Thursday, July 4, 2013

ပအိုဝ်းအမျိုးသားအလံ

ပအိုဝ်းအမျိုးသားများပထမဦးဆုံးအသုံးပြုခဲ့သောအလံမှာ ၁၉၂၈ ခုနှစ်၊ ဖြားတန်ကောင်ခဲ ဦးဆောင်သော ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးအလံဖြစ်သည်။ ၄င်းအလံ သည်
အလျား(၉)ပေ၊အနံ(၅)ပေရှိသော အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်း ဘက်သို့ မျက်နှာမူထားသော ထိုင်နေသည့် ခြင်္သေ့ပုံ ပါရှိသည်။ အစိမ်းရောင်၏အဓိပ္ပါယ်မှာ နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ရွှင်လန်းခြင်းနှင့် အေးချမ်းသာယာခြင်းကို ဖော်ဆောင် သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိမ်မွေ့ နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သော သဘောကိုဆောင်ပါသည်။ ခြင်္သေ့သည် ခွန်အားကြီးမား၍ လျင်မြန်သွက် လက်ပေါ့ပါးစွာ လှုပ်ရှားနိုင်သော အစွမ်းရှိသည်။

ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမှုများ စတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေးရရှိရန် အပူတပြင်း ကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၆ ခုနှစ်၊ ပထမပင်လုံညီလာခံနှင့် ၁၉၄၇ ခုနှစ်တွင် ဒုတိယပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန် တောင်တန်းဒေသတိုင်းရင်းသားများနှင့် သဘောတူညီမှုရရှိခဲ့သည်။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၄၆ ခုနှစ်တွင်တောင်ကြီးဒေသ၊ ဟိုပုံးဒေသ၊ လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကို စတင်စည်းရုံးခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွိုင်ဗူ (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပအိုဝ်းလွိုင်ဗူဥက္ကဌအဖြစ် ဦးဖိုးခင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးခမ်းခိုင် အားလည်းကောင်း ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွိုင်ဗူ (ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏ အလံမှာ အလျား(၉)ပေ၊ အနံ(၅)ပေရှိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏ အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏အလယ်တွင် ယခင်အသုံးပြုခဲ့သော ခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပအိုဝ်းလွိုင်ဗူ (ခေါ်) ပအိုဝ်း စုစည်းအဖွဲ့အစား ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့် ပအမဖ ကို အမည်ပြောင်းလဲ၍ အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပအမဖ ၏ ဥက္ကဌအဖြစ် ဗိုလ်ဟိန် မောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြောက် တာဝန်ပေးအပ်ခဲ့ကြသည်။

၁၉၅၀ ပြည့်နှစ်မှစ၍ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအပဖ) အမှုဆောင်များနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်အထူးလိုအပ်လှသော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေကို ပြုစုရေးဆွဲခဲ့ ကြပါသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေတွင် နိဒါန်း၊ အခန်းရှစ်ခန်းနှင့် နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း (၁) အပိုဒ် (၃)တွင် အလံတော်၏အချိုးမှာ အလျား(၉)ပေ၊ အနံ(၅)ပေ အချိုးဖြစ်၍ အလံတော်၏ ထက်ဝက် (၂ပေ၊ ၆ လက်မ) အောက်ခံသည် အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက် အပြာရင့်ရောင်၏ အလျား(၄ပေ၊ ၆လက်မ)၊ အနံ(၂ပေ၊ ၆လက်မ) ရှိရမည်။ အပြာရင့်ရောင်၏ အထက်ထောင့်စွန်းတွင် အချင်းတစ်ဆယ့်ရှစ်လက်မ ကြယ်ဖြူကြီးတစ်လုံး ပါရှိရမည်။ ဤအလံတော်မှာ ယာယီသတ်မှတ်ချက် ဖြစ်သည်ဟူ၍ ဖော်ပြပါရှိခဲ့သည်။

ပအိုဝ်းအမျိုးသားအလံတော်ပါ ကြယ်နှင့် အရောင်များ၏အနက်အဓိပ္ပါယ် ဖော်ညွန်းချက်းများမှာ ကြယ်၏အဓိပ္ပါယ်မှာ ကြယ်တို့မည်သည် လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ သွားမြဲခရီးကိုမစွန့် ခရီးစဉ်အတိုင်း ရှေ့သို့သာဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာကြီးဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ရှိခြင်း စသည့်အရည်အသွေးများ ရှိသည့်အပြင် ပအိုဝ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြု၍ တစ်လုံးတည်းသော ကြယ်ကို သတ်မှတ်ရခြင်း ဖြစ်သည်။ အစိမ်းရင့်ရောင်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်းရှိခြင်း အဓိပ္ပါယ်ကိုဆောင်သည်။ အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သွတ်လက်ဖျက်လတ်ခြင်း အဓိပ္ပါယ်ဆောင်သည်။ အပြာရင့်ရောင်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း အဓိပ္ပါယ်ဆောင်သည်။ အလံ၏အရွယ်များမှာ ကြီးငယ်မဟူ ထိုအမျိုးအစား အတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီရမည်ဖြစ်သည်။ အထက်ပါ ပအိုဝ်းအမျိုးသားအလံတော်ကို ၁၉၅၅ ခုနှစ်၊ ဇန်န၀ါရီလ( ၅ ) ရက်နေ့ နှင့် ( ၆ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( ပအမဖ ) ညီလာခံမှ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

Powered by Blogger.