Wednesday, September 5, 2018

''တက္ကသိုလ်ဝင်(ဆယ်တန်း)ကျောင်းသားဘဝမှာ ဘာကြောင့်အရေးကြီးရတာလဲ''

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်


မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းဘာသာရပ်များကို အဓိကအားဖြင့် ဇီဝဗေဒ၊ ဘောဂဗေဒတွဲနှင့် ဝိဇ္ဇာတွဲဟူ၍ သုံးမျိုးခွဲခြားထားပါသည်။ ဘာသာရပ်များအနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သချာင်္၊ စိတ်ကြိုက် မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်းဘာသာရပ်များဟူ၍ ရှိကြသည်။ ၎င်းမှ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်းနှင့် စိတ်ကြိုက်မြန်မာစာဘာသာရပ်များအနက် မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခုကိုသာ နဝမတန်းတွင် စတင်ရွေးချယ်သင်ယူကြပါသည်။ အများဆုံး ရွေးချယ်သင်ယူကြသည့်ဘာသာရပ်မှာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များဖြစ်ကြသည်။ နဝမတန်းအောင်စာရင်းထွက်ပြီးသည့်နှင့်တစ်ပြိုင်နက် အောင်မြင်သည့်ကျောင်းသားများသည် တက္ကသိုလ်ဝင်(ဆယ်တန်း)ဘာသာရပ်များကို စတင်လေ့လာရပါတော့သည်။ အချို့သောကျောင်းသားများသည် ကျောင်းမဖွင့်မီကပင် ကျူရှင်၊ ဘော်ဒါဆောင်၊ စာကျက်ဝိုင်း စသည်ဖြင့် ကြိုတင်အပ်နှံကြသူများလည်းရှိကြသည်။ ကျေးရွာများတွင်မှု ထိုကဲ့သို့မဟုတ်ကြပေ။ မိဘများ သားသမီးပညာရေးအပေါ်အလေးထားမှုအားနည်းခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းဖွင့်လှစ်သည့်အခါမှသာ တက္ကသိုလ်ဝင်ဘာသာရပ်များကို စတင်လေ့လာကြရသည်ကို တွေ့မြင်ရပါသည်။ ထို့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းအများစုသည် မြို့ပေါ်ကျောင်းသားများဖြစ်ကြသည်ကို တွေ့ရှိရပေမည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ''၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မသင်းမြနွေးမှ ရမှတ်ပေါင်း (၅၅၃)မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် အမှတ်အများဆုံးရရှိခဲ့ပြီး ရှမ်းပြည်နယ်၌ ခွန်အောင်ကျော်မိုးမှ ရမှတ်ပေါင်း (၅၄၄)မှတ်ဖြင့် အများဆုံးရရှိခဲ့ကြသည်'' ၎င်းတို့ရရှိခဲ့သည့် အခြေအနေများကို ပြန်လည်သုံးသပ်ရာတွင် မူလတန်း၊ အလယ်တန်းကတည်းကပင် ထူးချွန်ဆုများဖြင့် အောင်မြင်ခဲ့ကြသည်ကို တွေ့ရှိရပေမည်။ ထို့ကြောင့် မိဘများအနေဖြင့် မူလတန်း၊ အလယ်တန်းမှ မိမိ၏သား/သမီးပညာရေးအခြေအနေကို ဆန်းစစ်လေ့လာကာ ယခုတက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ရန်အတွက် ပြင်ဆင်သင့်သည်များကို သတိမူသင့်ပေသည်။

တက္ကသိုလ်ဝင်(ဆယ်တန်း)ကျောင်းသားတစ်ဦးဖြစ်သည့်အချိန်မှစ၍ ကျောင်းစာများကို မူလတန်း၊ အလယ်တန်းထက် အဆပေါင်းများစွာ လေ့လာကျက်မှတ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် အလယ်တန်းကဲ့သို့ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်စာမေးပွဲများ၏ ရမှတ်ဖြင့် အဆုံးအဖြတ်ပေးမည်မဟုတ်ပေ။ ဘာသာရပ်(၆)ခုတွင်ပါဝင်သည့် သင်ခန်းစာအားလုံးကို နောက်ဆုံးအတန်းတင်စာမေးပွဲတွင် ပြန်လည်ဖြေဆိုရခြင်းဖြစ်သည်။ ထို့အပြင် မိမိနေထိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရထုတ်သည့်မေးခွန်းမှလွှဲ၍  မိမိခန့်မှန်းလို့မရသည့် အခြားတိုင်းနှင့် ပြည်နယ်မှထုတ်သည့်မေးခွန်းများဖြင့် ဖြေဆိုရခြင်းဖြစ်သည်။ သင်ရိုးညွှန်းတမ်းစာအုပ်ပါအတိုင်း ပုံသေကျက်မှတ်၍လည်းမရပေ။ ''မေးခွန်းဟောင်း''ဆိုသည့်စကားလုံးသည် ယနေ့ခေတ်လူငယ်များအတွက် ထပ်မံလေ့လာရမည့်ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်ရပေမည်။ ၎င်းမေးခွန်းဟောင်းများ၏အရေးပါမှုသည် သင်ရိုးညွှန်းတမ်းတွင် မပါဝင်သည့် မေးခွန်းလှည့်ပြောင်းမှုပုံစံကို မျက်စိယဉ်အောင် လေ့လာတွက်ချက်မှတ်သားရခြင်းဖြစ်သည်။ မေးခွန်းဟောင်းလေ့လာမှု အားနည်းသည့်ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ယနေ့ခေတ်တွင် လူသုံးများ သောမိုလ်ဘိုင်းဖုန်းများကြောင့် မိမိသား/သမီး၏အနာဂတ်ပညာရေး၊ ကျန်းမာရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ဆယ်တန်းကျောင်းသားဘဝတွင် အလွန်များပြားသည့် ကျောင်းစာများကို လေ့လာမှတ်သားရသည့်အတွက် မိုလ်ဘိုင်းဖုန်းသုံးစွဲမှုကို မလျော့ချနိုင်ပါက အနာဂတ်တွင် မခန့်မှန်းနိုင်သည့် မျက်စိကျန်းမာရေး၊ အာရုံကြောနှင့်ပတ်သက်သည့်ရောဂါများ၊ စိတ်ဖိစီးမှုများခြင်း စသည်တို့ကို ဖြစ်ပွားစေနိုင်ပါသည်။ ''တောင်ကြီးမြို့၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စိတ်ဖိစီးမှုကြောင့် ဆယ်တန်း ကျောင်းသားတစ်ဦး စာမေးပွဲမဖြေဆိုမီ မိမိကိုယ်ကိုအဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ယနေ့အချိန်အခါတွင် အစိုးရစာသင်ကျောင်းများရှိ ဆရာ-ဆရာမများ၏ စာသင်ကြားမှုဖြင့် အမှတ်ကောင်းရရှိရန်မလွယ်တော့ပေ။ အချိန်အကန့်အသတ်ဖြင့် သင်ကြားရခြင်း၊ သတ်မှတ်ထားသည့်သင်ခန်းစာများကို ပြီးဆုံးအောင်သင်ကြားရခြင်း၊ ကျောင်းသားဦးရေများပြားသည့်အတွက် အရည်အသွေးပြည့်မီအောင် သင်ကြားပေးမှုမရှိခြင်း၊ ပုဂ္ဂလိကကျောင်း၊ ကျူရှင်များကဲ့သို့ ပြောဆိုဆက်ဆံမှုမရှိခြင်းစသည့်အခက်အခဲများစွာရှိနေသည်။ ထို့ကြောင့် ကျေးရွာရှိကျောင်းသားအများစုသည် စာမလိုက်နိုင်ခြင်း၊ ကျောင်းစာစိတ်ဝင်စားမှုသင်ယူလိုစိတ်အားနည်းလာခြင်း၊ စိတ်ဓာတ်ကျခြင်းစသည့်ပြဿနာများ ကြုံတွေ့လာရသည်။ လပတ်စာမေးပွဲ ဖြေဆိုရာတွင်လည်း အောင်မြင်မှုမရှိသည့် ကျောင်းသားများကို ကျောင်းအုပ်ကြီးမှ မိဘနှင့်တကွ တွေ့ဆုံလက်မှတ်ထိုးရပြန်သည်။ ၎င်းမိဘများသည် မိမိသား/သမီး၏ပညာရေးအခြေအနေကို အကဲခတ် လေ့လာမှုမရှိပဲ မိမိစားဝတ်နေရေးကိုရှေ့တန်းတင်ကာ ဆဲဆိုကြိမ်းမောင်းကြပြန်သည်။ ထို့ကြောင့် ကျေးလက်ဒေသရှိကျောင်းသားများ စာသင်နှစ်တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းမှနုတ်ထွက်ကြသည်ကို တွေ့မြင်နေရဆဲဖြစ်သည်။

"ဆယ်တန်းကိုဖြတ်ကျော်နိုင်ရန် ကျောင်းသားတစ်ယောက်တည်းကိုဘဲ အားကိုး၍မရနိုင်ပါ" မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းမှသာ အောင်မြင်နိုင်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသုံးဦးတွင် မိဘဖက်မှ ချွတ်ယွင်းလျှင် ဆရာဖက်မှအားထုတ်ရသကဲ့သို့ ဆရာချွတ်ယွင်းလျှင်လည်း မိဘဖက်မှ ကျောင်းသား၏ စာလိုက်နိုင်မှုကို ဆန်းစစ်ရပြန်သည်။ ကျောင်းသား၏ ဉာဏ်ရည်လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်အောင် မိဘများမှဖိအားပေးလျှင်လည်း မဖြစ်သင့်သည့်အရာများ ဖြစ်လာနိုင်ပေသည်။ ''တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့၍ စိတ်ဓာတ်ကျဝမ်းနည်းကာ နည်းလမ်းမျိုးစုံဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမျိုးကိုလည်း နှစ်စဉ်မြင်တွေ့နေရသည်'' ထို့ကြောင့် မိဘများအနေဖြင့် တက္ကသိုလ်ဝင်တန်းပညာသင်နှစ်ကို စီးပွားရေးထက်အလေးထားပြီး မိမိသား/သမီး ရမှတ်ကောင်းများရရှိစေရန်နှင့် အောင်မြင်စွာကျော်ဖြတ်နိုင်ရန်အတွက် စာကြည့်ချိန်ကို နည်းစနစ်တကျသတ်မှတ်ပေးခြင်း၊ ကျွမ်းကျင်တတ်မြှောက်သည့် ဆရာ-ဆရာမများထံပြောင်းလဲပို့ဆောင်ပြီး အချိန်ပြည့်ကြပ်မတ်နိုင်ရန် လိုအပ်ပေသည်။

တက္ကသိုလ်ဝင်(ဆယ်တန်း)ကျောင်းသားဘဝတွင် ဘာသာရပ်(၆)ခုကို မျှတစွာလေ့လာကျက်မှတ်ရပေသည်။ မိမိထူးချွန်သည့် ဘာသာရပ်တစ်ခုတည်းကိုသာ ကျက်မှတ်၍မရပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းထူးချွန်သည့်ဘာသာ၏ရမှတ်ဖြင့် အခြားကျရှုံးသည့်ဘာသာရပ်များကို အမှတ်ဖြည့်ဆည်း၍မရနိုင်ပေ။

''(၃)ဘာသာဂုဏ်ထူးဖြင့် ကျရှုံးသည့်ကျောင်းသားများကိုလည်း သာဓကအဖြစ်တွေ့မြင်နိုင်ပေသည်'' ထို့ကြောင့် ဘာသာရပ်တစ်ခုကိုသာ ဂုဏ်ထူးရရှိရန် ဖြေဆို၍မရပဲ ဘာသာရပ်(၆)ခုကို အောင်မြင်အောင် ဖြေဆိုနိုင်ရန် အရေးကြီးသည်။ တက္ကသိုလ်ဝင်(ဆယ်တန်း)ကျောင်းသားအများစုကို မေးမြန်းရာတွင် "ဘဝရည်မှန်းချက်" ပျောက်ဆုံးနေသည်ကို တွေ့ရှိရသည်။ အသက်အရွယ်အရ ရည်မှန်းချက်မရှိသည်မှာလည်း မထူးဆန်းလှပေ။ ၎င်းသည် မိဘဖြစ်သူ၏ဆိုဆုံးမမှုအပေါ်တွင် များစွာသက်ရောက်နေပေသည်။ ''ကျွန်တော်/ကျွန်မ ကြီးလာရင် သူတို့လိုအင်ဂျင်နီယာဖြစ်ရမယ်၊ ဆရာဝန်ဖြစ်ရမယ်၊ သဘောင်္သား ဖြစ်ရမယ်''စသည့် စိတ်အားထက်သန်စေသည့် တွေးခေါ်မှုမျိုး သွန်သင်ပေးမှုမရှိကြခြင်းဖြစ်သည်။ ကျေးလက်ဒေသတွင်မှု ''နင်ဘွဲ့ရလည်း ခြံပဲလုပ်ရမှာ၊ နင့်စာတွေက ဘာမှအသုံးမဝင်ဘူး၊ မြန်မာပြည်မှာ ဘာမှလုပ်စားလို့မရဘူး'' စသည့် အတွေးအခေါ်ကိုလွှဲမှားစေသည့် စကားလုံးများသည် ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည်ကို မိဘများအနေဖြင့် သတိပြုသင့်ပေသည်။ ထို့ကြောင့် ရည်မှန်းချက်မရှိသော ကျောင်းသားများသည် ဘာသာရပ်များအပေါ် အလေးထားသင်ကြားမှု မရှိသည်ကိုလည်း တွေ့ရှိရသည်။

"တက္ကသိုလ်ဝင်ဆယ်တန်းစာမေးပွဲ၏ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ဂုဏ်ထူးများထွက်၍ အမှတ်များစွာ ရရှိခြင်းတို့သည် ကျောင်းသားတစ်ဦး၏ အနာဂတ်ဘဝအတွက် အရေးမကြီးဟုလည်း မဆိုနိုင်ပါ" ယနေ့ခေတ်တွင် အဆင့်မြင့်တက္ကသိုလ်၊ ပညာရေးကောလိပ်ကျောင်းများတက်ရောက်ရာ၌ သတ်မှတ်ထားသည့်ရမှတ် ရရှိမှသာ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ကျောင်းသားများအနေဖြင့် မိမိရရှိသည့် အမှတ်စုစုပေါင်းသည် မိမိတက်ရောက်ချင်သည့်တက္ကသိုလ်၊ မိမိလိုချင်သည့်မေဂျာရရှိအောင် သတ်မှတ်ထားသည့်အမှတ်ထက် လျော့နည်းနေသော်လည်း မရေရာသည့်မေဂျာတစ်ခုကို အပင်ပန်းခံလျှောက်လွှာတင်ရင်း ဆုတောင်းစောင့်မျှော်နေကြရသည်ကို တွေ့ရှိရပေသည်။ ထို့အပြင် ယနေ့ခေတ် အစိုးရဝန်ထမ်းခေါ်ယူရာတွင်လည်း အသက်အကန့်အသတ်ရှိခြင်း၊ ရာထူးတိုးဝန်ထမ်းအတွက် လုပ်သက်အလိုက်ခေါ်ယူခြင်း စသည့်အချက်များသည် တက္ကသိုလ်ဝင်(ဆယ်တန်း)နှစ်ခြင်းပေါက်အောင်မြင်ရန် လိုအပ်ပုံကို ဖော်ပြနေပေသည်။

နောက်ဆုံးအနေနှင့် အကြံပြုလိုသည်မှာ အခက်အခဲတိုင်း၏နောက်ကွယ်တွင် အောင်မြင်မှုပန်းတိုင် ဧကန်အမှန်ရှိနေသည်မှာ လောက၏သဘာဝတရားတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် အနာဂတ်တွင် မိမိ၏လူမျိုးအကျိုး၊ နိုင်ငံအကျိုးအတွက်များစွာအကျိုးသက်ရောက်စေခြင်းကြောင့် လူမျိုး၊ ဘာသာမရွေးဝိုင်းဝန်းမြှင့်တင်ကြရန်လိုပေသည်။ တက္ကသိုလ်ဝင်တန်းပညာသင်နှစ်သည် ဘဝလမ်းကြောင်းပြောင်းလဲရာ၌ အရေးပါသည့်အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်သည့်အတွက် ''တက္ကသိုလ်ဝင်(ဆယ်တန်း)ကျောင်းသားဘဝ၏အရေးကြီးပုံ''ကို မိဘပြည်သူများသတိပြုမိစေရန်နှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်ရန် ကြိုးစားနေသည့် မိမိ၏သား/သမီးများကိုလည်း အချိန်ပြည့်လေ့လာ ကြပ်မတ်ပေးရန်လိုအပ်ပြီး ရမှတ်ကောင်းဖြင့် နှစ်ခြင်းပေါက်အောင်မြင်စွာ ဖြေဆိုနိုင်ရန်အတွက် ဂရုတစိုက်အလေးထားဖေးမှကူညီကြစေလိုကြောင်း တိုက်တွန်းလိုက်ရပါသည်။ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေ.........။

မျင်,မိုရ်;ခွန်
Powered by Blogger.