Sunday, September 1, 2013

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့

လက်မှုပညာ၊ နှုတ်မှုပညာနှင့် ဂီတသုခုမ အနုပညာရပ်တို့နှင့် ဆိုင်သော ယဉ်ကျေးမှုသည် သိမ်မွေ့နက်နဲ ခက်ခဲသည် ဖြစ်၍ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မဆောင်ရွက်နိုင်ချေ။ စာပေ ယဉ်ကျေးမှု လုပ်ငန်းများမှာ ကြီးလေး ကျယ်ပြန့်သည့် အလျှောက် လုပ်ဆောင်ရာ၌ ငွေအား လူအား စုပေါင်းအင်အားနှင့် စုစည်းညီညွတ်မှုများ ရှိမှသာလျှင် ဆောင်ရွက်နိုင်ပါသည်။ လူအားအတွက် အသင်းအဖွဲ့ ဖွဲ့စည်းရန် လိုအပ်သဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စုစည်းကြသည်။ တစ်ယောက် အားနှင့် ယူသော်မရ၊ အများအားနှင့် ယူသော်ရ၏ ညီညွတ်ခြင်းသည် အင်အား၊ သမဂ္ဂါနံတပေါ သုခေါ ဟူသော အဆိုအမိန့်များနှင့် အညီ ဆောင်ရွက် လုပ်ကိုင် ခဲ့ကြသည်။
၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူနိုင်ရန် တိုင်းရင်းသား လူမျိုးပေါင်းစုံ တက်ရောက်သော ပင်လုံညီလာခံ ကျင်းပခဲ့သည်ကို အကြောင်းပြု၍ ထိုရက်ထိုနေ့အား ပြည်ထောင်စုနေ့ ဟု သတ်မှတ်၍ သမိုင်းမှတ်တိုင် စိုက်ထူခဲ့ကြသည်။
ပင်လုံညီလာခံ ကျင်းပပြီးနောက် လွတ်လပ်ရေးရရှိရန် ရေးဆွဲသော ၁၉၄၇-ခုနှစ်၊ အခြေခံ ဥပဒေတွင် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးနှင့် ပတ်သက်၍ (၁) လူတို့၏ အခွင့်အရေး၊ (၂) လူမျိုးနှင့် ယဉ်ကျေးမှု အခွင့်အရေး၊ (၃) ယဉ်ကျေးမှုတွင် မိမိတို့၏ စရိုက်အရ  ပြဌာန်းနိုင်ခွင့် နှင့်တကွ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံ နိုင်သော အခွင့်အရေး၊ (၄) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး တို့ကို ရေးဆွဲပြဌာန်း ခဲ့သည်။
၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၆၂-ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်မှ ကာကွယ်ရန် တော်လှန်ရေးကောင်စီ အစိုးရ တက်ရောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေးပါတီနှင့်  အဖွဲ့အစည်းများ အားလုံးကို ဖျက်သိမ်းပြီးနောက် တစ်ပါတီစနစ်ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ကာ လူမျိုးစုအရေးနှင့် ပတ်သက်သည့် ခံယူချက်များကို ထုတ်ပြန်ခဲ့သည်။
၁၉၆၄-ခုနှစ်၊ မန္တလေးမြို့တွင် ကျင်းပခဲ့သော (၁၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးများ အရေးနှင့် ပတ်သက်၍ အစိုးရ၏ အမြင်နှင့် သဘောထား ခံယူချက်တို့ကို မိန့်ကြားခဲ့သည်။ တော်လှန်ရေး ကောင်စီ၏ ခံယူချက်နှင့် သဘောထား အပိုဒ် (၂)၊ အပိုဒ်ခွဲ (ခ)တွင် -
“တိုင်းရင်းသား လူမျိုးအသီးသီး၏ ထူးခြားသော အခြေအနေ အရ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ခွင့် ပြုရမည့် အချက်များ ဆိုရာ၌ တိုင်းရင်းသား လူမျိုးအသီးသီး တို့သည် မိမိတို့ မြတ်နိုး ချစ်ခင်သည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာနှင့် စောင့်ထိန်းအပ်သည့် ဓလေ့ထုံးစံ များကို သီးခြား ဆောင်ရွက်နိုင်ခွင့် ရှိရပါမည်။
သို့ရာတွင် ထိုသီးခြား ဆောင်ရွက်ခြင်းသည် ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးရာ ရောက်ပါက လုံးဝရှောင်ကြဉ် သင့်ပါသည်။ ထို့အပြင် မိမိတို့၏ သီးခြား ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုး (သို့မဟုတ်) အများစုအား ထိခိုက်နစ်နာစေမည် ဆိုပါက ပြန်လည် ညှိနှိုင်း၍ ပြေလည်မှု ရရှိပြီးမှသာ ဆောင်ရွက်ရပါမည်” ဟု မိန့်ကြားခဲ့သည်။
၁၉၆၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ (၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ အကြိုနေ့တွင် ဥက္ကဋ္ဌ ဦးတင်အေး၊ အတွင်းရေးမှူး ဦးစိုးသိမ်း ဦးဆောင်သော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုန်ကို စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ ကော်မတီ၏ လက်အောက်တွင် ဆပ်ကော်မတီ အသီးသီးဖြင့် ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ၊ ကယားတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ၊ ကရင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ၊ ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ၊ ဗမာတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ၊ မွန်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ၊ ရခိုင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ တို့ကို ဖွဲ့စည်းထားသည်။
သို့သော် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများစုနေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီကိုမူ ပြောဆိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်   ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ၊ နိုင်ငံတော်ကောင်စီဝင် (ရှမ်းပြည်နယ်) ဦးတင်ဧမှ ကျေးဇူးဥပကာရ ပြုမှုဖြင့် သီးခြားဖွဲ့စည်းခွင့် ရရှိခဲ့သည်။ သို့ဖြစ်၍ တက္ကသိုလ်များ ရန်ကုန်တွင် စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီ (၉)ခု ဖွဲ့စည်းနိုင်ခဲ့သည်။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုန်မှာ တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စု အတွင်း၌ အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် အတူတကွ  နေထိုင်သွားကြရန်၊ တစ်ဦး၏ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုကို ကျန်ပုဂ္ဂိုလ်များက လေးစားမြတ်နိုး နိုင်ကြရန်၊ ပြည်ထောင်စု တိုင်းရင်းသားများ၏ သွေးစည်း ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက္ကသိုလ်များရှိ တိုင်းရင်းသားများ အတွင်း၌ အခိုင်အမာကျင့်သုံး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တိုင်းရင်းသား အချင်းချင်း အထင်လွှဲမှား စေမှုများ၊ ယုံမှားသံသယ ဖြစ်မှုများ ကင်းရှင်းရေးကို ကြိုးပမ်းရင်း တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို အစွမ်းကုန် ကြိုးစားဆောင်ရွက်ရန် ဟူသော မွန်မြတ်သော ရည်ရွယ်ချက်များ ထားရှိခဲ့သည်။
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ လုပ်ငန်းများမှာ တိုင်းရင်းသား ပေါင်းစုံတို့၏ စာပေနှင့် ယဉ်ကျေးမှု များကို ၀ိုင်းဝန်း ဖော်ထုတ် ပြုစုပျိုးထောင်ရေး၊ တစ်ဦးနှင့်တစ်ဦး ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှု များကို တန်ဖိုးထား လေးစားမှု ပြုလာရေး၊ ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒအမြင်များ ပပျောက်သွားရေးနှင့် စီးပွားရေး စနစ်ပေါ်တွင် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှု တည်ဆောက်ရေး စသည်တို့ဖြစ်သည်။
၁။    ၁၉၆၅-ခုနှစ်၊  ရန်ကုန်တက္ကသိုလ်  ပအိုဝ်း တိုင်းရင်းသား စာပေနှင့်  ယဉ်ကျေးမှု     ဆပ်ကော်မတီကို     ဖွဲ့စည်းခဲ့သည်။
၂။    ၁၉၇၁ - ခုနှစ်၊  စက်တင်ဘာလ (၂၅) ရက်နေ့တွင်  တောင်ကြီးဒေသကောလိပ် (ယခုတောင်ကြီးတက္ကသိုလ်)  ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။
၃။    ၁၉၇၁-ခုနှစ်၊  မော်လမြိုင်ကောလိပ်  ပအိုဝ်းတိုင်းရင်းသား စာပေနှင့်  ယဉ်ကျေးမှု ကော်မတီကို  ဖွဲ့စည်းနိုင်ခဲ့သည်။
၎။    ၁၉၇၃ - ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား    စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။
၅။ ၁၉၇၉-ခုနှစ်၊ ပျဉ်းမနားရေဆင်းစိုက်ပျိုးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှု ကော်မတီကို ဖွဲ့စည်းခဲ့သည်။

မြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ


ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး တို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ကာကွယ် စောင့်ရှောက်ပေးရန် လိုအပ်လာသဖြင့် ၁၉၇၄-ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂)၊ အခြေခံမူများ အပိုဒ် (၂၁) အပိုဒ်ခွဲ (ခ) တွင် “တိုင်းရင်းသား လူမျိုးများသည် မိမိတို့ ကိုးကွယ်သည့် ဘာသာနှင့် ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တို့ကို ဥပဒေများနှင့် ဖြစ်စေ၊ အများအကျိုးနှင့် ဖြစ်စေ မဆန့်ကျင်လျှင် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြုစုပျိုးထောင်ခွင့်၊ ပြောဆိုရေးသား ကျင့်သုံးခွင့်ရှိသည်”ဟူ၍ ရေးဆွဲပြဌာန်း ထားသည်။
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီ အစိုးရ၏ တိုင်းရင်းသား လူမျိုးများအပေါ် အမြင်နှင့် သဘောထားခံယူချက် အရသော်လည်းကောင်း၊ ၁၉၇၄-ခုနှစ်တွင် ရေးဆွဲပြဌာန်းသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သော်လည်းကောင်း၊ မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များကို  မြို့နယ်အလိုက် စည်းရုံးဖွဲ့စည်းရန် လိုအပ်လာခဲ့သည်။

၁။ တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တော်သည် ပအိုဝ်းတိုင်းရင်းသားတို့ အများဆုံး စုဝေးနေထိုင်ရာ ဗဟိုအချက်အချာ ကျသော ဒေသဖြစ်သည်။ ပအိုဝ်းလူဦးရေမှာ မြို့နယ်တွင် အခြားလူမျိုးများထက် ထက်ဝက်ကျော် (တစ်သိန်းခွဲ) ခန့်ရှိသည်။
(က)    ၁၉၇၂-ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၇၃-ခုနှစ်၊ သြဂုတ်လ ( ၁၂ ) ရက်နေ့တွင် ပါတီယူနစ်နှင့်     ရှမ်းပြည်နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ တို့၏ သြ၀ါဒကို ခံယူခဲ့သည်။
(ခ)    ၁၉၇၃-ခုနှစ်တွင် တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
(ဂ)    ၁၉၇၈-ခုနှစ်တွင် တောင်ကြီးမြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို အသစ်ပြန်လည်     ဖွဲ့စည်းခဲ့သည်။
(ဃ)    ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် အလုပ်အမှုဆောင်များကို ထပ်မံရွေးချယ်၍     တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
(င)    ၁၉၈၅-ခုနှစ်၊ ဧပြီလ (၅)ရက်နေ့တွင် ကျယ်ပြန့်သော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အမြန်ဆုံး ပေါ်ပေါက်လာရေး အတွက် ကော်မရှင်တစ်ရပ်ကို  ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့သည်။
(စ)    ကော်မရှင်၏ လှုပ်ရှားဆောင်ရွက်မှု အရ ၁၉၈၅-ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို အများသဘောတူ ရွေးချယ်ဖွဲ့စည်း နိုင်ခဲ့သည်။
(ဆ)    ၁၉၈၈-ခုနှစ်တွင် နာယက (၁၀) ဦးနှင့် အမှုဆောင် (၂၅) ဦးတို့ကို အသစ်ရွေးချယ် ဖွဲ့စည်း၍ တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အား တာဝန်ပေးအပ်ခဲ့သည်။

(၂)    ဆီဆိုင်မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့


၁၉၇၃-ခုနှစ်တွင် ဆီဆိုင်မြို့နယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို  စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၄-ခုနှစ်၊ မတ်လ (၁) ရက်နေ့မှာ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။

(၃)    လွိုင်ကော်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၇၄-ခုနှစ်၊ ဇန်န၀ါရီလ (၁၃)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

(၄)    ပင်လုံမြို့ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၇၅-ခုနှစ်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့မှ ဖွဲ့စည်းခွင့် အမှတ် ရရှိထားသောအဖွဲ့ဖြစ်သည်။
    ၁၉၇၇၊ ၁၉၇၉၊ ၁၉၈၂နှင့် ၁၉၉၄-ခုနှစ်များအတွင်း အဆင့်ဆင့် တိုးမြှင့်ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့သည်။

(၅)    ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၇၆-ခုနှစ်တွင် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် စည်းရုံးလှုပ်ရှားခဲ့သည်။ ၁၉၉၃-ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကလောမြို့နယ်၊ အောင်ပန်းမြို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ကို  ဖွဲ့စည်းနိုင်ခဲ့သည်။

(၆)    ရပ်စောက်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၉၃-ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ပင်ဖြစ်ကျေးရွာ၌ ရပ်စောက်မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင် ဖွဲ့စည်းနိုင်ခဲ့သည်။

(၇)    ဟိုပုံးမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


 ၁၉၉၄-ခုနှစ်တွင် ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲကို ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့သို့ အသင်းအဖွဲ့ မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ထားလျက်ရှိသည်။

(၈)    ညောင်ရွှေမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၉၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

(၉)    ဇရပ်ကြီးဒေသပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့

၁၉၇၅-ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်နေ့တွင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသ     ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို  ဖွဲ့စည်းနိုင်ခဲ့သည်။

(၁၀)    ဖားအံမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၉၃-ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့ ရက်စွဲဖြင့် ပြည်ထဲရေး ၀န်ကြီးဌာန အသင်းအဖွဲ့များ  ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့မှ  ဖွဲ့စည်းခွင့်အမှတ်(၁၀၇၄) ဖြင့်၊ ၁၉၉၄-ခုနှစ်၊ မေလ (၉)ရက် နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို  ဖွဲ့စည်းခဲ့သည်။

(၁၁)    ရွာငံမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့


၁၉၉၅-ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် စတင်စည်းရုံး လှုပ်ရှား၍ သြဂုတ်လ (၁) ရက်နေ့တွင် ရွာငံမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီ


၁၉၈၄-ခုနှစ်ကတည်းကပင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မှတ်ပုံတင်ရရှိရေးအတွက် တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တောင်ကြီးမြို့နယ်၊ ပြည်သူ့ကောင်စီသို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ လျှောက်ထားခဲ့သည်။
တောင်ကြီးမြို့နယ် ပြည်သူ့ကောင်စီမှ ၁၉၈၄-ခုနှစ်၊ မေလ (၄)ရက်နေ့တွင် ရှမ်းပြည်နယ် ပြည်သူ့ကောင်စီသို့ ဆက်လက်ထောက်ခံ ပေးပို့ခဲ့သည်။ သို့သော် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တောင်ကြီးမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို ရရှိနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
၁၉၈၈-ခုနှစ်မှာ အပြောင်းအလဲများကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရမှ နိုင်ငံတော်အား တာဝန်ယူ ဆောင်ရွက်လာခဲ့သည်။
၁၉၉၁-ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)တို့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူခဲ့ကြသည်။ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတို့ကို ကူညီဆောင်ရွက်ပေးပါရန် နိုင်ငံတော်အား တင်ပြခဲ့သည်။ နိုင်ငံတော် အစိုးရမှလည်း အထူးဒေသ (၆) အဖြစ် သတ်မှတ်၍ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများထဲတွင်လည်း ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီအား အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မှတ်ပုံတင်ရရှိရေး အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးပါရန် ပါရှိခဲ့သည်။
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီကို အမြန်ဆုံး ဖွဲ့စည်း၍ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မှတ်ပုံတင် ရရှိရေးအတွက် နိုင်ငံတော်အား တင်ပြလျှောက်ထားရန် ၁၉၉၁-ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့  ရက်စွဲပါ စာအမှတ် (၁၀၉/၂) စီမံဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တောင်ကြီးမြို့သို့ လိပ်မူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အကြောင်းကြားစာ ပေးပို့ခဲ့သည်။
၁၉၉၃-ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီကို နာယက (၅)ဦး၊ အလုပ်အမှုဆောင် အဖွဲ့ (၂၇) ဦးတို့ဖြင့် မှတ်ပုံတင် ရရှိရေးအတွက် ဖွဲ့စည်းခဲ့သည်။
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဥက္ကဋ္ဌ၊ မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တောင်ကြီးမြို့ သို့လိပ်မူပြီး လိုအပ်သော အချက်အလက်များ အပြည့်အစုံဖြင့် ၁၉၉၃-ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ ရက်စွဲပါ စာအမှတ် ပအစယ(ဗဟို) စီမံ (၉၃) ဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့သည်။
၁၉၉၃-ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေး (၁၀/၉၃) မှာ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၃၉) ဖြင့် ဥက္ကဋ္ဌ၊ မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ခရိုင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ ဆက်လက် ထောက်ခံ တင်ပြခဲ့သည်။ ၁၉၉၄-ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်နေ့စွဲပါ စာအမှတ် ၀၀၀၁/၁-၉/ခ/စ/တ (တက) ၆၆ ဖြင့် တောင်ကြီးခရိုင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သို့ ဆက်လက် ထောက်ခံ တင်ပြခဲ့သည်။
အတွင်းရေးမှူး၊ ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အတွင်းရေးမှူး၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန (၀န်ကြီးများရုံး) ရန်ကုန်သို့ လိပ်မူပြီး ၁၉၉၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်စွဲပါ စာအမှတ် ၁၆၄၈/၁-၁၅/ပ/၀/တ (ရှမ်း) ဖြင့် ဆက်လက်ထောက်ခံ ပေးပို့ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ရုံးမှ ၁၉၉၆-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့စွဲပါ စာအမှတ်၂၉/၅ပ/ထ(ပ) ဖြင့် ဥက္ကဋ္ဌ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီ၊ အမှတ် (၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့သို့ လိပ်မူပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခွင့်ပြုရန် ၁၉၉၆-ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၉၆ ဖြင့် ဆုံးဖြတ်ခဲ့သည်။
တဖန် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ  ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးရုံးမှ ၁၉၉၆-ခုနှစ်၊ မတ်လ (၂၂)ရက်စွဲပါ စာအမှတ်၂၉/၈/အ/ထ(၄) ဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီ အမှတ် (၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ကွက်၊ တောင်ကြီးမြို့သို့ လိပ်မူပြီး ဖွဲ့စည်းခွင့် လက်မှတ် အမှတ် (၁၇၉၅) ကို ပေးပို့ပါကြောင်း အကြောင်းကြား လာခဲ့ပါသည်။
တရားဝင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ရလာသော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီ သည် ၁၉၉၇-ခုနှစ်၊ သြဂုတ်လ (၁)၊ (၂) ရက်နေ့များတွင် တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စု၊ ဖါမွန်းဘုန်းတော်ကြီးကျောင်း၌ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ စုံညီစွာ တက်ရောက်သော ညီလာခံကို ကျင်းပပြုလုပ်၍ ရှေ့လုပ်ငန်းစဉ် (၂၁) ရပ်ကို ချမှတ်ပြီး စာပေနှင့် ယဉ်ကျေးမှု မဖွဲ့စည်းရသေးသော မြို့နယ်များ၌ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းခြင်း၊ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်း စသော စာပေနှင့် ယဉ်ကျေးမှု လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါ သတည်း။

                                                    ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဗဟို)

ကိုးကား ။  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပြုစု ထုတ်ဝေသော (၁၅) နှစ်ပြည့် ငြိမ်းချမ်းရေး                   အထိမ်းအမှတ် “ပြည်ထောင်စုထဲက  ပအိုဝ်း” စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြသည်။
Powered by Blogger.