Friday, September 7, 2018

ပအိုဝ်းသမိုင်းကြောင်းနှင့်ဗုဒ္ဓဘာသာအကြောင်းတစ်စေ့တစ်စောင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၇)ရက်


သမိုင်းစာရေးဆရာများသည် အရှေ့တောင်အာရှတွင် ပအိုဝ်းလူမျိုးများပျံ့နှံ့နေထိုင်လာခဲ့ပုံကို လက်ခံကြသော်လည်း ဖွင့်ဆိုပုံအသေးစိတ်ကိုမူ တူညီကြပုံမရချေ။ သို့သော်ဖွင့်ဆိုပုံမည်သို့ခြားနားစေကာမူ အရှေ့တောင်အာရှအနွယ်ဝင်အားလုံး တိဘက်နယ်စပ်နှင့်ယူနန်နယ်တွင် အခြေပြုလာကြကြောင်းကို လက်ခံလျှင်လည်း ပအိုဝ်းလူမျိုးများပျံ့နှံ့ပုံ အချင်းအရာသည် ဆာဂျေစကော့မှတ်တမ်းမှ သိရှိချက်အတိုင်း နီးစပ်ဖွယ်ရှိမည်ဟု ယူဆပါသည်။ ထိုမှတ်တမ်းအရ ပထမအုပ်စုပအိုဝ်းသည်တိဘက်မှယူနန်သို့တစ်ဖန်၊ မဲခေါင်မြစ်အနီး ထိုင်း၊ ကမ္ဘောဒီးယား၊ လောနယ်သို့တစ်ဖန်၊ ဇင်းမယ်နယ် နန်ပိန်ချောင်းအထက်သို့တစ်ဖန်၊ ယခုမြဝတီအနောက်တောင်ရှိ တောင်ငူမြို့သို့ရောက်ရှိနေထိုင်ကြသည်။

ဒုတိယထွက်ခွာလာကြသည့်ပအိုဝ်းအုပ်စုသည် တိဘက်မှယူနန်သို့တစ်ဖန်၊ ရွှေလီမြို့အနောက် တောင်သို့တစ်ဖန်၊ ဧရာဝတီမြစ်အနီးသို့ရောက်၍ရှမ်းနှင့်အတူ ဇီဝါမြို့ကို တည်ထောင်နေကြကာ တစ်ဖန် ဧရာဝတီအောက်ပိုင်းအဝသို့ရောက်ရှိပြန်ပြီး ကရင်နှင့်အတူပိုးမြို့ကို တည်ထောင်နေခဲ့ကြပြန်သည်။ တတိယထွက်ခွာလာကြသောပအိုဝ်းအုပ်စုမှာမူ ယူနန်သို့ရောက်သောအခါ အဖွဲ့ငယ်(၉၉)ဖွဲ့ခွဲပြီး (၁၃)ဖွဲ့နေရစ်ကြလျှက် ကျန်အဖွဲ့ငယ်များသည် ဘီစီ (၇၀၀)ဝန်းကျင်တွင် သံလွင်မြစ်အထက်သို့စုန်၍ ရွှေလီမြစ်ဝှမ်း ကွတ်ခိုင်တောင်တန်းကြူကုတ်အဝသို့ ရောက်ခဲ့ပြန်သည်။ တစ်ဖန်ရှမ်းအနောက်တောင်ပိုင်း ဆင်တောင်သို့ ရောက်ရှိနေထိုင်ကြစဉ် ရှမ်းကုန်းမြင့်တောင်ပိုင်းအနှံ့ပျံ့နှံ့နေထိုင်ကြလျှက် ခေါင်းဆောင်အုပ်စုက စစ်တောင်းမြစ်ဝှမ်းသို့ ဆင်းလာကြပြီးအခြားအင်အားစုများနှင့်လည်း ပူးပေါင်းမိကြသဖြင့် လူအင်အားလည်းများ တရုတ်ထံမှ စစ်ရေး၊ မွေးမြူရေး၊ အုပ်ချုပ်ရေးနှင့်အနုပညာများကို အမွေရရှိခဲ့ကြသောကြောင့် သုဝဏ္ဏဘူမိ (ခေါ်) သထုံကိုတည်ထောင်နေထိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံသမိုင်း၌ ခရစ်မပေါ်မှီ (၁၇) ရာစုတွင် ထူထောင်သည်ဟုဆိုရာ ဘုရားမပွင့်မီနှစ်တစ်ထောင်ကျော်ခန့်တွင် သုဝဏ္ဏဘူမိနိုင်ငံတော်ရှိနှင့်နေပြီဖြစ်သည်ဟု မှတ်ယူရမည်။ ဦးဘသန်း၏မြန်မာရာဇဝင်တွင် သထုံပြည်ကို မွန်မတည်ထောင်မီက သထုံတွင်ပအိုဝ်းများ နေထိုင်ကြောင်းပြဆိုထားသည်။ သုဝဏ္ဏဘူမိ၌ သူရိယစန္ဒာမင်း မင်းပြုနေစဉ် မဇ္ဈမဒေသ၌ ဂေါတမဗုဒ္ဓပွင့်လာပြီး ရှေးဦးစွာ ဂဝံပတိရရဟန္တ ကြွရောက်မှုမှ အစပြု၍ဗုဒ္ဓကိုယ်တော်တိုင် (၃) ကြိမ်တိတိထပ်မံကြွရောက်သာသာနာပြုမှုကြောင့် သထုံမင်း နှင့်ပြည်သူများ ဗုဒ္ဓဘာသာဖြစ်လာခဲ့ကြသည်။ “ တစ်နွယ်ငင်တစ်စင်ပါ” ဟူသည့်စကားနှင့်အညီကျန် အနယ်နယ်အရပ်ရပ်ပအိုဝ်းများလည်း သူရိယစန္ဒာမင်းကိုပင် မိမိတို့၏အသိအမှတ်ပြုနေပုံရပြီး မင်းသို့လိုက်ပါ၍ ဗုဒ္ဓဘာသာချည်းဖြစ်လာခဲ့ကြသည်။

အကြောင်းမူ မနုဟာမင်းပါတော်မူပြီးနောက် ယနေ့ထိအောင်ပင် အနယ်နယ်အရပ်ရပ်ရှိ ပအိုဝ်းများ ဘာသာ၊ သာသာနာတစ်သွေးတည်းဖြစ်အောင် စီမံနေသည့်ကိုယ့်မင်းကိုယ့်ချင်းလည်းမရှိ၊ လူမျိုးခြားမင်း အမျိုးမျိုးတို့၏ အုပ်ချုပ်မှုအောက်တွင် နှစ်ရာစုများစွာတစ်ကွဲတစ်ပြားနေထိုင်ခဲ့ကြရသော်လည်း ယနေ့ထိတိုင် ဘာသာ၊ သာသာနာသွေးမပျက် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ချည်း ဖြစ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် အချိန်နှင့်အခြေအနေဒဏ်ဝါးမြိုမှုကို ခံနိုင်လောက်အောင် ဘာသာ၊သာသနာ အသားကျအောင် မနုဟာမတိုင်မီကပင် မင်းတစ်မင်း၏အောက်တွင် တစ်သွေးတည်းတစ်ပုံစံထဲ ကြာမြင့်စွာနေထိုင်လာခဲ့ကြကြောင်းကို ထောက်ပြနေခြင်းပင်ဖြစ်သည်။

ရဲခေါင်မြန်မာဆိုသည့် “ဆိုရှယ်လစ်ကမ္ဘာမှ ဗုဒ္ဓသာသနာရောင်ခြည်စာအုပ်တွင်လည်း ယနေ့ တစ်ရုတ်ပြည်၌ လူမျိုးရှိရာ ပအိုဝ်းတစ်မျိုးပါဝင်ကြောင်းဖော်ပြခဲ့သည်။ ဤအချက်သည် ဂျပန်အန္တရာယ်ကို ကာကွယ်ရန် မြန်မာနိုင်ငံသို့ဝင်လာကြသည့် တရုတ် (ချန်ကေရှိတ်) တပ်များ အပြန်ပါတွင် ပအိုဝ်းစစ်မှုထမ်းများ ၎င်းတပ်များထဲ၌ပါရှိကြောင်း ရှေးသူဟောင်းများ၏ပြောဆိုချက်အရ တူညီမှုရှိသည်။

ပအိုဝ်းကုန်သည်အဆင့်ဆင့်စကားတွင်လည်း ယနေ့ထိတိုင် ကမ္ဘောဒီးယားတွင်ပအိုဝ်းလူမျိုးရှိ ကြောင်းပြောကြသူများလည်းရှိသည်။ ထို့အပြင် မနုဟာမင်းလက်ထက် သုဝဏ္ဏဘူမိသထုံပျက်၍ ပအိုဝ်း (၉) အုပ်စုကွဲကာ သထုံမှစွန့်ခွာလာခဲ့ကြသည်လည်းရှိ၏။ ယဉ်ကျေးသော၊ ဆပ်ကမ်းကျသော၊ ရေမြေကောင်းသော သထုံကိုစွန့်ခွာ၍ အားကိုးရာမဲ့ချောင်ကျကြမ်းတမ်းသော ဆွေမျိုးမရှိ၊ သူစိမ်းများထံ အားကိုးဝံ့ ကြမည်မဟုတ်ဘဲ ရှိရင်းစွဲနယ်အနှံ့ သွေးတူ၊ ကိုးကွယ်မှုတူ၊ ဆွေးမျိုးပအိုဝ်းများထံ ချည်းကပ်သွားကြချည်း သာ ဖြစ်ဟန်တူသည်။

ထို့ကြောင့် မနုဟာမင်းမတိုင်မီကပင် ပအိုဝ်းများနယ်အနှံ့ပျံ့နှံ့နေထိုင်ခဲ့ကြောင်းမှာ ယုတ္တိနှင့်အထောက်အထားအရ ထင်ရှားသည်။ မနုဟာမင်း၏အုပ်ချုပ်မှုတစ်လျောက်လုံးကုန်းဘောင်ခေတ်၏နောက်ပိုင်းအထိ အင်္ဂလိပ်ကိုလိုနီခေတ်သို့တိုင်အောင် နှစ်ရာစုများစွာအတွင်း လူမျိုးခြားမင်းအဆက်ဆက်၏အုပ်ချုပ်မှု၊ အချင်းချင်းနယ်လုမှုအောက်တွင် တစ်ကွဲတစ်ပြားစီနေထိုင်ကြရပါလျှက် လူမျိုးမပျောက်ဘဲ ထေရဝါဒဗုဒ္ဓဘာသာအဖြစ် အခြေခိုင်နေခဲ့သည်မှာ မနုဟာမင်းမတိုင်မီကပင် နှစ်ထောင်ချီ၍ တစ်မင်းတစ်သာသာနာ ၏အောက်တွင် တစ်ပုံစံတည်းအသားကျအောင် ကျစ်လစ်ထူထောင်နိုင်မှု၏ ကျေးဇူပင်ဖြစ်ကြောင်းနှင့် ထိုကျစ်လစ်မှုကို ဆက်လက်ခိုင်မာစေရန်နှင့် ပြန့်ပွားစေရန် ဗုဒ္ဓဘာသာပအိုဝ်းလူမျိုးတိုင်း၏ တာဝန်တစ်ရပ်အနေဖြင့်ဆက်လက်ထမ်းဆောင်နိုင်ကြပါကုန်လော့။

ကိုးကား- တောင်ကြီးမြို့နယ်၊ နောင်ကားတောင်ကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဏိတ မဟာထေရ်၏ထေရုပတ္တိမှတ်တမ်းလွှာ။

နန်းစိန်ကျင်း (အွံအား)
Powered by Blogger.