Tuesday, September 4, 2018

ဖက်ကွန်ရွာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ သြဝါဒ ခံယူပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်





တောင်ကြီးမြို့နယ် (အွိုင်;ဖက်ကွံ;၊ အွိုင်;နောင်ဒေ;၊ အွိုင်;တနွိုင်ယွေး၊ အွိုင်;မူ;ရာ) အတွင်းရှိ ကျေးရွာပေါင်း (၂၇)ရွာမှ ဒေသခံမိဘပြည်သူများအား ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင်(ဘုရားဒါယကာ) ဖြားတန်စင်ဖါအောင်ခမ်းထီ၏ သြဝါဒ ဆိုဆုံးမမှုများကို နာယူနိုင်ရန်အတွက် ဖက်ကွန်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒန္တဝါရိန္ဒက ဒီကနေ့ စက်တင်ဘာလ(၄)ရက်၊  ဖက်ကွန်ကျေးရွာ၊ ဓမ္မသုတကျောင်းတွင်  ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ သြဝါဒ ခံယူပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သြဝါဒခံယူပွဲတွင် တက်ရောက်လာကြသော ဒေသခံမိဘပြည်သူများက ကျောင်းပေါင်း(၁၀)ကျောင်းမှ ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်များက ပရိတ်တရားတော် ပို့သပေးခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်အား ရိုသေကန်တော့ခြင်း၊ ဆရာတော်များထံမှ သြဝါဒ ခံယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသြဝါဒခံယူပွဲ၌ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်းခမ်းထီက “လူဟုဖြစ်လာလျှင် နေ့စဉ်နှင်အမျှ ကုသိုလ်၊ ဥစ္စာ၊ ပညာ တို့ကို တစ်ခုမဟုတ်တစ်ခု ရရှိအောင် လုပ်ဆောင်နေရမည် ဖြစ်ကြောင်း၊ နေ့တစ်နေ့တွင်  ဤ(၃)ခုကို တစ်ခုမျှမရပါက အဆိုပါနေ့ရက်သည် အလကားအချည်းနှီးသာဖြစ်ကြောင်း၊ အချိန်နှင့် ဒီရေ လူကိုမစောင့် ဟူသော အင်္ဂလိပ်စကားပုံအရ နေ့စဉ်နှင့်အမျှ အဆိုပါ(၃)ကို လုပ်ဆောင်နေရမည် ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးသည် ရှေ့ကျသော လူမျိုးဖြစ်ပြီး အချို့(ဘက်မလိုက်သော) သုတေသီများက ပျူလူမျိုးမှ ဆင်းသက်လာသည်ကို အသိအမှတ်ပြုခဲ့ကြောင်း၊ ရှေးအခါက မိမိတို့ပအိုဝ်းလူမျိုးများသည် နိုင်ငံရေးအမြင် အားနည်းခဲ့မှုကြောင့် မိမိတို့ ပအိုဝ်းမျိုးဆက်များက ဘဝအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို သင်ခန်းစာယူသင့်ပြီ ဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုး၊ ဘာသာ၊ သာသနာထွန်းကားရန်အတွက် မိမိတို့စာပေများကို တွင်တွင်ကျယ်ကျယ် ပြန်လည်အသုံးပြုရန် လိုအပ်ကြောင်း၊ ထို့ပြင် အစိုးရဌာနဆိုင်ရာများတွင် မိမိတို့ပအိုဝ်းမျိုးဆက်သစ်များ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့မိဘပြည်သူများအတွက် ဆွေးနွေးတိုင်ပင်ရာတွင် ပိုမိုလွယ်ကူလာမည် ဖြစ်ကြောင်း စသဖြင့် အမျိုး၊ဘာသာ၊သာသနာရေးရာကိစ္စများနှင့် ပတ်သက်၍ တိုက်တွန်း ဆုံးမစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်ကလည်း ၂၀၁၀ခုနှစ်မှ ယခု ၂၀၁၈ခုနှစ်အထိ မိမိအနေဖြင့် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိရရှိခဲ့သော အတွေ့အကြုံများ၊ မိမိအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရန် ရည်ရွယ်ထားသော လူမှုဖူလုံရေး လုပ်ငန်းများကို လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ သြဝါဒခံယူပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ (ခမ်း၊နယ်;၊ အွိုင်;)မှ လူကြီးမင်းများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်စု(၄)စုရှိ ရွာပေါင်း(၂၇)ရွာမှ ရပ်မိရပ်ဖများ လူဦးရေ(၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.