တောင်ကြီး၊ ဩဂုတ်လ (၁၅) ရက်
ယခုအချိန်အခါသမယသည် ယခင်ကနှင့် လုံးဝမတူတော့ပါ။ ဆီနှင့်ရေ အလား ကွာခြားလို့နေပြီဖြစ်သည်။ ခေတ်ပညာကလည်း "တစ်ကမ္ဘာတစ်ရွာ" အလားတိုးတက်ချင်တိုင်း တိုးတက်နေလေပြီ။ ယခင်ကလိုလမ်းပန်း ဆက်သွယ်ရေးလည်း မခက်ခဲတော့ပါ။ ခြေလျင်လမ်းများအစားကျော က်ချောလမ်း၊ ကတ္တရာလမ်းတို့က နေရာယူလေပြီ။ ဖယောင်းတိုင်မီး၊ ရေနံဆီမီး ၊ထင်းရှူဆီမီးတို့အစား ဆိုလာမီး၊ လျှပ်စစ်မီးတို့ဖြင့် ထိန်ထိန်ညီးနေလေပြီ။ ယခင်က လချီကြာ စောင့်စားမှရ ကြသည့်သတင်းတို့သည် ခုတော့နာရီပိုင်း၊ မိနစ်ပိုင်းနှင့်ပင်ရကြလေပြီ။
ယခင်ကယိုင်နဲ့နဲ့ကျောင်းဆောင်များနေရာတွင် အုတ်ကျောင်များဖြင့်အစားထိုးနိုင်လေပြီ။ မူလွန်၊ လခွဲ၊ လ၊ ထ ခွဲ၊ ထ စသည်ဖြင့် ကျောင်းအဆင့်တိုးမြှင့်နိုင်ခဲ့ပြီ။ မခွဲ၊ မ ကျောင်းများလည်းရွာတိုင်းနီးပါး ဖွင့်နိုင်ကြလေပြီ။ကျေးလက်ဆေးခန်း၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံတို့လည်း ဖွံ့ဖြိုးတိုးတက်အဆင့်မြင့်လာလေပြီ။
သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံတို့သည်လည်း ယခင်ကလိုနေရာအနှံ့ မကြားရတော့။ ငြိမ်းချမ်းရေးအရသာကို ကောင်းမွန်စွာခံစားနေကြရလေပြီ။ နေရာဒေသအနည်းအကျဥ်းတွင်သာ ယမ်းငွေ့တို့ဝေဆဲ၊ အပြစ်မဲ့ပြည်သူတို့အိုးပစ်၊ အိမ်ပစ်၊ လင်ပစ်၊ မယားပစ်၊ သားပစ်၊ သမီးပစ်ဘဝဖြင့် စစ်ဒဏ်ကို မရှုမလှခံနေကြရဆဲ။ ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင်အလားခံနေကြရဆဲ။ မိမိတို့ပအိုဝ်းလူမျိုးများသည် ရှေးအတိတ်ခါကပင်ကောင်းမွန်စွာ မမှေးမှိတ်ခဲ့ကြရသည့် အချိန်ကာလတို့ ရှိခဲ့ဖူးသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ အမျိုးသားရေးအတွက် မိမိတို့၏အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားတော်လှန်တိုက်ခိုက်ခဲ့ကြသဖြင့် အသက်ခန္ဓာကြွေခကြရရှာသည့်မျိုးချစ်ခေါင်းဆောင်များနှင့် နောက်လိုက်များလည်းလက်ရေချိုးလို့ပင်မနိုင်ခဲ့။
ခုတော့ ထိုသို့မဟုတ်ပါလေပြီ။ မိမိတို့ခေါင်းဆောင်များက အမြော်အမြင်ကြီးမားစွာဖြင့် လက်နက်နှင့်ငြိမ်းချမ်းရေးကို လဲလှယ်ပြီးသည့်အချိန်မှစ၍ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်စသည်တို့သည် တစ်ဟုန်ထိုး တိုးတက်လာသည်မှာ ငြင်းမရပါ။ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ ဤသည်တို့မှာ ငြိမ်းချမ်းရေးတည်းဟူသော အပင်မှရသည့် အသီးအပွင့်များပင်မဟုတ်ပါလော။
ယခုဆို ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း စသောမြို့များသည်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများပင်ဖြစ်နေလေပြီ။ ထိုမြို့နယ်များတွင်လည်း တစ်နိုင်ငံတည်းဖွား သွေးချင်းညီအစ်ကိုမောင်နှမ တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့ရှိပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးပေးလိုက်ခြင်းသည် တိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်ချုပ်ချယ်ရန်အတွက် အခွင့်အရေးပေးလိုက်ခြင်းမဟုတ်ပါ။ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ လက်တွဲလုပ်ဆောင် ကြရန်သာဖြစ်သည်။
မိမိတို့လူမျိုးအချင်းချင်းလည်း စိတ်ဝမ်းမကွဲသင့်ပါ။ စိတ်တူကိုယ်တူ ညှိနှိုင်းဆွေးနွေးတိုင်ပင်ကြကာ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေတိုးတက်ရေးကိုရှေးရှုကြရပါမည်။ သူတစ်လူ ငါတစ်မင်း ထင်ရာမစိုင်းသင့်ပါ။ အငြင်းအခုံ ပြုနေခြင်းဖြင့်လည်း အချိန်မကုန်ကြစေလိုပါ။ စည်းလုံးကြစေချင်ပါသည်။
မိမိတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်ရလေအောင်၊ တိုင်းတစ်ပါးသားတို့၏ ယဥ်ကျေးမှုများ ဝါးမျိုခြင်းမခံရလေအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရပါမည်။ စည်းလုံးညီညွတ်စွာဖြင့် ပြိုင်တူတွန်းကြ ရပါမည်။ စည်းလုံးခြင်းသည်အင်အားတစ်ရပ် မဟုတ်ပါလား။ နွားကွဲလျှင်ကျားဆွဲတတ်သည် ကိုလည်း သတိချပ်ကြရပါမည်။ ဦးတည်ချက် တူညီစွာတွန်းကြမည်ဆိုပါလျှင် မအောင်မြင်နိုင်စရာအကြောင်းမရှိပါ။ မိမိတို့ပအိုဝ်းလူမျိုးများသည် ရှေးယခင်ကပေါက်ပြားကိုင် ၊ဓားမကိုင်၊ တံစဥ်ကိုင် ဖြင့် ဘဝကိုဖြတ်သန်းခဲ့ကြရသည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ရာ ပညာရှာကြရပါမည်။ ဘိုးဘွားခေတ်များတွင် အောက်ကျနောက်ကျခဲ့သမျှ မျိုးဆက်သစ် သား ၊မြေး၊ မြစ်များအလှည့်တွင် ပညာအမွေပေးကြရန်၊ ပညာသင်ယူမှုအခွင့်အလမ်းပေးကြရန် လိုအပ် လှပါသည်။ မိဘတိုင်းကလည်းတာဝန်ရှိသည်ကိုသတိအမြဲကပ်နေကြရန်လိုပါသည်။
"ပညာရွှေအိုးလူမခိုး" ဟုဆိုထားသည်မဟုတ်လား။ ယခုခေတ်သည် လယ်မြေ ၊ယာမြေ၊ ဥယျာဥ်ခြံမြေများကို အမွေပေးရမည့်ခေတ်မဟုတ်တော့ပါ။ထိုသောအမွေများသည် စိတ်ချရသည့်အမွေများမဟုတ်တော့ပါ။ "ပညာသည်သာ ရတနာ" ဖြစ်နေပါလေပြီ။ ယခုချိန်ခါသည် မိမိတို့လူမျိုးအတွက်အခွင့်အရေးကောင်း အချိန်အခါကောင်းချိန်လည်းဖြစ်သည်မို့ အခွင့်သာတုန်း ရုန်းကြစေချင်ပါသည်။"နောင်တ"ဖြင့်အချိန်မကုန်ကြစေချင်ပါ။
မိမိတို့လူမျိုးအတွက် အခွင့်အရေးများကို တင်ပြခွင့်ရနေကြသည့်အကြီးအကဲများကလည်း ရေပေါ်ဆီနှယ်အပေါ်ယံ ကြော မကြည့်ကြဘဲ အောက်ခြေအဆင့်ဆင့်အထိ၊ နယ်စပ်ဒေသများအထိပါဆင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရန်လိုပါသည်။
မိုးများရာမိုးထပ်ရွာ၍လည်း အကျိုးပ်ိုထူးလာမည်မဟုတ်ပါ။ ကွက်လပ်များနည်းနိုင်သမျှနည်းပါးသွားစေရန် ဖြည့်ပေးရပါမည်။ ဖြည့်ပေးကြပါဟူ၍လည်း တိုက်တွန်းလိုပါသည်။"မျက်နှာကြီးရာဟင်းဖတ်ပါ" မဟုတ်ဘဲ အမှန်တစ်ကယ်လိုအပ်သည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုကြရန်လိုသည်။ စားပွဲဝိုင်းတွင်သာထို င်၍ဆုံးဖြတ်သည်မျိုး မဖြစ်စေလိုပါ။ ဖြစ်လည်းမဖြစ်သင့်ပါ။ ခေါင်းဆောင်များကလည်း ကိုယ်ကျိုးသာကြည့်သည့် ခေါင်းဆောင်မျိုးမဖြစ်စေလိုပါ။ ခေါင်းဆောင်ကောင်းပီသရန်လိုပါသည်။ "အနာခံ"နိုင်သည့် ခေါင်းဆောင်မျိုး ဖြစ်ရန်လိုပါသည်။ "အသာစံ"ကြသည့် ခေါင်းဆောင်မျိုးမဖြစ်ကြရန်လိုသည်။ "အတ္တ"အတွက် မကြည့်ကြဘဲ "ပရ" အတွက်ကြည့်ကြမည်ဆိုပါလျှင် မိမိတို့လူမျိုးဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။
“ကျွဲးကူးရေပါ” ဆိုသလို မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုများလည်း မိမိတို့နည်းတူ ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ အေးချမ်းသာယာသောဘဝများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။
ထိုကြောင့် ကြီးငယ်အရွယ်မရွေး ကိုယ်ကျိုးအတ္တ၊ ဖယ်ခွာချကာ၊ ပရအများ၊ နိုင်ငံသားတွက်၊ စွန့်စားရွက်ဆောင်၊ သတ္တိပြောင်ဖြင့်၊ မယ်မောင် ကိုယ်စီရှေ့သို့ချီနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။
ပညာပို(လုံးပျဥ်န၀်)
Like On Facebook
Follow On Twitter
Subscribe On RSS