Thursday, August 22, 2013

မူးယစ်ဆေးဝါး ဖမ်းဆီးရင်း (ရဲ) အရာခံဗိုလ်တစ်ဦး သေနတ်ဒဏ်ရာ ရရှိ

တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်

ကလောမြို့နယ်တွင်း မူးယစ်ဆေး (ဆေးပြား) ဖမ်းဆီးရမှုနှင့် ဆက်နွယ်ပြီး သတင်းအရ ဟိုပုံးမြို့၊ တောင်ရပ်၊ နယ်မြေ (၅)၊ ကုန်းသာရွာ သွားလမ်းအနီးရှိ အာရီ (ခ) စိုင်းရီ၏ နေအိမ်ကို ရဲတပ်ဖွဲ့မှ (၂၀.၈.၂၀၁၃) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် သွားရောက် ၀ိုင်းရံ ရှာဖွေမှု ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲတပ်ဖွဲ့တွင် တောင်ကြီး မူးယစ်အဖွဲ့မှ ရဲအုပ်သန်းဝင်း ဦးဆောင်လျက် ရဲ (၆) ဦးနှင့် ဟိုပုံး ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းစိုး နှင့် ရဲ (၃) ဦး စုစုပေါင်း ပါဝင်သည်။

ရှာဖွေ ဖမ်းဆီးရေး ဆောင်ရွက်ရာတွင် နယ်မြေ (၅) မှ ရပ်ကွက်လူကြီး (၃) ဦးကို ခေါ်ယူပြီး အာရီ (ခ) စိုင်းရီ၏ နေအိမ်သို့ ၀င်ရောက်ရာ ၄င်းမှ သေနတ်ဖြင့် (၁) ချက် ပစ်ခတ်သဖြင့် မူးယစ်မှ အရာခံဗိုလ် ဌေးနိုင်ဦး ၏ ညာဘက်ပခုံးကို ရှပ်ထိမှန် လဲကျသွားသောကြောင့် အခြေအနေ ရှုပ်ထွေးနေစဉ် တရားခံမှာ ထွက်ပြေးသွား ခဲ့ပါသည်။

ထွက်ပြေးသွားသော တရားခံအား ရဲများမှ သေနတ် (၃) ချက် ပစ်ဖေါက် ဟန့်တားသော်လည်း ရပ်တန့်မသွားပဲ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါသည်။

သေနတ်ဒဏ်ရာ ရရှိသူမှာ အနည်းငယ်သာ ရှပ်မှန်ခြင်း ဖြစ်သောကြောင့် စိုးရိမ်စရာ မရှိဟု ကြားသိရပါသည်။ ထွက်ပြေးသွားသူ အာရီ (ခ) စိုင်းရီ၏ နေအိမ်တွင် အခြား မည်သည့်ပစ္စည်းမှ ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်းလည်း သိရပါသည်။

အာရီ (ခ) စိုင်းရီသည် အသက်(၃၅)နှစ်ခန့်ရှိ၍ ရှမ်းလူမျိုးဖြစ်ပြီး၊  ကျောက်တန်း၊ ဘော်ကုန်းကျေးရွာအုပ်စု၊
 ဟွေ့ယေးရွာဘက်တွင် နေထိုင်ခဲ့သူ ဖြစ်ကြောင်းနှင့် ၄င်းကိုင်ဆောင်သော သေနတ်မှာ (၁) ထောင့်ထိုး လုပ်သေနတ် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။
Powered by Blogger.