Thursday, September 26, 2019

စိန်ခေါ်သံများနှင့် ပအိုဝ်းဒေသ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်


ကမ္ဘာပေါ်ရှိလူမှန်သမျှတို့သည် သဘာဝပတ်ဝန်းကျင်၏ တစ်စိတ်တစ်ဒေသအဖြစ်သာမက သဘာဝပတ်ဝန်းကျင်ကို အမှီပြု၍ အသက်ရှင်နေထိုင်ကြသူများ ဖြစ်ကြသည်။ သဘာဝပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ၊ ရာသီဥတု၊ အစားအစာအဝတ်အထည်၊ နေစရာအိမ်၊ အသုံးအဆောင်ပစ္စည်းမျိုးစုံတို့ကို သုံးစွဲ၍ အသက်ရှင်ရပ်တည်နေကြရပါသည်။ လူသားတို့ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကျေးဇူးရှင်ဖြစ်သော သဘာဝပတ်ဝန်းကျင်ကို လူသားတို့အားလုံးအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်ပေသည်။ လက်ရှိပအိုဝ်းဒေသတွင် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများသည် စိုက်ပျိုးရေးလုပ်ငန်းများနေသည့် တောင်သူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။

ပအိုဝ်းတိုင်းရင်းသားများသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတညီမျှစွာ နေထိုင်မှုဓလေ့နှင့် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်အလျှောက် ကျောင်းဇရပ်များသာမက အရိပ်ရအပင်ကြီးများ စိုက်ပျိုးလှူဒါန်းသည့် ဓလေ့ရှိကြသည်။ ဘုရားစေတီပုထိုးနှင့် ဘုန်းတောင်ကြီးကျောင်းပတ်ဝန်းကျင်တွင် အရိပ်ရအပင်များနှင့် စိမ်းလန်းစိုပေနေသည်ကို အစဉ်တွေ့ရှိရသည်။ ဘုန်တော်ကြီးကျောင်း ပတ်ဝန်းကျင်တွင်သာမက ရေထွက်၊စိမ့်ရေ၊ ရေဝေရေလဲ တောများမခုတ်ရန် သာသနာ့အလံထူ၍ တားမြစ်ကြသည်။ ကျေးရွာပတ်ဝန်းကျင်တွင် ကျေးရွာပိုင်တောများ တစ်အိမ်ထောင်ချင်းပိုင်သစ်ပင်များ ရှိကြသည်။ အိမ်သုံးအတွက် အိမ်တိုင်း ဝါးရုံပိုင်ဆိုင်မှုရှိကြသည်။ ပအိုဝ်းလူမျိုးတိုင်းသည် ဓလေ့ထုံးတမ်းများကို တန်းဖိုးထားသောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ဓလေ့ထုံးတမ်းများလည်း ရှိသကဲ့သို့ အပင်များကိုလည်း ချစ်မြတ်နိုးတန်ဖိုးထားကြသည်။

ထို့ပြင် သစ်တောနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများကိုလည်း ၂၀၁၀- ပြည့်နှစ်၊ မတ်လ၊ (၂၄)နှင့်(၂၅)ရက်နေ့တွင် ကျင်းပသော ပအိုဝ်းအမျိုးသားညီလာခံမှ ချမှတ်နိုင်ခဲ့သည်ကို တွေ့ရပါသည်။ အဆိုပါမူဝါဒများမှာ အိမ်တိုင်းသင့်လျော်သောသစ်ပင်များ စိုက်ပျိုးရေး၊ စာသင်ကျောင်းတိုင်း၊ ဘုန်းတော်ကြီးကျောင်းတိုင်း သင့်လျော်သောသစ်ပင်များ စိုက်ပျိုးရေး၊ ရေထွက်စိမ့်စမ်းကန်ပတ်ဝန်းကျင် ရေဝေရေလဲအပင်များစိုက်ပျိုးရေး၊ လမ်းဘေးဝဲယာ အရိပ်ရအပင်များ စိုက်ပျိုးရေး၊ တောင်ကတုံးမြေကွက် လပ်များတွင် ကျေးရွာစိုက်ခင်း ထူးထောင်ရေး၊ သင်တော်သောဒေသတွင် ပျိုးစခန်းများ ထူထောင်ရေးနှင့် လက်ရှိ ရွာပိုင်/ဘုန်းတော်ကြီးကျောင်းပိုင်တောများ ဆက်လက်ထိန်းသိမ်းရေး တို့ပင်ဖြစ်ပါသည်။ ပအိုဝ်းလူမျိုးတို့သည် စည်းလုံးညီညွှတ်သည့် လူမျိုးဖြစ်သည်နှင့်အညီ ဆရာတော်များ၊ မိဘဆရာများ၏ဆိုဆုံးမှုကို နာခံတတ်သည့် ဖြူစင်ရိုးသားသည့် စိတ်ထားလေးတို့ကြောင့်  တာဝန်သိစိတ်အပြည့်ဖြင့် မိမိတို့၏ဒေသ သဘာဝပတ်ဝန်းကျင် အမြဲစိမ်းလန်းစိုပြေစေရန် နိုင်ငံတော် အနေဖြင့်သော်လည်းကောင်း၊ ဒေသခံ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းပြီး နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များပြုလုပ်ပြီး တောင်ကတုံးများ၊ စာသင်ကျောင်းများ၊ ရွာ/ဘုန်းတော်ကြီးကျောင်းများတွင် သစ်ပင်အရေအတွက်ပေါင်း များစွာစိုက်ပျိုးလာခဲ့ပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့ဒေသ အများစုသည် တောတောင်၊ ရေ၊ မြေ၊ သဘာဝပေါက်ပင်ပေါများ၍ စိမ်းလန်းစိုပြေပြီ သာယာလှပါသည်။

ပအိုဝ်းလူမျိုးတို့သည် စိုက်ပျိုးရေးလုပ်ငန်းများကို မှီခိုပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရုန်းကန် လှုပ်ရှားနေသော်လည်း ဈေးကွက်၏ ဈေးနှုန်းအာမခံချက်မရှိသောကြောင့် လူနေထိုင်မှုဘဝသည် “မှန်းချက်နဲ့ နှမ်းထွက်” ဆိုသည့် စကားပုံအတိုင်းသာဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို မှီခိုနေသည့် တောင်သူများအနေဖြင့် မိမိတို့၏ ထုတ်ကုန်အတွက် ဈေးကွက်တွင် အာမခံရှိသည့်  ဈေးနှုန်းသည် ၎င်းတို့၏အသက်ပင်ဖြစ်သည်။ နောက်ပိုင်းတွင် ပအိုဝ်းလူမျိုးတို့သည် စိုက်ပျိုးရေးလုပ်ငန်းများ နိစ္စဒူဝ လုပ်ကိုင်နေရုံဖြင့် လူနေမှုဘဝပြောင်းလဲတိုးတက်လာမည်မဟုတ်သကဲ့သို့ လူသားတို့၏ လိုချင်တပ်မက် သည်ရုပ်ဝတ္ထုများကိုလည်း စည်းစိမ်ကိုလည်း ခံစား၊ စံစားနိုင်မည်မဟုတ်ဟု နားလည်သပေါက်လာခဲ့ ကြသည်။ “လူ့အကြိုက်နတ်မလိုက်နိုင်” ဆိုသည့် စကားပုံကဲ့သို့ လူသားတို့၏ လိုချင်တပ်မက်မှုများသည် အတောမသတ်နိုင်ပါသည်။

၂၀၁၀-ခုနှစ် နောက်ပိုင်းတွင် ခေတ်စနစ်ပြောင်းလာခြင်းနှင့်အတူ မြေယာအရောင်းအဝယ်လုပ်သည့် လုပ်ငန်းသည်လည်းခေတ်စားလာခဲ့ပါသည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးတို့သည် လူတို့၏ လိုချင်တပ်မက်သည့် ရုပ်ဝတ္ထုဆိုင်ရာ လူ့စည်းစိမ်များ ခံစား၊ စံမြန်းနိုင်စေရန်နှင့် အများနည်းတူ လူနေထိုင်မှု အဆင့်အတန်း မြှင့်မားစေရန်အတွက် ဘိုးဘွားလက်ထက်တွင် ထိန်းသိမ်းခဲ့သည့် စိုက်ပျိုးမြေများကို ထုခွဲ ရောင်းချရင်း လူနေမှုအဆင့်အတန်းမြှုင့်တင်နေကြပါသည်။ ယခုအချိန်တွင် ပအိုဝ်းလူမျိုးတို့၏ လူနေမှုဘဝသည် ကျန်းမာရေး၊ ပညာရေး၊ ဗဟုသုတ စသည့်ဖြင့် အများနည်းတူ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် မြေယာများရှားပါးလာခြင်း၊ အလုပ်အကိုင်ရှားပါးလားခြင်းတို့ ကြောင့် အနာဂါတ်လူငယ်များဘဝအတွက် ကြီးမားသည့်စိန်ခေါ်မှုအခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

တစ်ဖက်တွက် လက်ရှိပအိုဝ်းဒေသထွက်ကုန်တစ်ခုဖြစ်သည့် ထောပတ်သီးသည် ဈေးကွက်တွင် ဈေးနှုန်းကောင်းကောင်းဖြင့် ပြည်တွင်းတွင်သာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ထောပတ်သီးဈေးကွက်သည် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည့်အချိန်တွင် ငွေးကြေးတတ်နိုင်သည့် ခရိုနီအသိုင်းအဝိုင်းများက ပအိုဝ်းလူမျိုးများထံမှ ဈေးနှုန်းချိုသာစွာဖြင့် မြေများဝယ်ယူ၍ ထောပတ်စိုက်ခင်းထူထောင်လာခဲ့ကြသည်။ ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့ မတင်ပို့ရောင်းချနိုင်ခင် အချိန်ကာလတွင် ပအိုဝ်းလူမျိုးတို့သည် ထောပတ်ပင်များကို ခြံစည်းရိုးအဖြင့် မိရိုးဖလာတိုင်းသာ စိုက်ပျိုးလာခဲ့ကြသော်လည်း ငွေကြေးတတ်နိုင်သည့် ခရိုနီအသိုင်းအဝိုင်းများက ထောပတ်သီးစိုက်ခင်းများ ထူထောင်ရာတွင် ခေတ်မှီစက်ယန္တရားများဖြင့် မလိုအပ်သည့်သစ်ပင်များကို “ကျူပင်ခုတ် ကျူငုတ်ပင် မကျန်အောင်” ခုတ်ထွင်ရှင်းလင်းလိုက်သောအခါ သစ်ပင်ထူထပ်သော တောင်ကုန်းတောင်တန်းအများစု လက်ရှိတွင် တောင်ကတုံးများသာ မြင်တွေ့နေရပါသည်။

ထို့ကြောင့် ရာသီဥတုကို အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို ပအိုဝ်းတိုင်းရင်းသားတို့သည် ရာသီဥတုဖောက်ပြန်မှု၏ စိန်ခေါ်မှုများကို စတင်ရင်ဆိုင်လာနေရပါသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် စာရေးသူသည် အမှတ်မထင် ပအိုဝ်းဒေသ၏အထင်ကရနေရာတစ်ခုဖြစ်သည့် “ရန်အောင်တောင်” ဘက်တွင် ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် တစ်နှစ်အတောအတွင်းကာလတွင် ထီဖူရွာ၊ ထီနွို့ရွာ အနီးပတ်ဝန်းကျင် ဒေသစာရေးသူမိမိရောက်ရှိချိန်တွင် တောင်ကုန်းတောင်တန်းတွင် သစ်ပင်များထူထပ်နေပြီး စိမ်းလန်း စိုပြေနေသော်လည်း ယခုတွင် တောင်ကတုံးများသာ ကျန်ရှိနေတော့သည်ကို မြင်တွေ့ခဲ့ရပါသည်။ လောကပါလတရားအရ အကောင်းနှင့် အဆိုးအမြဲဒွန်တွဲနေသည်မှာ မှန်ကောင်းမှန်နေပါသော်လည်း ပအိုဝ်းလူမျိုးတို့ တစ်မျိုးသားလုံးအနေဖြင့် သတိ၊ သံဝေဂတရားရသင့်သည်အချိန် ရောက်ပြီဟု စာရေးသူအနေဖြင့် ထင်မြင်ယူဆမိပါသည်။ ထောပတ်သီးဈေးကွက်မရှိသေးသည့်အချိန်တွင် မိရိုးဖလာအတိုင်း တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးကြသည်။ ခုနောက်ပိုင်းကာလတွင် ဈေးကွက်တွင် ထောပတ်သီးဈေးကွက် ကောင်းသည့်အခါ ငွေကြေးချမ်းသာသည့် အသိုက်အဝန်းများက ထောပတ် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန် ပအိုဝ်းတိုင်းရင်းသားများထံမှ မြေယာများကို ဈေးနှုန်းချိုချိုဖြင့် ဝယ်ယူ၍ ခေတ်မှီ စက်ယန္တရားကြီးများဖြင့် သစ်တော၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပြီး ထောပတ်စိုက်ခင်းများပြုလုပ်လာခဲ့ ကြပါသည်။

ထို့ကြောင့် ပအိုဝ်းလူမျိုးအားလုံးတို့အနေဖြင့် တာဝန်သိပြီး တာဝန်ရှိသည့်စိတ်ဓာတ်မွေး၍ ပအိုဝ်းဒေသတစ်ခုလုံး စိမ်းလန်းစိုပြေစေရန်နှင့် မိမိတို့နေထိုင်သည် ပြည်ထောင်စုမြန်မာတစ်နိုင်ငံလုံးအတွက် လှပသည့်သဘာဝပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်ရန်အတွက် သစ်တော၊ သစ်ပင်များ ချစ်မြတ်နိုး တန်ဖိုးထားတတ်ရန်လိုအပ်ပါသည်။ သစ်တောသည် လူမှုစီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွက်အဓိက အထောက်အကူဖြစ်သည့် ကဏ္ဍတစ်ရပ်ဖြစ်သကဲ့သို့ သစ်တောသည် လူသားတို့အတွက် မရှိမဖြစ်အလွန် လိုအပ်သောအရာတစ်ခုဖြစ်သောကြောင့် နိုင်ငံသားတိုင်းအတွက် နိုင်ငံတော်သစ်တောနှင့် သဘာဝပတ်ဝန်းကျင်သည် မိမိတို့ ဘိုးဘွား အမွေအနှစ်များ ဖြစ်သကဲ့သို့ နောင်အနာဂတ်သားစဉ်မြေးဆက် ရေရှည်အကျိုးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အားလုံးတာဝန်ရှိပါသည်။

ခွန်ထင်မို့ 
တောင်ကြီး
Powered by Blogger.