Wednesday, July 29, 2020

ပအိုဝ်းအမျိုးသား ပထမတော်လှန်ရေးတွင် ပါဝင်သော ဖခင်ကရင်လူမျိုးခြေရာအတိုင်း လျှောက်လှမ်းနေသည့် စောခွန်ကျော်ဝင်း

တောင်ကြီး၊ ဇူလိုင်လ (၂၉) ရက်








စောခွန်ကျော်ဝင်းသည် ဖခင်ဦးစောဘေး(ပအိုဝ်းကရင်) + မိခင် မွိုးဖြားမွံတို့မှ တောင်ကြီးမြို့နယ်၊ ထီဖေါင်းကျေးရွာအုပ်စု၊ တံတားမီးလောင်ရွာတွင် မွေးဖွားလာသူဖြစ်ပါသည်။ စောခွန်ကျော်ဝင်း၏ဖခင်ဖြစ်သူ ဦးစောဘေးသည် ပအိုဝ်းအမျိုးသားပထမတော်လှန်ရေးတွင်ပါဝင်ခဲ့ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်စံသိန်း နှင့် ဗိုလ်ချန်ဇုံ၏(အနီးကပ်လူယုံတော်) ယုံကြည်ရသူဖြစ်ပြီး ပအိုဝ်းတော်လှန်ရေးတွင် အရေးပါအရာရောက်သော ဆရာတော်ဦးနေမိ၏ ဝေယျာဝစ္စများကို ဆောင်ရွက်ခဲ့ရသူတစ်ဦးဖြစ်သည့်အတွက် ပအိုဝ်းအမျိုးသားတော်လှန်ရေး တွင် အဓိကပါဝင်သူတစ်ဦး ဖြစ်သည်ကို ခန့်မှန်းနိုင်ပါသည်။ 

ပအိုဝ်းကရင်မိဘနှစ်ပါးမှ မွေးဖွားလာသော စောခွန်ကျော်ဝင်းသည် လွယ်ကောင်းရွာ၊ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့စသည်တို့တွင် ပညာသင်ယူခဲ့ပြီး ဘွဲရရှိခဲ့ပါသည်။ ထို့နောက်ကချင်ပြည်နယ်တွင် လုပ်ငန်းအတွေ့အကြုံ ရပြီး မော်လမြိုင်တွင် လူတိုင်းမလုပ်ဆောင်နိုင်သော အနာကြီးရောဂါကု ဆေးရုံတွင် ရာထူးအဆင့်ဆင့် တာဝန် အမျိုးမျိုးတို့ကို နှစ်ပေါင်း(၁၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၂ - ခုနှစ်တွင် ခွန်ကျော်ဝင်းသည် ပအိုဝ်းဒေသသို့ ပြန်လည်ရောက်ရှိလာသဖြင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် အချို့သိရှိပြီး ပအိုဝ်းအမျိုးသားအကျိုးနှင့် ဒေသအကျိုးများကို ဆောင်ရွက်ပေးနိုင်ရန် တာဝန်ပေးအပ်လာသဖြင့် စောခွန်ကျော်ဝင်းသည် ဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်သော မော်လမြိုင်အနာကြီးဆေးရုံကြီးအား ကျောခိုင်းပြီး ၎င်း၏ဖခင် လမ်းစဥ်အတိုင်း ပအိုဝ်းအမျိုးသားနှင့် ဒေသအကျိုးကို လုပ်ဆောင်ရန် ခြေလှမ်းများ စတင်ခဲ့ပါသည်။ ခွန်ကျော်ဝင်း ပအိုဝ်းဒေသသို့ရောက်ရှိလာပြီး ၂၀၁၂-ခုနစ်မှာပင် ပအိုဝ်းအမျိုးသားခေါင်းဆောင် တို့နှင့်တိုင်ပင်ပြီး ပအိုဝ်းဒေသတွင် နိုင်ငံတကာမှ အထောက်အပံ့နှင့်နည်းပညာများရရှိစေရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လူမှုရေးဌာန၊ ယခု ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)ကို အချို့သောတာဝန်ရှိ ပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းထူထောင်ခဲ့ပြီး ယခုအခါတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် သည် ပအိုဝ်းဒေသတွင် စီမံကိန်းအမျိုးမျိုးဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ရပ်တည်လာနိုင်သည်နှင့်အမျှ စောခွန်ကျော်ဝင်းသည် ၂၀၁၅-ခုနှစ်တွင် ပါရမီအားကျောခိုင်းပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နိုင်ငံရေးပါတီသို့ ဝင်ရောက်လာပြီး ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဌာနချုပ်ရုံး၏ရုံးအဖွဲ့မှူးရာထူးဖြင့် လုပ်ငန်းတာဝန်များကို ယနေ့အချိန်ထိ ထမ်းဆောင်ခဲ့ပါသည်။
 
ထို့အပြင် ပအိုဝ်းဒေသရှိ ရဟန်းသံဃာများနှင့်လည်း အကျွမ်းတဝင်ရှိသူဖြစ်ပြီး လုပ်ငန်းတစ်ခုအကောင်အထည် ဖော်ရာတွင်လည်း ဗုဒ္ဓဘာသာတို့၏ အစဉ်အလာအတိုင်း ဦးစွာသံဃာ့ဩဝါဒခံယူပြီး လုပ်ငန်းလုပ်ဆောင်တတ်သူ ဖြစ်ပြီး သီတင်းကျွတ်ကာလနှင့် တန်ခူးကာလ ဘုန်းတော်ကြီးကျောင်းတက်ရာတွင်လည်း ဘာသာတရားခွဲခြားမှု မရှိဘဲ ပအိုဝ်းဓလေ့ထုံးစံအတိုင်း လိုက်လံကန်တော့တတ်သူလည်းဖြစ်သည်။

ထို့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမတွင် ကျင်းပသော ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း တက်ကြွစွာပါဝင်ခဲ့ပြီးပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင်လည်း ညီလာခံကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

ပအိုဝ်းဒေသ ကျေးလက်လူထုပူးပေါင်းပါဝင်မှုရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အကောင်အထည်နိုင်ရန် အတွက်လည်း အဓိကပါဝင်သူတစ်ဦးဖြစ်ပါသည်။ ပြည်တွင်းပြည်ပအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ လုပ်ငန်းယန္တရားများ လည်ပတ်နိုင်ရေးတွင် အဓိကမောင်းနှင်ပေးသူလည်း ဖြစ်ပါသည်။ အလုပ်ကိုကြိုးစားလုပ်ကိုင်ပြီး လုပ်ငန်းများအောင်မြင်ရပ်တည်လာနိုင်သည်နှင့်အမျှ ရာထူးအာဏာကို ဆက်လက်ချုပ်ကိုင်မှုမရှိဘဲ့ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိသော အခြားလုပ်ငန်းများကို စဥ်းစားတွေးခေါ်ပြီး မရရအောင်လုပ်ဆောင်တတ်သော ပအိုဝ်း ကရင် စောခွန်ကျော်ဝင်းသည် ၂၀၂၀-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းမူလလုပ်ဆောင်နေသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူးရာထူးအား ကျောခိုင်းပြီး ပြည်ထောင်စုအရေး၊ မိမိတို့ပအိုဝ်းလူမျိုးနှင့် ဒေသအရေးတို့ကို ဆောင်ရွက်နိုင်သော ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) ၊ တောင်ကြီးခရိုင်ဖြစ်သော (တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ) မဲဆန္ဒနယ်ကို ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ပအိုဝ်းကရင် စောခွန်ကျော်ဝင်း၏ သမိုင်းနောက်ခံ အရည်အချင်းနှင့် စိတ်နေသဘောထားတို့ကို သိရှိပြီး အားပေးထောက်ခံနိုင်ရန် ရေးသားဖော်ပြလိုက်ပါသည်။

ခွန်လေထို (တောင်ႏတီ)



Powered by Blogger.