Friday, August 14, 2020

ငြိမ်းချမ်းရေးဝတ်မှုန်များဖြင့် ဖွဲ့စည်းထားသည့် ပျားတို့အိမ်

တောင်ကြီး၊ ဩဂုတ်လ (၁၅) ရက်



ပညာရေးဝန်ထမ်းတစ်ဦးအနေဖြင့် ကက္ကူကျေးရွာအုပ်စုအတွင်းရှိ လွယ်ဆောင်ရွာ၌ တာဝန် ထမ်းဆောင်ရစဉ် ကက္ကူဘုရားတွင် ပွဲတော်များကျင်းပသည့်အခါတိုင်း လည်ပတ်ခွင့်ကြုံခဲ့သည်။ ထိုသို့လည်ပတ်ရသည့်အခါတိုင်း ပအိုဝ်ႏတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုကို သတိထားမိသည်။ ထိုပြယုဂ်မှာ တိုင်းရင်းသားရိုးရာဝတ်စုံကို ညီညီညာညာဝတ်ဆင်ကြခြင်းဖြစ်သည်။ ထိုသို့သော ညီညွတ်မှုကိုမြင်တွေ့ရသည့်အခါ ပအိုဝ်ႏတိုင်းရင်းသားတို့၏ ခေါင်းဆောင်ကွပ်ကဲလမ်းညွှန်မှု ကို တသွေမတိမ်းလိုက်နာခြင်းဟူသည့် အစဉ်အလာကောင်းတစ်ရပ်ကို သတိမူမိသည်။ ထိုအစဉ်အလာကောင်းကိုလည်း နှစ်သက်မြတ်နိုးမိသည်။

ထိုမြတ်နိုးမှုနှင့်အတူ တိုင်းရင်းသားတို့၏အကြောင်းများကို သက်ကြီးရွယ်အိုများထံတွင် တစေ့တစောင်း လေ့လာကြည့်ဖြစ်သည်။ ထိုသို့လေ့လာြဖစ်သည့်အခါ ရှေးအခါက စစ်ရိပ်စစ်ငွေ့များကြားတွင် ပအိုဝ်ႏတိုင်းရင်းသားများသည်လည်း စစ်ဒုက္ခများကို ခံစားခဲ့ရကြောင်း၊ ထိုသို့သော ဒုက္ခများကြား ရှင်သန်နေထိုင်ခဲ့ကြရသည်မှာ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သက်ကြီးရွယ်အိုများက ပြောပြသည့် စစ်ဘေးအတွေ့အကြုံများမှ တဆင့်ကြားသိခွင့်ရသည်။ ၁၉၉၁ ခုနှစ်တွင်မူ နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးယူပြီးနောက် ပအိုဝ်ႏဒေသများတွင် အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာကြောင်း ကြားသိရသည်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးအတွက်အရေးပါသည့် ကားလမ်း၊ မီးရထားလမ်းများ ပွင့်လင်းလာသဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်ဖြင့် အဘက်ဘက်မှ ပြောင်းလဲတိုးတက် လာသည်ဟု ပြောြပကြသည်။ ထို့သို့ပြောင်းလဲတိုးတက်အောင် ကြံဆောင်ပေးကြသည့် ပအိုဝ်ႏမျိုးချစ် ခေါင်းဆောင်ကြီးများ အပါအဝင် ဖြားတန်ကောင်ခဲနှင့် ဦးအောင်ခမ်းထီတို့အကြောင်းများကိုလည်း မြတ်မြတ်နိုးနိုးပြောပြကြသည့်အခါ ပအိုဝ်ႏတိုင်းရင်းသား တို့၏ မျိုးချစ်စိတ်ကိုလေးစားရပြန်သည်။

မျိုးချစ်စိတ်ထက်သန်မှုနှင့်အတူ မျိုးချစ်ခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံကို နေအိမ်တိုင်းတွင် ရိုသေစွာ ချိတ်ဆွဲထားခြင်းကိုပါ လေ့လာတွေ့ရှိရသည့်အခါ ငြိမ်းချမ်းရေးကိုဆောင်ယူပေးသည့် ကျေးဇူးရှင် အပေါ်လေးစားတန်ဖိုးထား တတ်သည့်စိတ်ဓါတ်ကို အံ့သြချီးကျူးမကုန်နိုင်မှုနှင့်အတူ အစဉ်အလာ ကောင်းကို အတုယူဖွယ်အဖြစ်လည်း မှတ်သားမိသည်။

ထို့ပြင် ပွဲတော်ရက်များတွင် မြင်တွေ့နိုင်သည့် စည်းချက်ကျသည့် ပအိုဝ်ႏတိုင်းရင်းသားရိုးရာ အကအလှများကို ခံစားကြည့်ရှုရသည်မှာ နှစ်သက်ဖွယ်အလွန်ကောင်းသည်။ ကိုယ်ပိုင်ကဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဂီတများဖြင့် အလွန်မြိုင်ဆိုင်သည်။ ညီညာသည်။ ကြည်သာသည်။ ထိုသည်ကိုကြည့်ခြင်းအားဖြင့် စည်းလုံးခြင်း၏ အနှစ်သာရကိုခံစားနိုင်သည်။ ကိုယ်ပိုင်ဟန်ကို မြတ်နိုးသည့် တိုင်းရင်းသားတို့၏မျိုးချစ်စိတ်မှာ သိသာထင်ရှားသည်။ ထိုသို့ကောင်းမွန်သည့်စိတ်ထား များကို ရေရှည်တည်တံ့ပါစေဟုလည်း ဆန္ဒပြုမိသည်။

ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည့်အားလျော်စွာ ပအိုဝ်တိုင်းရင်းသားတို့၏ ပညာရေးကိုလည်း တစေ့တစောင်း လေ့လာမိသည်။ ပညာရေးဟုဆိုလျှင် ရပ်ရွာ၏အားပေးထောက်ပံ့မှုများကို ကြုံတွေ့ ခဲ့ရသည့်တိုင် ထူးချွန်ထက်မြတ်သူဦးရေသည် အနည်းငယ်သာရှိကြပြီး တောင်ယာအလုပ်ကို အဓိက အားထားနေကြသေးသည်ကို မြင်တွေ့ခဲ့ရသည်။

သို့အတွက် ယဉ်ကျေးမှုသမိုင်းကြောင်းခိုင်မာသော ပအိုဝ်ႏတိုင်းရင်းသားလူငယ်များအနေဖြင့် ခေတ်ပညာကို ကြိုးစားသင်ယူစေလိုသည်။ မိဘများအနေဖြင့်လည်း ပညာရေးကို အားပေးစေလိုသည်။ ထိုသို့အားပေးရာတွင် ပအိုဝ်အမျိုးသားဖောင်ဒေးရှင်၊ မိဘပြည်သူစသည်ဖြင့် အဘက်ဘက်မှ အရှိန်အဟုန်ဖြင့် ပံ့ပိုးကာ ပညာအမွေကို လက်ဆင့်ကမ်းခြင်းဖြင့် ပအိုဝ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုသမိုင်းကြောင်းကို ဆထက်တိုး၍ မြှင့်တင်နိုင်လိမ့်မည်ဟုယူဆမိသည်။

တစ်ဖက်တွင်လည်း ပအိုဝ်တိုင်းရင်းသားဘာသာစကားသင်ကြားမှု အစဉ်အလာကောင်းများကို တွေ့မြင်ရသဖြင့် များစွာကျေနပ်မိသည်။ ကိုယ်ပိုင်စာပေကို နှစ်သက်မြတ်နိုးတန်ဖိုးထားသင်ယူကြသည့် ကလေးငယ်များကိုလည်း ချီးကျူးဂုဏ်ယူမိသည်။

ထိုသို့သော အစဉ်အလာကောင်းများကို လေ့လာသိရှိရသည့်အခါ ပအိုဝ်တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို အဓွန့်ရှည်တည်မြဲစေလိုသည့် စေတနာဆန္ဒများဖြစ်ပေါ်မိသည်မှာလည်း ဧကန်ပင်ဖြစ်၏။ သို့အတွက် ပအိုဝ်အမျိုးသားစည်းလုံးညီညွတ်မှုဟူသည့် ယဉ်ကျေးမှုသမိုင်းကြောင်းကို လက်ဆင့်ကမ်း သယ်ဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် အတွေ့အကြုံများပြား ရင့်ကျက်သည့် ရှေ့ဆောင်လူကြီးသူမများနှင့် တိုင်ပင်ဆွေးနွေးကာ ဆထက်တိုး၍ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ကြံဆောင်မှသာ အမျိုးသားရေးတာဝန်ကျေပွန်ပေလိမ့်မည်။

တစ်ဖက်တွင်လည်း ခေတ်အလျောက်ပေါ်ပေါက်လာတတ်သည့် အခြေအနေများအကြား ပအိုဝ်တိုင်းရင်းသားအချင်းချင်းသွေးကွဲစေနိုင်သည့် သွေးဆောင်မှုများကို နားမယောင်မိရန် သတိချပ်သင့်သည်။ ကိုယ်ကိုယ်တိုင်ကလည်း အမျိုးသားချင်းချင်းသွေးကွဲစေနိုင်သည့် အပြုအမူ၊ အပြောအဆိုများကို သတိပြုရှောင်ရှာခြင်းဖြင့် ငြိမ်းချမ်းရေးပန်းခင်းကြီးကို ဆက်လက်ရှင်သန်လှပနိုင်ရန် ပံ့ပိုးကူညီခြင်းဖြင့် အမျိုးသားတာဝန်ကျေပွန်သူအဖြစ် ဂုဏ်ယူသင့်သည်။

သို့မဟုတ်ပါမူ ပအိုဝ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ စာပေ၊ ဂီတစသည့် သမိုင်းကြောင်းသည် မျိုးဆက်သစ်လူငယ်တို့၏ လက်ထပ်တွင် ပျောက်ကွယ်သွားပါက ရှက်ဖွယ်ကောင်းလှပေသည်။

သို့အတွက် ခေါင်ဆောင်ကောင်းများက ဆောင်ကြဉ်းယူဆောင်ပေးထားသည့် ငြိမ်းချမ်းရေး ပန်းခင်းကြီးမှရရှိလာသည့် တိုးတက်ဖွံ့ဖြိုးခြင်းဝတ်မှုန်များကို ပအိုဝ်တိုင်းရင်းသားတို့၏ ညီညာသော လုပ်ဆောင်မှုများဖြင့် ပျားလုပ်သားတို့သဖွယ် ချိုမြ၍အာဟာရပြည့်ဝသော ပျားဝတ်ရည်တို့ကို စုဆောင်းကာ ပြည့်စုံကြွယ်ဝသော ပျားအိမ်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ကြသည့် ဗိသုကာပညာရှင်များပီပီ မပြိုပျက်အောင်လည်း ညီညီညာညာ သတိမူကာ ထိန်းသိမ်းသွားနိုင်ကြပါစေကြောင်းဆန္ဒမွန်ဖြင့်။ ။

ဆောင်းချစ်



Powered by Blogger.