Sunday, March 11, 2018

သတိပြုစရာ ပွင့်လင်းရာသီချိန်ခါ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၂)ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဥတုရာသီ(၃)ပါး ရှိသည်ဟု သိရှိရပါသည်။ ၎င်းမှာ နွေ၊ မိုး၊ ဆောင်း ဟူ၍ဖြစ်ပါသည်။ ၂၀၁၇ - ခုနှစ်၊ မိုးအကုန် ဆောင်းအကူးမှ ၂၀၁၈ - ခုနှစ်၊ ဆောင်းအကုန်နွေရာသီကာလအထိ တစ်နည်း(ပွင့်လင်းရာသီ)သို့ ရောက်ရှိပြီဟု ဆိုနိုင်ပါသည်။ ဆောင်းရာသီနှင့် နွေရာသီသည် ဆက်စပ်သည့်ရာသီဖြစ်သည့်အပြင် နေရာဒေသကွဲပြား၍ အပူအအေးကွဲပြားမှုများရှိပါသည်။ ဆောင်းနှင့်နွေသည် နံနက်အစောပိုင်းနှင့် ညပိုင်းများတွင် အေးချမ်းလျက်ရှိပြီး နေလည်ခင်းပိုင်းများတွင် ပူးပြင်းခြောက်သွေ့သော ရာသီဥတုကာလဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် မြို့ပြနေထိုင်မှုနှင့် ကျေးလက်နေထိုင်မှုဟူ၍ ကွဲပြားလျက်ရှိပြီး မြို့ပြနေထိုင်သူဦးရေသည် ၃၀% ခန့်သာရှိပြီး ကျေးလက်နေထိုင်သူဦးရေမှာ ၇၀% ခန့်ရှိမည်ဟု ယူဆရပါသည်။ မြို့ပြနေထိုင်သူ ပြည်သူများသည် ကျေးလက်နေပြည်သူများထက် အစစအရာရာ အဆင်ပြေနေပါသည်။ (ဥပမာ မြို့ပြတွင် လျှပ်စစ်မီးအလုံအလောက်ရရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ၀န်ဆောင်မှုစသည့် ကဏ္ဍအသီးသီးတို့ ဖြစ်ပါသည်။)

ဤနေရာတွင် တောထွက်ထင်းခုတ်ထင်းခွေခြင်းနှင့် တောမီးရှို့ခြင်းကိစ္စကို အဓိက အသားပေးပြီး အကြံပြု တင်ပြလိုပါသည်။ အကြောင်းမှာ ကျေးလက်နေပြည်သူများသည် မြို့ပြကဲ့သို့ ကျေးရွာတိုင်း၊ အိမ်တိုင်း လျှပ်စစ်မီး မရရှိနိုင်သေးသည့်အတွက် ရွာတိုင်း၊ အိမ်တိုင်းတွင် နေ့စဉ် မိသားစုများ၏ ချက်ပြုတ် စားသောက်ရေးအတွက် မြို့ပြလို လျှပ်စစ်မီး၊ ဂက်(စ်)များဖြင့် အသုံးပြုနိုင်ခြင်းမရှိပဲ နှစ်စဉ်နှစ်တိုင်း၊ နေ့စဉ် နေ့တိုင်း၊ သစ်တောမှ ထွက်ရှိသည့် အပင်များကိုသာ လောင်စာအဖြစ် အသုံးပြုကာ ချက်ရေးပြုတ်ရေး ဆောင်ရွက်ကြရပါသည်။ ဤနေရာတွင် ပွင့်လင်းရာသီကာလ ရောက်ရှိလာသည်နှင့် အညီ နှစ်စဉ်နှစ်တိုင်း တစ်အိမ်လျှင် (၁)ဦး သို့မဟုတ် (၂)ဦးအထက် တောထွက်၍ ထင်းခွေကြရပါသည်။

ကျေးလက်နေ ပြည်သူများအား အကြံပြုလိုသည်မှာ တောထွက်၍ ထင်းခွေကြရာတွင် မိမိတို့ ခုတ်ထွင်ရှင်းလင်းမည့် အပင်များကို စနစ်တကျ ခုတ်ထွင်ရန်နှင့် ခုတ်သင့်သည့် အပင်များကိုသာ ခုတ်ထွင်ကြရန် လိုပါသည်။ ဥပမာ ခုတ်မည့် နေရာတွင် အပင်(၅)ပင် ရှိသည်ဆိုပါစို့ ခုတ်မည်ဆိုပါက (၅)ပင်လုံး မခုတ်ပဲ ခုတ်သင့်သည့် အပင်(၁)ပင် သို့မဟုတ်(၂)ပင်ခန့်သာ ခုတ်စေလိုပါသည်။ ခုတ်ရာတွင်လည်း ကြီးသည့်၊ ရင့်သည့်၊ ခုတ်သင့်သည့် အပင်များကိုသာ ဦးစားပေး ခုတ်စေလိုပါသည်။ ထိုမှသာ နောင်နှစ်အတွက် ချန်ထားရာရောက်မည် ဖြစ်ပါသည်။ ဖြစ်သလို တွေ့ရာအပင်များသာ ခုတ်မည်ဆိုပါက တစ်ခါစားသဘောသက်ရောက်ပြီး နောက်နှစ်များအတွက် ခုတ်စရာအပင်များ ရှားပါးမှုနှင့် ကြုံတွေ့လာနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ထင်းခုတ်ရာတွင် ကျေးရွာပိုင်၊ အများပိုင်သစ်ပင်၊ ၀ါးပင်များ စည်းကမ်းမဲ့ဖြစ်စေ၊ ခိုးခုတ်ခြင်းဖြစ်စေ ခုတ်ထစ်ခြင်းများ မပြုလုပ်မိကြရန် အထူးသတိပြုရမည် ဖြစ်ပါသည်။

ကျေးရွာတိုင်းရှိ သဘာဝသစ်တောများ၊ သစ်ပင်ဝါးပင်များ မီးရှို့ခြင်း၊ မီးလောင်ခြင်း မရှိရအောင် ကျေးရွာတိုင်းသည် မိုးအကုန် ဆောင်းအကူး တန်ဆောင်မုန်းလမှစ၍ မိုးရာသီကာလအထိ ကျေးရွာအလိုက်ရှိ ပြည်သူများအား ကျေးရွာတာဝန်ရှိ ရွာသူကြီးများ၊ လူငယ်ခေါင်းဆောင်များမှ အစပြု၍ ဆရာ/တကာ အားလုံး အပြန်အလှန် အသိပေးကြဖို့လိုမည် ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၁၅ - ခုနှစ်မှ စ၍ နိုင်ငံတစ်ဝန်းတွင် သစ်ပင်၊ ၀ါးပင်မျိုးစုံ စိုက်ပျိုးကြပါသည်။ ထို့အပြင် သဘာဝအလျောက် ပေါက်ရောက်သည့်အပင်များလည်း များစွာရှိမည် ဖြစ်ပါသည်။ အစိုးရမှ သတ်မှတ်ထားသည့် သစ်တောဧရိယာတွင် မီးဘေးအန္တရာယ် လုံခြုံမှုရှိနိုင်သော်လည်း ကျေးရွာများရှိ ကျေးရွာပိုင်နှင့် အများပိုင်သစ်တောများတွင် မီးဘေးအန္တရာယ်အတွက် အထူးဂရုစိုက်ရန်လိုမည် ဖြစ်ပါသည်။

ကျေးရွာနေပြည်သူများထဲမှ တစ်ဦးတစ်လေ တောမီးရှို့မှု ပြုလုပ်မိပါက မိမိတို့ စိုက်ပျိုးထားသည့် အပင်များနှင့် သဘာဝအလျောက်ပေါက်ရောက်သည့် အပင်များသည် မီးလောင်မှုထဲတွင် ပါသွားမည်ဖြစ်ပါသည်။ ထို့အပြင် ရာသီဥတု အခြေအနေအရ တောမီးလောင်သည့်နေရာတွင် ကျေးရွာနှင့်နီးပါက ကျေးရွာအတွက် မီးဘေးအန္တရာယ်ကိုပါ ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်စေပါသည်။ လက်တွေ့သာဓကများလည်း ရှိခဲ့ဖူးပါသည်။

သဘာဝသစ်တောသစ်ပင်များနှင့် လူတို့စိုက်ပျိုးသည့်အပင်များ မီးလောင်ဆုံးရှုံးမှုမရှိရအောင် ကျေးရွာတိုင်းတွင် တာဝန်ကိုယ်စီယူကြရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက သစ်ပင်များကို ထင်းအတွက် ခုတ်ကြရာမှ ၎င်းအပင်များအစား ပြန်လည်ရှင်သန်ပေါက်ဖွားသည့်အပင်များပါ မီးလောင်ပါက ရေရှည်တွင် ထင်းခုတ်စရာ အပင်များရှားပါးလာပြီး ရသမျှအပင်သာ ခုတ်ယူမှုများဖြစ်လာပေါ်လာမည် ဖြစ်ပါသည်။ ထိုသို့ ဖြစ်လာပါက ကျေးရွာများတွင် တောတောင်ပြုန်းတီးမှုဖြစ်လာပြီး ရာသီဥတု ဖေါက်ပြန်မှုများ ဖြစ်ပေါ်လာခြင်း၊ တောတွင်းနေ သားရဲတိရိစ္ဆာန်များ အစာရေစာရှားပါးလာခြင်းနှင့်အတူ လူနှင့် သားရဲတိရိစ္ဆာန်များအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း သတိဝိရိယထားနိုင်ကြစေရန် ရည်ရွယ်၍ မေတ္တာရှေ့ထားကာ အကြံပြု တင်ပြလိုက်ရပါသည်။

ခွန်ထီနောင်
စန္တားခမ်း
Powered by Blogger.