Monday, January 29, 2018

ကိုယ့်ပေါင်ကို လှံဖြင့်ပြန်ထောင်းသည့်အဖြစ်မျိုး မဖြစ်ပါစေနဲ့ ရွှေပအိုဝ်းတို့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၀)ရက်


ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဆိုသည်နှင့်အညီ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ထုတ်ဖော်ဆန္ဒပြခွင့်ရှိလာသည်။ သို့သော် အဆိုပါဒီမိုကရေစီစနစ်သည် အနောက်နိုင်ငံများအတွက် သန္ဓေတည်လာသည်မှာ နှစ်ကာလကြာရှည်ပြီဖြစ်သော်လည်း မိမိတို့ မြန်မာနိုင်ငံအတွက် လူတိုင်း၏ပါးစပ်ဖျားတွင် တဖွဖွပြောဆိုနိုင်လောက်သည့် အခြေအနေကား ဆယ်စုနှစ်တစ်ခုပြင် မပြည့်သေးပေ။ ဒီမိုကရေစီဆိုသည်မှာ ဂရိစကားလုံးများမှ ဆင်းသက်လာပြီး Demos ဟုခေါ်သော ပြည်သူလူထုနှင့် Kratos ဟုခေါ်သော အာဏာ ဟုအဓိပ္ပါယ်ကိုဆိုလိုကာ ပြည်သူလူထု၏ သဘောတူညီတင်မြှောက်မှုဖြင့် အုပ်ချုပ်သောအစိုးရဟုခေါ်လေသည်။ တစ်နည်းအားဖြင့်ဆိုရသော် by the people ပြည်သူလူထုက အုပ်ချုပ်သောစနစ်၊ အဆိုပါတင်မြှောက်ရွေးချယ်ခံရသော ကိုယ်စားလှယ်သည်လည်း for the people ဟုခေါ်သော ပြည်သူလူထုအတွက် တင်ပြတောင်းခံခြင်း၊ ပြည်သူလူထုဆန္ဒကို ဖြည့်ဆည်းပေးခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်းဟု အဓိပ္ပါယ်ရပါသည်။ သို့သော် အဆိုပါစနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးလာသည်မှာ ဆယ်စုနှစ်တစ်ခုပင် မပြည့်သေးသော်လည်း မိမိတို့ပအိုဝ်းလူမျိုး၊ မိမိတို့ပအိုဝ်းဒေသတွင် ကျင့်သုံးလာသည်မှာ နှစ်ပေါင်းကြာရှည်လှပြီဟု စာဖတ်သူများအနေဖြင့် သိရှိပြီးလိမ့်မည်ဖြစ်သည်။ ဥပမာ - ကျေးရွာသူကြီးရွေးချယ်ခြင်း၊ ကျေးရွာလူငယ်ခေါင်းဆောင်ရွေးချယ်ခြင်းနှင့် အခြားကျေးရွာကော်မတီခေါင်းဆောင်များရွေးချယ်ခြင်းတို့တွင် ဒေသခံပြည်သူလူထုများ၏ အများသဘောတူညီချက်ဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြသည်မှာ ဘိုးဘွားအစဉ်အဆက်လက်ထက်ကတည်းက ယနေ့ထိပင်ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးများအတွက် ဒီမိုကရေစီစနစ်သည် မနေ့တစ်နေ့ကပေါ်ပေါက်လာသောစနစ်မဟုတ်ဘဲ ပအိုဝ်းလူမျိုးတို့အဖို့ မွေးဖွားကတည်းက ရင်းနှီးလာခဲ့သည့်စနစ်ဟု တင်စားလျှင်လည်းမှားမည်မထင်ပေ။

ထို့ကြောင့် ဘိုးဘွားလက်ထက်ကတည်းက ရင်းနှီးကျွမ်းဝင်လာခဲ့သော ဒီမိုကရေစီစနစ်သည် စည်းမျဉ်းစည်းကမ်းအပြည့်အဝ၊ တာဝန်ယူတာဝန်ခံမှုအပြည့်အဝဖြင့် အုပ်ချုပ်ခဲ့ခြင်း၊ အုပ်ချုပ်ခံခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၁ - ရာစုမှ အမိမြန်မာနိုင်ငံတွင် ရေပန်းစားလာသည့် ဒီမိုကရေစီစနစ်နှင့် ရှိရင်းစွဲ ပအိုဝ်းလူမျိုးတို့၏ဒီမိုကရေစီကို ရောသမမွှေလိုက်သောအခါ စည်းမျဉ်းစည်းကမ်းအပြည့်အဝ၊ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝရှိသော ဒီမိုကရေစီ၏အဆီအနှစ်ကို အလွဲသုံးစားလုပ်လိုသော ယနေ့ခေတ် ပအိုဝ်းလူငယ်အချို့အတွက် တစ်ဖက်စောင်းနင်းဒီမိုကရေစီစနစ်ဖြစ်လာပါတော့သည်။ ဆိုလိုသည်မှာ မိမိတို့၏ ဟိုးရှေးယခင်က မကျေနပ်ချက်များကို မိမိတို့၏ရှိနှင့်ပြီးသော ပအိုဝ်းလူမျိုးတို့၏စည်းလုံးမှု ပြိုပျက်သွားမည်ကို ထည့်မတွက်ဘဲ အွန်လိုင်းစာမျက်နှာတွင် ရေးသားတင်ပြခြင်း၊ ပြန်လည်ဖွင့်ဟလာခြင်းများရှိလာသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ မိမိ၏အခွင့်အရေးချိုးဖောက်ခံရလျှင် လွတ်လပ်စွာရေးသားခွင့်၊ ဖွင့်ဟခွင့်ရှိသော်လည်း အဆိုပါ မိမိ၏ အခွင့်အရေးသည် တစ်ပါးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသည့်အကြောင်းအရာများဖြစ်နေပါက ဒီမိုကရေစီစံချိန်စံညွန်းအရ အပြစ်ပေးခြင်း၊ ပြစ်ဒဏ်ခံရခြင်းများရှိသည်ကို သူတို့နားလည်မည်မထင်။ သို့သော် ထိုပင်မကသေး မိမိတို့၏ အခွင့်အရေးရှိသည်မှန်သော်လည်း မိမိတို့လူမျိုးအားနည်းချက်များကို တခြားတိုင်းရင်းသားလူမျိုးများသိရှိအောင်၊ မြန်မာစာဖြင့်ရေးသားတင်ပြခြင်းသည်လည်း မိမိတို့၏ ပေါင်ကို လှံဖြင့်ပြန်ထောင်းသလိုဖြစ်နေသည်ကို သတိမူသင့်သည်။

အဆိုပါရေးသားတင်ပြမှုများကြောင့် အခြားတိုင်းရင်းသားလူမျိုးများက မိမိတို့လူမျိုး၏အားနည်းချက်၊ ဟာကွက်များကို နင်းကာ “ပွဲလန့်တုန်း ဖျာခင်း” ဆိုသည့် ဆိုရိုးအတိုင်း မိမိတို့လူမျိုးဝါဒမတူအောင်၊ ဝါဒမကွဲ ကွဲအောင် မြောက်ထိုး ပင့်ကော်လုပ်လာတတ်သည်ကိုလည်း သတိမူသင့်သည်။ ထိုသို့ ပြုလုပ်လာမည်ဆိုပါက ရှိနှင့်ပြီးသော ပအိုဝ်းလူမျိုးတို့၏ စည်းလုံးမှုပျက်စီးသွားမည်ကို စည်းလုံးမှု၏အနှစ်သာရကို သိရှိပြီးသည့် ပအိုဝ်းလူမျိုးများသည်လည်း မြင်ချင်၊ တွေ့ချင်ကြမည် မဟုတ်ပေ။ ထို့အပြင် စည်းလုံးမှုကို ပြန်လည်တည်ဆောက်ရာတွင် မည်မျှခက်ခဲသည်ကို ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို သက်သေသာဓကထားကာ ပြန်လည်မြင်ယောင်စေလိုပါသည်။ အချိန်၊ ငွေကြေးအပြင် လူ့အသက်များပင် စတေးရသည်အထိဖြစ်တတ်သည်ကိုလည်း သင်ခန်းစာယူစေလိုပါသည်။ အဆိုပါရေးသားဝေဖန်မှုများသည် အပြုသဘောဆောင်နေသည့် ဝေဖန်မှုများဖြစ်စေလိုပါသည်။ အခြားသူအား စိတ်နာအောင် အစွန်းရောက်စွာဝေဖန်ပုတ်ခတ်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေလိုခြင်း မဖြစ်စေလိုပါ။ အဆိုပါ မိမိတို့ကို ဦးဆောင်နေသော ခေါင်းဆောင်များ၏ အားနည်းချက်များကို အပြုသဘောဆောင်သောထောက်ပြဝေဖန်မှုများသာ ဖြစ်သင့်သည်ဟု ထင်မြင်မိပါသည်။ ထိုကဲ့သို့ ပေါ်တင်ဝေဖန်လျှင် မိမိလူမျိုးတို့၏ အားနည်းချက်များကို အသိပေးခြင်း၊ မိမိလူမျိုးတို့၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်မရအောင် တစ်ပါးသူအားပေါ်တင်ချပြနေသကဲ့သို့ ဖြစ်နေတတ်သည်ကို သတိထားသင့်သည်။ “စူမဉ်;ထို့တဲ့, ထို့ဒျာ;ဆဲင်,ကို” ဆိုသည့်အတိုင်း မိမိလူမျိုးတို့၏ အားနည်းချက်ကို မိမိတို့လူမျိုးအချင်းချင်းသာ အသိပေးသင့် သည်။ မိမိတို့လူမျိုး၏ အားနည်းချက်၊ လျှို့ဝှက်ချက်များကို တစ်ပါးသူအား အသိပေးလျှင် မိမိတို့၏ ဟာကွက်၊ အားနည်းချက်များကို အကွက်ကျကျနင်းကာ တစ်ပါးသူမှ အမြတ်ထုတ်သွားတတ်သည်ကို ပအိုဝ်းလူမျိုးများအား ထပ်မံ အသိပေးလိုပါသည်။ အခြားညီနောင်တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏အားနည်းချက်များကို ဖေ့စ်ဘုတ်စာမျက်နှာများတွင် ရေးသားတင်ပြကြသည်ကို မိမိမမြင်ဖူးသလောက်ရှားပါးလှပါသည်။ အများအားဖြင့် ရေးသားချပြကြသည်မှာ မိမိတို့ ပအိုဝ်းလူမျိုးအများစုပင် ဖြစ်ကြသည်။ အချို့ဆိုရင် လူမျိုးခြားများမှ မိမိတို့လူမျိုးနာမည်ဖြင့် အကောင့်တုနှစ်ခု၊ သုံးခုလုပ်ပြီး ကိုယ့်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲအောင် ဝင်ရောက်ဆဲဆိုခြင်း၊ ဖွခြင်းစသည့် စရိုက်များကို မိမိတို့ ပအိုဝ်းလူမျိုးများကြားတွင် ခေတ်စားလာသည်ကို ဝမ်းနည်းဖွယ်သိရှိရပြန်သည်။ ထို့ကြောင့် ပအိုဝ်းဘာသာ ကဗျာတစ်ပုဒ်ဖြင့် စာဖတ်သူပရိသတ်များ ပိုမိုရှင်းလင်းသွားစေရန် ရည်ရွယ်၍ ရေးသားတင်ပြလိုပါသည်။
ဗဉ်;ဗ,
===========
ဗဉ်;ဗ,စားယို
မျို,မဲုင်,တယောဝ်း
မာ;တာ;မွိုးဖာ
ပိုမာ “ငါ” လဲ့
ရို,ဒေါ့,လ,တောဝ်း

အဆိုပါ ကဗျာအတိုင်း မိမိလူမျိုးတို့၏ အားနည်းချက်၊ လိုအပ်ချက်များကို အပြုသဘောမဆောင်ဘဲ အစွန်းရောက်စွာ တစ်ပါးသူအား ရေးသားတင်ပြအသိပေးဖန်များလာလျှင် မိမိတို့လူမျိုးကို ပြန်လည်နိမ့်ချသည့် သဘောဆောင်သွားတတ်ပါသည်။

ထို့ကြောင့် နောက်နှောင် ယခင်ကထုတ်ဖော် ရေးသားချက်များ၊ ဝေဖန်ပုတ်ခတ်မှုများကို တစ်ခြားလူမျိုးများအား အသိပေးသလိုဖြစ်နေသည့် ဘာသာစကား (မြန်မာစာ)ဖြင့်ရေးသားမှုများ၊ အစွန်းရောက်နေသည့် မိမိတို့၏ အတွေးအခေါ်များကို ပြန်လည်ဆန်းစစ်နိုင်စေရန်နှင့်  ဝေဖန်သည့်နေရာတွင်လည်း မိမိတို့လူမျိုး၏ စည်းလုံးမှုကို ပျက်ပြားစေတတ်သည့် ဝေဖန်မှုများ၊ ရေးသားတင်ပြမှုများ ထပ်မံမရေးသားမိစေရန် ရည်ရွယ်ချက်ဖြင့် “ဖြွမ်းဗူ;၊  ရောင်းရျူ;၊ ပ,လီ၊ ဝ,သီ” ဟူသော ကျေးဇူးတော်ရှင် ဆီဆိုင်မြို့၊ ဇဝနာရာမပရိယတ္တိစာသင်တိုက်၊ ဆရာတော် ဦးကောဝိဒါဘိဝံသ၏  ဆုံးမသြဝါဒကို စာဖတ်သူများအနေဖြင့် ရင်ဝယ်ပိုက်ကာ မည်သူခွဲခွဲ ဒို့မကွဲ၊ ကမ္ဘာတည်သရွေ့ ပအိုဝ်းလူမျိုးတို့၏ စည်းလုံးမှုများတည်တံ့စေရမည်ဟူသော စိတ်ဆန္ဒဖြင့် မိမိတို့၏ ယခင်က အပြုသဘောမဆောင်ဘဲ အပျက်သဘောဆောင်နေသည့် ဝေဖန်ရေးသားမှုများ၊ ပအိုဝ်းလူမျိုးအချင်းချင်း သွေးကွဲ၊ ဝါဒကွဲဖြစ်စေသည့် အရေးအသားများ ရှောင်ရှားဆင်ခြင်နိုင်စေရန် ရည်ရွယ်၍  “ကိုယ့်ပေါင်ကို လှံဖြင့်ပြန်ထောင်းသည့်အဖြစ်မျိုး မဖြစ်စေချင်” ဟူသော ဆောင်းပါးဖြင့် ရွှေပအိုဝ်းတို့ကို သတိပေး ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ယွေးယဲင်
(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.