Wednesday, August 30, 2017

မိခင်ဘာသာစကားကို ပြောဆိုကြပါစို့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်


လူမျိုးတစ်မျိုး၏ အသက်သွေးကြောသည် ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ ဖြစ်ပေသည်။ ၎င်းအချက်များမရှိလျှင် မိမိတို့၏လူမျိုးသည် ပျောက်ကွယ်သွားမည်မှာ မလွဲ ဧကန်ပင် ဖြစ်ပါသည်။

လူမျိုးတစ်မျိုးတွင် မိခင်ဘာသာစကားကို ပြောဆိုသုံးစွဲမှုနည်းပါးလျှင် စာပေရှိသော်လည်း ပျောက်ကွယ်သွားမည်ဖြစ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများလည်း အလိုလိုပျောက်ကွယ်သွားလိမ့်မည်။ ဥပမာအနေဖြင့် လူမျိုးခြားတိုင်းပြည်မှ မိမိတို့တိုင်းပြည်သို့တင်သွင်းသော ကုန်ပစ္စည်းများကိုကြည့်လျှင် ၎င်းတို့၏ကုန်ပစ္စည်းပေါ်တွင် မိခင်ဘာသာစကား၊ စာပေများကို အမြတ်တနိုးရေးသားကြသည်ကို လူတိုင်းသိရှိပြီးဖြစ်ပါသည်။ ယနေ့ မိမိတို့ပအိုဝ်းလူမျိုးများသည်လည်း မိမိတို့ထုတ်ဝေရောင်းချသော ဆီပန့်ဆိုင်များ၊ စားသုံးဆီများ၊ လက်ဖက်ခြောက်စသည့် ကုန်ပစ္စည်းအပေါ်တွင် ပအိုဝ်းဘာသာစကားများနှင့်ပအိုဝ်းလူမျိုးတို့ကို ညွှန်းဆိုထားသော အမှတ်သင်္ကေတများကို ဂုဏ်ယူစွာဖြင့်ရေးသားဖော်ပြကြသည်မှာ ဝမ်းမြောက်စွာတွေ့ရှိရပါသည်။

မိမိရည်ညွှန်းလိုသည့်အကြောင်းသည် လူမျိုးခြားများ၏ ဘာသာစကားကို အာတွေ့လျှာတွေ့ပြောဆို နေသောသူများ ဖြစ်ပေသည်။ လူမျိုးခြားများ၏ ဘာသာစကားသည် မည်သည့်အချိန်တွင်မဆို မပြောဆိုရဟု မဆိုလိုပါ။ နေရာဒေသအလိုက် ပြောသင့်ပါသည်။ သို့သော် ခမ်းကောင်(သို့)ခမ်းဒွမ် သီးသန့်ဆွေးနွေးပွဲများ၌ မိခင်ဘာသာသစကားကို အသုံးပြုဆွေးနွးကြရာတွင် အခက်အခဲမရှိပါသော်လည်း ခမ်းကောင် ခမ်းဒွမ် ပူးပေါင်းပြီး ဒေသပေါင်းစုံပါဝင်သော ဆွေးနွေးပွဲ၊ တွေ့ဆုံပွဲများတွင် မြန်မာဘာသာစကားဖြင့် အသုံးပြု ပြောဆိုဆွေးနွေးကြသည်။ ၎င်းကို အချို့သောပုဂ္ဂိုလ်များက အမျိုးသားရေးနှင့်သက်ဆိုင်သော ဆွေးနွေးပွဲတို့တွင် မြန်မာဘာသာစကားဖြင့် ပြောဆိုဆွေးနွေးကြသည်ကို မျိုးချစ်စိတ်မရှိဟု အပြစ်မြင်ရေးသားပြောဆိုကြသည်ကို တွေ့ရှိရပါသည်။ ထိုသူတို့၏ ဝေဖန်အကြံပြုချက်များသည် အပြုသဘောဆောင်၍ မျိုးချစ်စိတ်ရှိသော စေတနာဖြစ်သည်ဟု ယုံကြည်ပါသည်။

မိမိကိုယ်တိုင်က မိခင်ဘာသာစကားများကို ပြောဆိုမှုမရှိ (သို့) ပြောဆိုမှုနည်းပါးမည်ဆိုပါက မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများဖြစ်ကြသော မိသားစုများ၊ ညီကိုမောင်နှမများ သားသမီးများသည်လည်း ပြောဆိုမှု အားနည်းလာမည်ဖြစ်ပေသည်။ ထိုသို့ လူမျိုးအမည်ခံသာရှိပြီး တဖြည်းဖြည်းနှင့် မိမိ၏ဘာသာစကား သည်လည်း အလိုအလျောက်ပျောက်ကွယ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ ထို့အပြင် မိမိတို့ပအိုဝ်းလူမျိုးများအချင်းချင်း ဆက်သွယ်ဆက်ဆံရာတွင် စာပေနှင့်ပတ်သက်၍ ရေးသားရသည့် အပိုင်းတွင်လည်း မိမိတို့၏မိခင်စာပေ အရေးအသားအသုံးပြုမှု အားနည်းနေပြီး အခြားစာပေအရေးအသားများ ဖြင့်သာ လွယ်လင့်တကူ အသုံးပြုနေသည်ကိုလည်း တွေ့ရှိနေရပါသည်။ ထိုကဲ့သို့မဖြစ်သင့်ပေ။ သက်ဆိုင်ရာအစိုးရဌာန၊ ပအိုဝ်းမဟုတ်သည့် အခြားသောအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြောဆိုရသည့်အချိန်တွင် နှစ်ဦးနှစ်ဖက်နားလည်လွယ်သည့် ဘာသာစကားကိုသာ ပြောဆိုရေးသားသင့်ပါသည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားအချင်းချင်းတွေ့ဆုံလျှင် မိခင်ပအိုဝ်းဘာသာစကားကို အတတ်နိုင်ဆုံးပြောဆိုကြရန် လိုအပ်လှပါသည်။ ထိုသို့လုပ်ဆောင်ရခြင်းသည် မိမိတို့ပအိုဝ်းလူမျိုးများ၏ ဘာသာစကား စာပေတို့ကို ရေရှည်တည်တံ့ပြန့်ပွားအောင် လုပ်ဆောင်ရာရောက်သကဲ့သို့ သမိုင်းပေးအမျိုးသားရေးတာဝန်ကိုလည်း တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်ရာရောက်ပါသည်။ လူမှုရေး၊ စီးပွားရေးအရ လူမျိုးပေါင်းစုံနှင့် ဆက်ဆံရသောကြောင့် နေရာဒေသအလိုက် လူမျိုးခြားတို့၏ ဘာသာစကားကို ပြောဆိုရမည်သာဖြစ်ပါသည်။

လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများရေရှည်တည်တံ့ပြန့်ပွားရန်အတွက် ထိုလူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ မည်သည့်အခြားလူမျိုးက လာရောက်၍ပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးများ၏ အသက်သွေးကြောဖြစ်သော ပအိုဝ်းဘာသာစကားတို့ကို ဂုဏ်ယူစွာဖြင့် ပြောဆိုကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

မူးပေးမဲုင်းကောင်
Powered by Blogger.