Wednesday, October 30, 2019

ကျန်းမာရေးသည် အမျိုးသားရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်


″အရောဂျံ ပရမံ လာဘံ″ ကျန်းမာရေးကောင်းခြင်းသည် အမြတ်ဆုံးလာဘ်တစ်ပါးဖြစ်သည်။ စီးပွားရေး ကောင်းမွန်ပြီး ငွေရေးကြေးရေးမည်မျှပင် ပြည့်စုံနေပါစေ ကျန်းမာရေးချူချာနေသူများအတွက်ကား လွန်စွာ စိတ်ဆင်းရဲရသည်။ ″စိတ်ထောင်းတော့ကိုယ်ကြေ စိတ်ပျိုတော့ကိုယ်နု″ ဆိုသည့်အတိုင်း ကျန်းမာရေး ကောင်းမွန်သူ အတွက်ကား ပစ္စည်းဥစ္စာဆင်းရဲစေကာမူ အမြဲတမ်း ပျော်ရွှင်လန်းဆန်းစေမည်သာဖြစ်သည်။ ငွေကြေးပြည့်စုံပြီး ကျန်းမာရေးချို့တဲ့နေသူများသည် စိတ်ဖိစီးမှုဒါဏ်ကြောင့် တစ်နေ့ထက်တစ်နေ့ အိုမင်းရင့် ရော်ပြီး စိတ်ဆင်းရဲ နေရမည်ဖြစ်သည်။

ကျန်းမာရေး၏တန်ဖိုးကို မကျန်းမာသောသူတို့ကသာသိလေသည်၊ ထီးနှင့်ဖိနပ်၏တန်ဖိုးကို နေပူထဲလမ်း လျှောက်သူများကသာ သိလေသည်။ အချိန်၏တန်ဖိုးကို လူအိုတွေသာသိလေသည်။ ဆေးဝါးများ၏ တန်ဖိုးကို လက်တွေ့ကျင့်သုံးသူတွေသာ သိလေသည်။ ငွေရေးကြေးရေး၏တန်ဖိုးကို ဆင်းရဲသားများနှင့် လုပ်သားများသာ သိလေသည်။

″အစာလည်းဆေး၊ ဆေးလည်းအစာ″ဆိုသကဲ့သို့ ကျန်းမာရေးကောင်းခြင်း၏ အခြေခံအကြောင်းတရား သည် အစားအစာပင်ဖြစ်သည်။ ″အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်″ ဆိုသည့်စကားသည် ကျန်းမာရေး လိုက်စားသူများအတွက် လွန်စွာအဖိုးတန်သော စကားပုံဖြစ်သည်။ ″ကြောင်လိုစား နွားလို သောက် မျောက်လိုနေမှအသက်ရှည်″ဆိုသည့်စကားပုံသည်လည်း မှတ်သားဖွယ်ရာ ကောင်းလှပါသည်။ ကြောင်လိုနည်းနည်းစားမှ အစာချေဖျက်မှုအားကောင်းလာမည်၊ နွားလိုရေများများသောက်မှ ဝမ်းတွင်းရှိ အဆိပ်အတောက်များ ကင်းစင်မည်၊ မျောက်လိုကိုယ်လက်လှုပ်ရှားနေမှ နေသာထိုင်သာသည်ဖြစ်ရာ ကျန်းမာလိုသူများ လိုက်နာကျင့်သုံး ရမည်ဖြစ်သည်။

နေ့စဉ်နှင့်အမျှ မိမိတို့စားသုံးနေသော အစားအစာများနှင့် အသီးအရွက်များ၏ အကျိုးပြုပုံများကို အဟာရ-ဖြစ်မဖြစ် ဆေးဝါးဖြစ်မဖြစ် ကျန်းမာရေးလိုက်စားနေသူများ သိရှိနိုင်ရန် ရေးသားတင်ပြပေးသွားမည် ဖြစ်သည်။

(၁) ဗီတာမင် (အေ)
(က)အသီးအရွက်။ ဒန့်တလွန်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ကင်းပုံရွက်၊ အစိမ်းရင့်ရောင်အရွက်၊
(ခ) အစားအစာ။ နွားနို့၊ ထောပတ်၊ မုန်လာဥဝါ၊ အဝါရောင်အသီးများ၊ သရက်သီး၊ သင်္ဘောသီး၊(အမြင်အာရုံ ကြည်လင်ကောင်းမွန်စေသော ဓာတ်ဖြစ်သည်။)

(၂) ဗီတာမင်(ဘီ)
(က) အသီးအရွက်။ ဆန်လုံးညို၊ ပဲပင်ပေါက်၊ ပဲမျိုးစုံ၊ ပဲ၊ ကောက်ပဲသီးနှံ၊ မုန်လာဥဝါ၊ အဝါရောင်ရှိအသီးများ၊ သရက်သီး၊ သင်္ဘောသီး၊။ (ထမင်းရည်၊ အသည်းအပါအဝင်)
(ခ) အစားအစာ။ နွားနို့၊ ထောပတ်၊ ဥ၊ အသား၊ ငါး၊ ပုဇွန်။ (အာရုံကြော အဖွဲ့အစည်းအားလုံးကောင်းစေသောဓာတ်ဖြစ်သည်။)

(၃) ဗီတာမင်(စီ)-
အသီး။ ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ ဖန်ခါးသီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ မန်ကျည်းရွက်။
အရွက် -(အချဉ်ဓာတ်)ရှောက်သီး၊ သံပုရာသီး၊ ငရုတ်သီး၊။ (တစ်ရှူးပျက်စီးမှုကို ကာကွယ်ရန်၊ သွားဖုံးသွေးထွက်၊ အဆစ်ရောင်)
(၄) ဗီတာမင်(ဒီ) အစားအစာ(အရိုးဖြစ်ထွန်းမှု)။ အရိုးပါသော ငါး၊ နွားနို့၊ ဥအနှစ်။
(၅) ဗီတာမင်(အီး) အစားအစာ(အစေ့အဆန်)။ နေကြာစေ့၊ မြေပဲ၊ ၀ါစေ့။
(၆) ဗီတာမင်(ကေ) အစားအစာ။ ဝက်သား(၄င်းဓာတ်သည် အရိုးများ တည်ဆောက်ရန် လိုအပ်သောဓာတ်ဖြစ်ပြီး ကလေးအသားဝါရောဂါအတွက် အထူးသင့်တော်သည်။)
(၇) ဗီတာမင်။ “ဗီတာမင်”ဟူသည် ဇီဝဖြစ်ပျက်မှုလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ဇီဝဖြစ်စဉ်များအတွက် လိုအပ်သော အာဟာရဓာတ်ကို ခေါ်သည်။
(၈) အာရောဂျံပရာမံလာဘံ။ “ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး” ဆိုသည့်အတိုင်း စိတ္တ၊ ကာယ၊ လူမှုရေးသုခ အပေါင်းတို့နှင့် ပြည့်စုံခြင်းကို ဆိုလိုသည်။

ကျန်းမာရေးလိုက်စားသူများသည် စာရေးသူ ရေးသားတင်ပြသည့် ကျန်းမာရေးအကြောင်းသိကောင်းစရာ ဆောင်းပါးကို လိုက်နာပြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်နိုင်သော အမျိုးကောင်းသားများ ဖြစ်ပါစေကြောင်း ဆန္ဒပြုရင်း အဆုံးသတ် လိုက်ရပါသည်။

ခွန်ပန်းစိန်
ကျမ်းကိုး= ကြယ်စင်သိမှတ်ဖွယ်ရာ အထွေထွေဗဟုသုတ
Powered by Blogger.