ၊ အဲ့ဒီလိုပဲသိအောင် နားလည်အောင် နားသွင်းပေးတဲ့ ကိုယ့်လူမျိုးရဲ့ စည်းလုံးမှုကိုပြိုကွဲစေသူ၊ ကိုယ့်လူမျိုးတိုးတက်မည်ကို မလိုလားသူ၊ ကိုယ့်လူမျိုးအချင်းချင်းသွေးကွဲအောင် သွေးထိုးလှုံ့ဆော်နေတဲ့သူတွေ ရှိနေလို့ပါပဲ။ စဉ်းစားကြည့်ပါ ဒီမိုကရေစီခေတ်ဆိုပေမယ့် ကိုယ့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို ကိုယ်မှပူးပေါင်းပါဝင်ပြီးမလုပ်ရင် ဘယ်သူက အလကားလာလုပ်ပေးမှာလဲ။ ဒီမိုကရေစီခေတ်ဆိုပြီး လွတ်လပ်ချင်တိုင်းလွတ်လပ်နေတော့ ခိုးမှုတွေ၊ လူသတ်မှုတွေ၊ မုဒိမ်းမု(သက်ငယ်အပါအဝင်)တွေ၊ မူးယစ်မှုတွေ ယနေ့သတင်းမီဒီယာတွေမှာ ကြည့်မဆုံး၊ သိမဆုံး၊ မြင်မဆုံးပါပဲဆိုတာ စာဖတ်ပရိတ်သတ် တို့လည်းအသိပါပဲလေ။ အဲဒီအတွက်လည်း အနာဂါတ်မှာ သား/သမီးရှင်မိဘတွေ၊ လုပ်ငန်းရှင်တွေ၊ မျိုးဆက်သစ်တွေအတွက် ရင်လေးစရာ ဖြစ်ရပြန်တယ်။

နောက်တစ်ချက်က ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလာတော့ ပါတီတွေ၊ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်ရလာတယ် တစ်ဖက်ကနေကြည့်ရင် ကောင်းပေမယ့် တိုင်းရင်းသားလူမျိုးငယ်တွေအတွက်ကတော့ မကောင်းဘူးလို့ စာရေးသူမိမိတစ်ယောက်အနေနဲ့ ထင်မြင်ယူဆပါတယ်။ လူဦးရေများပြားလှတဲ့ တိုင်းရင်းသားလူမျိုးကြီးတွေအတွက်က သိပ်ပြဿ  နာ မရှိပေမယ့် လူနည်းစု တိုင်းရင်းသားလူမျိုးငယ်တွေအတွက်ကျတော့ အချင်းချင်းသွေးကွဲစရာတွေ ဖြစ်လာစေပြီး စည်းလုံးမှုကိုပျက်ပြားစေပါတယ်။ နွားကွဲရင် ကျားဆွဲခံရမယ်ဆိုသလို အင်အားကြီးသူတွေက အလွယ်တကူ စည်းရုံးအနိုင်ယူရသွားစေပါတယ်။ ဒါ့ကြောင့် အနာဂါတ်မှာ ပအိုဝ်းတိုင်းသားလူမျိုးတွေ ပါတီ၊ အဖွဲ့အစည်းတွေသာများလာပြီး စည်းလုံးညီညွတ်မှု ပျက်သွားမှာကို စိုးရိမ်ရင်လေးမိပါတယ်။

ကဲ စာကလည်းတော်တော်လေးကိုရှည်သွားပြီ အဲ့ဒီတော့ အထက်ကရေးခဲ့တဲ့ အနာဂါတ်အတွက် ရင်လေးမိတဲ့အကြောင်းအရာတွေဟာ စာရေးသူတစ်ယောက်တည်း၊ ပအိုဝ်းလူမျိုးတစ်မျိုးတည်း၊ ပအိုဝ်းဒေသတစ်ခုတည်းအတွက်သာ ရင်လေးစရာမဟုတ်ပါဘူး တခြားလူမျိုး၊ တခြားဒေသတွေအတွက်လည်း ယခုဆောင်းပါးကို ဖတ်ရှုတဲ့သူတိုင်း သက်ဆိုင်ရာ မိမိတို့ရဲ့လူမျိုးစည်းလုံးမှု၊ မိမိတို့ရဲ့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ မိမိတို့ရဲ့ ကိုယ်ပိုင်စာပေဘာသာစကား၊ မိမိတို့ရဲ့ နယ်မြေဒေသအတွက်လည်း ရင်လေးစရာ ဖြစ်မိမယ်လို့ထင်ပါတယ်။ တချို့စာဖတ်ပရိတ်သတ်တွေ ပြောကြပါလမ့်မယ် စာရေးသူ အဲ့လောက်တတ် အဲ့လောက်သိနေရင်လည်း စာရေးသူဖြေရှင်းပါလားလို့လေ ဒါပေမယ့် စာရေးသူက တန်ခိုးရှင်မှမဟုတ်တာ ဥုံဖွလို့မှမရတာ ဘယ်သူတစ်ဦးတစ်ယောက်တည်းကမှလည်း လုပ်ဆောင်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးလေ ဟုတ်တယ်မလား။ လူမျိုးတိုင်းလူတိုင်းကိုယ်စီမှာ တာဝန်ရှိပါတယ် စာရေးသူ မိမိအနေနဲ့ကတော့ အားလုံး ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဒေသအတွက်၊ ကိုယ့်နိုင်ငံအတွက် စဉ်းစားဆင်ခြင်သုံးသပ်နိုင်ဖို့ အတွေးစိတ်ကူးထဲကအတိုင်း ရေးသားတင်ပြရင်း ပြောချင်တာကတော့ “ရင်လေးမိတယ်” ဆိုတာပါပဲ။ ဒီဆောင်းပါးကိုဖတ်ရှုတဲ့ စာဖတ်ပရိတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဝေဖန်သုံးသပ်မှုတွေပေးကြပါအုန်းလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို အဆုံးသတ်ပါရစေ။

ခွန်ကတောင်လေ
(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.