Sunday, July 21, 2019

ဆီဆိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၏ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီး၏ ပြန်လည်ဖြေကြားချက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်

Photo - MRTV

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခွန်သန်းထူးမှ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု ပန်အွန်း - နောင်အယ် ကျေးရွာချင်းဆက် မြေသားလမ်း(၇)မိုင်နှင့် နောင်အယ်မှ လွယ်ဆောင် - ထီကလီး - ကောင်ထိန်အထိ ကျေးရွာချင်းဆက် မြေသားလမ်း(၆)မိုင် စုစုပေါင်းလမ်းအရှည်(၁၃)မိုင်သည် လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် လမ်းအကျယ်ပေအတိုင်း တိုးချဲ့ဖောက်လုပ်ပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ စပ်လျဉ်း၍ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါသဖြင့် ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးမှ ပြန်လည်ဖြေကြားသည်မှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ ပန်အွန်း - နောင်အယ် - မြေသားလမ်း(၇)မိုင်နှင့် နောင်အယ်မှ လွယ်ဆောင် - ထီကလီး - ကောင်တိန်းအထိ မြေသားလမ်း(၆)မိုင်၊ စုစုပေါင်း ကျေးရွာချင်းဆက်မြေသားလမ်းအရှည် (၁၃)မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။

အဆိုပါ မြေသားလမ်းတို့၏ လက်ရှိအခြေအနေမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပန်အွန်း - နောင်အယ်လမ်းပိုင်း(၇)မိုင်အနက် ကျောက်ချောလမ်း(၂)မိုင် ဆောင်ရွက်ထားပြီး နောင်အယ်ကျေးရွာအထိ ဆက်လက်ဆောင်ရွက်ရန် မြေသားလမ်း(၅)မိုင် ကျန်ရှိပါသည်။ ၎င်းမြေသားလမ်း(၅)မိုင်နှင့် နောင်အယ်- ကောင်တိန်းမြေသားလမ်း(၆)မိုင်၊ စုစုပေါင်း(၁၁)မိုင်မှ မြေသားလမ်း(၇)မိုင် ဖောက်လုပ်ရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါသည်။ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ပန်အွန်းကျေးရွာကို အမှီပြု၍ လွယ်ဆောင် - နောင်အယ် - ထီကလီး - ကောင်တိန်း ကျေးရွာတို့မှ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ တိုးတက်လာမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပန်အွန်း - နောင်အယ် လမ်းပေါ်ရှိ မြေသားလမ်းဖောက်လုပ်ရန် ကျန်ရှိသည့်လမ်းပိုင်း (၅)မိုင်အား ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်ကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်နှင့် အဆိုပါဒေသနေပြည်သူများသိရှိစေရန် အသိပေး ရေးသားတင်ပြအပ်ပါသည်။

လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.