Wednesday, August 21, 2013

မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒုတိယအကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး နေပြည်တော်တွင် ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၀)

မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒုတိယအကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို နေပြည်တော် MICC  (မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန) ၌ ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ(၂၀) ရက်နေ့ ညနေ(၄း၀၀) အချိန်တွင် ကျင်းပသည်။

မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒုတိယအကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန်းဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာကော်မတီဥက္ကဋ္ဌ ဦးနေ၀င်းထွန်းနှင့်အဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ စုစုပေါင်း (၂၃၀) ဦးကျော် တက်ရောက်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းက ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ သ၀ဏ်လွှာအား ဖတ်ကြားခြင်းနှင့် အဖွင့်အမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ သ၀ဏ်လွှာကို အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က ဖတ်ကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက ဖောင်ဒေးရှင်း လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးလှဆွေ က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းခြင်း၊ အမည်စာရင်း ဖတ်ကြားတင်ပြခြင်းနှင့် တစ်နှစ်တာအတွင်း အသေးစိတ် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံ ပတ္တမြားနဂါး သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနေ၀င်းထွန်းမှ အသင်းသား အတည်ပြုလက်မှတ်နှင့် အသင်းဝင် စီစစ်ရေးကတ်ပြားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများအား ပေးအပ်သည်။ အဆိုပါအခမ်းအနားသည် ညနေ(၁၇း၅၀) တွင်ပြီးစီး၍ အခမ်းအနား တက်ရောက်လာကြသူများအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
















Powered by Blogger.