Sunday, July 28, 2019

စိုက်ပျိုးတောင်သူများ သိထားသင့်သော မြေယာဆိုင်ရာစီမံခန့်ခွဲမှု

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်

Credit-Photo

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းရင်းသားများသည် အများအားဖြင့်စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်သည့် တောင်သူလယ်သမားများဖြစ်ကြသည်။ သို့ဖြစ်ပါ၍ တောင်သူများလိုက်နာရန် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများ၏ တာဝန်၊ ၀တ္တရား၊ လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေအစရှိသည့် တောင်သူလယ်သမားနှင့်သက်ဆိုင်သော ဥပဒေများကို ပြဌာန်းထားပါသည်။ ထို့ကြောင့် မိမိမြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှု(Rule Of Law)ရှိလာရေးအတွက် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် လူတိုင်း၌ တာဝန်ရှိပါသည်။ ဥပဒေ၏ ဆောင်ပုဒ်တွင် “ဥပဒေကိုမသိ နားမလည်ဟုဆိုရုံမျှဖြင့် ဥပဒေက သင့်ကိုခွင့်လွတ်လိမ့်မည်မဟုတ်” ဟူသည့်အတိုင်း လူတိုင်းက ဥပဒေကိုလိုက်နာရမည်မှာ အမှန်ပင်ဖြစ်ပါသည်။

လယ်ယာမြေကိစ္စရပ်များ ဆောင်ရွက်ရန်ရှိပါက ဥပဒေပါစကားရပ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ တစ်ဆက်တည်း၌  တောင်သူလယ်သမားဆိုသည့် အဓိပ္ပါယ်ကိုလည်း နားလည်ထားရပါမည်။ သို့မှသာ မိမိနှင့် မိမိလုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ အဆက်အစပ်ရှိနေမည် ဖြစ်ပါသည်။

ကျေးလက်နေပြည်သူများအနေဖြင့်လည်း အဓိကအရေးပါသော မြေယာစီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့(၃) ဖွဲ့ကို သိရှိထားရန်လိုအပ်ပြီး ၎င်းတို့၏ တာဝန်နှင့်လုပ်ငန်းသဘောသဘာဝကို နားလည်ထားသင့်ပါသည်။

၁။ ဗဟိုလယ်ယာစီမံခန့်ခွဲမှုအဖွဲ့သည် စိုက်ပျိုးမြေဖြစ်သော လယ်ယာမြေများကို စီမံခန့်ခွဲရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးမှဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အခြားအစိုးရဌာန အကြီးအကဲများနှင့်လည်း ဖွဲ့စည်းထားပါသည်။ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စု အဆင့်အထိ လယ်ယာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း ဖွဲ့စည်းထားပါသည်။ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ပါသည်။ ဤအဖွဲ့အနေဖြင့် လယ်ယာမြေမှတ်ပုံတင်ခြင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်၊ ပေါင်နှံရောင်းချ၊ ငှားရမ်း၊ ပေးကမ်း၊ လဲလှယ်ခြင်းတို့ သာမကမြေနုကျွန်းလုပ်ပိုင်ခွင့်နှင့် ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးရေးကိစ္စတို့နှင့် ပတ်သက်သော ကိစ္စရပ်များကို တာဝန်ယူစီမံအုပ်ချုပ်သွားရန် ဖြစ်သည်။ ဗဟိုလယ်ယာစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေအငြင်းပွားမှုများကိုလည်း အဓိကဖြေရှင်းဆောင်ရွက်ပေးမည့်အဖွဲ့လည်း ဖြစ်သည်။

၂။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်သည် ၎င်းမြေများကို အသုံးပြုရန် လျှောက်ထားမှုများအားစိစစ်ခွင့်ပြုရန်နှင့် အသုံးချမှုကို စိစစ်ကြီးကြပ်စီမံခန့်ခွဲ နိုင်ရန်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြေလွတ်၊ မြေရိုင်းလျှောက်ထားသည့်ကိစ္စရပ်များအား စိစစ်သုံးသပ်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လုပ်ငန်းအဖွဲ့များနှင့် လုပ်ကိုင်ခွင့်ရသူများစည်းကမ်းချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း ရှိမရှိစစ်ဆေးရန် အထူးအဖွဲ့များကို ဗဟိုကော်မတီမှ ဖွဲ့စည်းဆောင်ရွက်ရသည်။

၃။ မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီသည် ပြည်ထောင်စုအဆင့်တွင်သာ ဖွဲ့စည်း၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ပါဝင်၍ အခြားဌာနဆိုင်ရာတာဝန်ပေးအပ်သူများ ပါဝင်သည်။ ဤကော်မတီ၏ အဓိကတာဝန်မှာ မြေအသုံးချရေးဆိုင်ရာ မူဝါဒရေးဆွဲလမ်းညွန်ချက်ပေးရန်နှင့် မြေယာခွဲဝေမှုများကို ချမှတ်ထားသောမူဝါဒလမ်းညွန်ချက်နှင့်အညီ စိစစ်သုံးသပ်သွားရန်ဖြစ်သည်။ သစ်တော၊ စိုက်ပျိုးမွေးမြူရေး၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၊ အခြားမြေအသုံးချမှုဆိုင်ရာများနှင့် ပတ်သက်၍မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအထောက် အကူပြုရန် အဓိကရည်ရွယ်ပါသည်။

ထို့ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများကို ၄င်း၏လုပ်ပိုင်ခွင့် အခွင့်အရေးများ အပြည့်အ၀ပေးရန် လိုအပ်ပါသည်။ ထိုအခွင့်အရေးများသည် တောင်သူလယ်သမားများအနေဖြင့် ဥပဒေပါပြဌာန်း ထားသည့်အတိုင်း ခံစားခွင့်များ ရရှိနိုင်သည်။ လက်ဝယ်ထားပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အပြည့်အ၀ပေးရန်၊ အကျိုးအမြတ်ခံစားပိုင်ခွင့် အာမခံချက်ရရှိရန်၊ ရောင်းချခွင့်ရရန်နှင့် တောင်သူများ ထိုက်သင့်လျောက်ပတ်သောဈေးနှုန်းရရှိစေရန် ပေါင်နှံ၊ ဌားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်နှင့် အမွေဆက်ခံခွင့်ရရှိရန်၊ အမွေဆက်ခံမှု၌ အငြင်းပွားမှုဖြစ်ပါက ဥပဒေနှင့်အညီ တရားရုံးတွင် အဆုံးအဖြတ်ခံယူရာ၌ မိမိတို့ဘက်က နစ်နာမှုမရှိလေအောင် အကာအကွယ်ပေးရန်နှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံလိုသူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့ဘက်မှနစ်နာမှုမရှိစေရန် စသည့်အခွင့်အရေးများ အပြည့်အ၀ခံစားနိုင်ရမည်။

တောင်သူများသည် မည်သည့်မြေမျိုးကိုမဆို လယ်ယာလုပ်ပိုင်ခွင့်လျှောက်ပြီးပါက လယ်ယာလုပ်ပိုင်ခွင့်ဥပဒေအတိုင်း လယ်ယာမြေများကိုအသုံးချရာတွင် အခြားနည်းဖြင့်အသုံးချခြင်း၊ လယ်ယာမြေသည် အမြဲတမ်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် သတ်မှတ်ခွင့်ပြုထားသော မြေဖြစ်သည်။ လယ်ယာမြေများကို စိုက်ပျိုးရေးအတွက် အသုံးမပြုဘဲ အခြားနည်းလမ်းဖြင့် အသုံးပြုခွင့်မရပါ။ (ဥပမာ-အိမ်ဆောက်လုပ်ခြင်း၊ မွေးမြူရေးစားကျက်ပြုလုပ်ခြင်း၊ ငါးကန်ပြုလုပ်ခြင်း၊ သစ်တောတည်ထောင်ခြင်း)။ သို့သော် လယ်ယာမြေကိုအခြားနည်းဖြင့် အသုံးပြုလိုပါက သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူရန်လိုအပ်ပါသည်။ ထို့ကြောင့် မြေယာကိုအခြားနည်းဖြင့် အသုံးပြုလိုလျှင် မြို့နယ်မြေစာရင်းရုံးတွင် လျှောက်ထားရမည်။ ထိုသို့လျှောက်ထားခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ဆောင်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့်စိုက်ပျိုးတောင်သူများသည် ဥပဒေပါစည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်မှုရှိလျှင် ဥပဒေပါခံစားပိုင်ခွင့်ရှိသော အခွင့်အရေးများကိုလည်း အပြည့်အဝခံစားရမည် ဖြစ်သည်။ ထိုသို့လိုက်နာဆောင်ရွက်တတ်ရန် မြေယာနှင့်သက်ဆိုင်သော ဥပဒေပြဌာန်းချက်များကို ဖတ်ရှုခြင်းအားဖြင့် သိရှိနိုင်မည် ဖြစ်သည့်အပြင် မိမိတို့စိုက်ပျိုးတောင်သူများလည်း ဤဥပဒေကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့တောင်သူ ဘ၀အာမခံချက်၊ အကျိုးစီးပွားအစရှိသည့် အခွင့်အရေးများလည်း ပိုင်ဆိုင်ခွင့်ရရှိသွားမည် ဖြစ်သည်။

ကိုးကားချက် - မြေယာရပိုင်ခွင့်များ၊ မြေယာစောင့်ရှောက်ရေး တောင်သူတိုးချဲ့ ပညာပေးမှတ်စု

ခွန်ကာ;ခမ်း
Powered by Blogger.