Tuesday, January 30, 2018

ကျောက်တလုံးကြီးမြို့တွင် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်းထီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်













(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ကျောက်တလုံးကြီးမြို့ အားကစားဖွင့်ပွဲ၊ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ခမ်းထီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့၊  နံနက်(၉)နာရီအချိန် ကျောက်တလုံးကြီးမြို့တွင် ကျင်းပပြီး အထူးဒေသ(၆) ပအိုဝ်းငြိမ်းချမ်းရေး(PNO) အသွယ်ပြောင်းပြည်သူ့စစ်(ဌာနေ)ဥက္ကဋ္ဌ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဖြားတန် အောင်ခမ်းထီ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဝင်းမင်းထွန်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပအိုဝ်းအမျိုးသားခေါင်ဆောင်ကြီး ဦးအောင်ခမ်းထီက အားကစားကွင်းသစ်နှင့် အားကစားပြိုင်ပွဲ ဖဲကြိုးဖြတ်ပေးပြီး အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အဘဦးအောင်ခမ်းထီ အဖွင့်အမှာစကားပြောကြားရာမှာ- ဘောလုံးအားကစားဟာ တစ်ကမ္ဘာလုံးအတွက် အားကစား တစ်ခုဖြစ်ပါကြောင်း၊ ကျွန်တော်တို့ဒေသက တက်သစ်စလူငယ်များ ကိုယ်ကျင့်စာရိတ္တကောင်းမွန်စေရန် အားကစားကို အားပေးဖို့ ပါဝင်ဖို့လိုကြောင်း၊ အခုကျောက်တလုံးကြီးဒေသ အားကစားကွင်းသစ်ကြီးထဲမှာ ကျင်းပသည့် ဘောလုံးပွဲကို နောင်အစဉ်ထာဝရ သားစဉ်မြေးဆက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့နိုင်ငံ လိုအပ်သည့် လူ့အရင်းအမြစ်ဖြစ်သည့် ကိုယ်ကာယကြံ့ခိုင်ရေးကိစ္စတွေကို အထူးတလည် အားပေး ဆောင်ရွက်ကြပါဖို့ လိုပါကြောင်း စသည့်  အမှာစကားများကို  ပြောကြားခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းအကြီးတန်းအဆင့်ပြိုင်ပွဲတွင် ရန်ကင်းဒေသအသင်းနှင့်သထုံပေးအသင်း အကြိတ်အနယ်ယှဉ်ပြိုင် ကစားရာ ရန်ကင်းအသင်းက သုံးဂိုး- နှစ်ဂိုးဖြစ် အနိုင်ရခဲ့သည်။  ဒုတိယပွဲတွင် နောင်တရာဒေသနှင့် အောင်ပန်ဒေသ ယှဉ်ပြိုင်ကစားရာတွင် ၂ဂိုစီဖြင့် သရေကျခဲ့ပါသည်။ ဒီနေ့ ပထမနေ့တွင် အကြီးတန်း ဘောလုံးပြိုင်ပွဲကျင်ပးပြီး မနက်ဖြန်မှစတင်ပြီး အကြီးတန်းအဆင့် (၂)ပွဲ အငယ်တန်းအဆင့်(၂)ပွဲ တစ်နေ့ စုစုပေါင်း (၄)ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 ယခုနှစ်ပြိုင်ပွဲတွင် ကွင်းသစ်ကြီးဖြစ်သည့်အားလျော်စွာ အကြီးတန်းအဆင့် (၁၀)သင်း၊ အငယ်တန်း အဆင့် (၁၃)သင်း၊ စုစုပေါင်း (၂၃)သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီး လာမည့် ၂၀၁၈-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့၊ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့တွင် နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပိတ်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကွင်းသစ်ကြီးကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုငွေ ကျပ်သန်း(၄၂၀)ဖြင့် တည်ဆောက်ခဲ့ကြောင်းသိရှိရပါသည်။

မျင်းမိုရ်ခွန်
Powered by Blogger.